Monday, August 27, 2007

တဒင်္ဂစံစားမှုကို မစုံမက်ရန် အစိုးရလက်ကိုင်တုတ်များအား
၈၈ မျိုးဆက်ကျောင်းသူများက သတိပေး

NEJ / ၂၇ သြဂုတ် ၂၀၀၇


ကိုယ့်မြန်မာအမျိုးသမီးများ၏ အရှက်နှင့်သိက္ခာကို နှမသားချင်းစာနာကာ ကူညီကာကွယ်ပေးကြရန် ကြံ့ခိုင်ဖွံ့ဖြိုးရေးအဖွဲ့ဝင်များနှင့် စွမ်းအားရှင်အဖွဲ့ဝင်များအား (၈၈) မျိုးဆက်ကျောင်းသူများက ပြောကြားလိုက်သည်။
လောင်စာဆီ၊ ကုန်ဈေးနှုန်းကြီးမြင့်မှုနှင့်ပတ်သက်၍ ပြည်သူများ၏ဆန္ဒဖော်ထုတ်ပွဲတွင် ပါဝင်သည့်
အမျိုးသမီးများကို အဆိုပါအဖွဲ့ဝင်များက မတရားရိုက်နှက် ချုပ်နှောင်ဖမ်းဆီး ခေါ်ဆောင်မှုများ ပြုလုပ်နေသည့်အပေါ် ယင်းသို့ထုတ်ဖော်ပြောဆိုခြင်းဖြစ်သည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဝင်များ၊ ၈၈ မျိုးဆက်ကျောင်းသူများအပါအ၀င် အခြားပြည်သူများထဲမှ အမျိုးသမီးများပါ အဖမ်းခံနေရပြီး နေအိမ်များမှာလည်း ညဘက်ပိုင်းတွင် ပိုက်စိပ်တိုက်မွှေနှောက်
ရှာဖွေဖမ်းဆီးမှုများ အဆက်မပြတ်လုပ်နေကြောင်း ၈၈ မျိုးဆက်ကျောင်းသူတဦးဖြစ်သည့် မမီးမီးက ပြောသည်။

“၈၈ မျိုးဆက်ကျောင်းသူတွေဖြစ်တဲ့ မစန္ဒာမင်းနဲ့ မနိုဘယ်အေးတို့ကို နေအိမ်မှာလာပြီးတော့ ဖမ်းဆီး သွားတယ်။ ပြီးတော့ အင်းစိန်ထောင်ကို ခေါ်သွားတယ်။ အဲလိုပဲ မခင်ထားရီရဲ့အိမ်ကိုလည်း စနေနေ့ ညက လာပြီးတော့ ရှာဖွေသွားတယ်။ မခင်ထားရီကတော့ တိမ်းရှောင်နေတဲ့အတွက် လွတ်မြောက် သွားခဲ့တယ်၊ အခုဆို အမျိုးသမီးတွေမှာ ကိုယ့်အိမ်ကို မအိပ်နိုင်ဘဲနဲ့ ထွက်ပြေးတိမ်းရှောင်နေရတယ်” ဟု ၎င်းက ပြောသည်။
ထိုသို့ထွက်ပြေးတိမ်းရှောင်နေသူများထဲတွင် ငယ်ရွယ်သည့်ကျောင်းသူများ၊ အပျိုအရွယ်မိန်းကလေး များ၊ ကလေးငယ်နှင့်ခွဲကာ တိမ်းရှောင်နေရသည့်မိခင်များပါ ပါဝင်ကြောင်းသိရသည်။

အမျိုးသမီးများကို ကြံ့ဖွံ့နှင့် စွမ်းအားရှင်အဖွဲ့မှ လူများက မတရားဖမ်းဆီးခေါ်ဆောင်မှုများ၊ ချုပ်နှောင် မှုများကို ရက်ဆက်ဆိုသလိုလုပ်လာပြီး ပိုမိုဆိုးဝါးလာသည်ကို တွေ့မြင်ရကြောင်းလည်း ၈၈ မျိုးဆက် ကျောင်းသူ မနီလာသိန်းက ပြောသည်။
၎င်းက “အခုဆို ကျမတို့ ၈၈ ကျောင်းသူတဦးဖြစ်တဲ့ မစန္ဒာမင်းရဲ့နေအိမ်ကို ၀င်ရောက်ရှာဖွေရာမှာ မတရား လူအင်အားအများကြီးသုံးပြီးတော့ ၀င်ရောက်ရှာဖွေတယ်။ ပြီးတော့ ခေါ်ဆောင်သွားတယ်။ အဲလိုခေါ်ဆောင်မှုတွေမှာ ဥပဒေမဲ့ ရမ်းကားဆောင်ရွက်မှုတွေ တနေ့ထက်တနေ့ ပိုမိုဆိုးရွားလာတာ ကိုလည်း တွေ့ရတယ်” ဟု ပြောသည်။

ကိုယ့်နိုင်ငံရဲ့အရေးကို ငြိမ်းငြိမ်းချမ်းချမ်းနဲ့လုပ်ဆောင်နေတာ ကိုယ့်မှာအပြစ်မရှိဘူးလို့ယူဆလို့ ကျမတို့အဖမ်းမခံတာပါ၊ ကျမတို့လုပ်သင့်လုပ်ထိုက်တာတွေကို ဆက်လက်ဆောင်ရွက်သွားမှာ ဖြစ်တယ်။
မည်သည့်နိုင်ငံသားတိုင်းမဆို မိမိတို့၏ ကိုယ်ပိုင်ရပိုင်ခွင့် အခွင့်အရေးကို ရပိုင်နိုင်စွမ်းရှိသည့်အတွက် မြန်မာအမျိုးသမီးများအနေဖြင့်လည်း ရပိုင်ခွင့်အခွင့်အရေးကို ကိုယ်ပိုင်ရယူကာ ကိုယ့်ဆန္ဒအမှန်ကို ဖော်ထုတ်ပြသသွားမည်ဖြစ်ကြောင်း ၈၈ မျိုးဆက်ကျောင်းသူများက ပြောသည်။

“ကိုယ့်ရဲ့ဒုက္ခကို အခုလိုအများသိအောင် ကိုယ့်ရဲ့ဆန္ဒကိုဖော်ထုတ်ပြနေတာကို လက်ရှိအစိုးရအနေ
နဲ့က လူသားချင်းစာနာမှုနဲ့ နားလည်ခံစားပေးစေချင်ပါတယ်။ နောက်ပြီး အခုတိုင်းပြည်မှာ အစိုးရက လက်ကိုင်တုတ်အဖြစ် အသုံးချနေတဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေးအဖွဲ့ဝင်တွေ စွမ်းအားရှင်တွေကလည်း မိမိရဲ့ ခဏတာစံစားမှုကို မစုံမက်ဘဲနဲ့ မြန်မာပြည်သူပြည်သားတွေ အားလုံးရဲ့ဘ၀တွေနဲ့ မလဲကြပါနဲ့လို့ သူတို့ကို ပြောကြားချင်ပါတယ်” ဟု မမီးမီးက ပြောသည်။
မြန်မာနိုင်ငံတွင် ယခုဖြစ်ပေါ်နေသည့် လောင်စာဆီနှင့်ကုန်ဈေးနှုန်းမြင့်တက်မှု အကျပ်အတည်း အခက်အခဲများကို ဖြေရှင်းပေးရန် ငြိမ်းချမ်းစွာတောင်းဆိုနေသည့်သူများအား နှိပ်ကွပ်ဖမ်းဆီးရန် စစ်အစိုးရအာဏာပိုင်များက ငွေပေးခိုင်းစေနေသည်ဟုလည်း မနီလာသိန်းက ပြောသည်။

“အာဏာပိုင်တွေဘက်ကနေ (၂,၀၀၀) ပေး၊ (၅,၀၀၀) ပေးနဲ့ငှားရမ်းပြီး လုပ်ခိုင်းနေတဲ့သူတွေကို သူတို့ အဲဒီလိုရလိုက်လို့ သူတို့ရဲ့စားဝတ်နေရေးတွေ ပြေလည်သွားသလား၊ သူတို့ရဲ့အခက်အခဲ အကျပ်အတည်းတွေ ပြေလည်သွားသလားလို့ ကျမမေးချင်ပါတယ်။ ကျမတို့အမျိုးသမီးတွေက ကျမတို့ရဲ့အသက်တွေ ဘ၀တွေကို စတေးပြီးတော့ မြန်မာလူထုရဲ့အရှေ့ကနေပြီးတော့ မားမား မတ်မတ်ရပ်တည်ပေးနေတယ်။ အဲဒီအပေါ်မှာ ကျမတို့နဲ့ပူးပေါင်းပါဝင်လက်တွဲပါလို့ ဖိတ်ခေါ်ချင် ပါတယ်” ဟု ၎င်းက ပြောသည်။

၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင်များအား ဖမ်းဆီးထားသော်လည်း ကိုယ့်နိုင်ငံ၏အရေးကို ငြိမ်းငြိမ်းချမ်းချမ်းနှင့် လုပ်ဆောင်နေခြင်းဖြစ်သောကြောင့် မိမိတို့တွင် အပြစ်မရှိဟုယူဆကြောင်း၊ ဆက်လက်ပြီးလှုပ်ရှားဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၈၈ မျိုးဆက်ကျောင်းသူများက ပြောသည်။

(ဘလော့ဂါမှတ်ချက် - ဒီသတင်းကို http://www.khitpyaing.org/news/august_2007/27-8-07c.php ကနေ ယူတယ်။)


No comments: