Tuesday, August 14, 2007

ex sport star gets 14 yrs imprisonment

ဂိုးသမား အောင်ကျော်ကျော် အဂတိလိုက်စားမှုဖြင့် ထောင် ၁၄ နှစ်ကျ
ကိုသက် | ဧရာဝတီ/သြဂုတ် ၁၄၊ ၂၀၀၇

မြန်မာ့လက်ရွေးစင် ဘောလုံးအသင်းမှ ဂိုးသမားဟောင်းနှင့် အကောက်ခွန်အသင်း၏ ဂိုးသမား အောင်ကျော်ကျော်အား အဂတိလိုက်စားမှုဖြင့် လွန်ခဲ့သောအပတ်က ထောင်ဒဏ် ၁၄ နှစ် ချမှတ်လိုက်သည်ဟု အကောက်ခွန်ဌာနနှင့် နီးစပ်သူ တဦးက ဧရာဝတီကို ပြောဆိုသည်။


“အစက အောင်ကျော်ကျော်နဲ့ တင်မြင့်အောင်တို့က ရှောင်ပြေးနေတာ။ နောက်တော့ နိုင်ငံဂုဏ်ဆောင်တဲ့ အားကစား သမားတွေကို လွှတ်ပေးမယ်၊ အထူးအခွင့်အရေး ပေးမယ်ဆိုပြီး သတင်းတွေထွက်နေပြီး အိမ်မှာပြန်နေမှ ဖမ်းလိုက်တာ”ဟု အကောက်ခွန်ဌာနနှင့် နီးစပ်သူက ပြောသည်။

အကောက်ခွန်ဝန်ထမ်း ၆၀ ကျော်ကို အဂတိလိုက်စားမှုဖြင့် အသုတ် ၃ သုတ်ခွဲ၍ အမိန့်ချခဲ့ခြင်းဖြစ်ပြီး အနည်းဆုံး ထောင်ဒဏ် ၇ နှစ်မှ အများဆုံး ၆၆ နှစ်အထိ ချမှတ်ခဲ့သည်။ အကောက်ခွန်ဌာန၏ ညွှန်ချုပ် ဗိုလ်မှူးကြီး ခင်မောင်လင်းအား လွန်ခဲ့သည့် နှစ်ကုန်ပိုင်းကတည်းက ထောင်ဒဏ် ၆၆ နှစ် ချခဲ့ခြင်း ဖြစ်သည်။

အကောက်ခွန် ဘောလုံးအသင်းမှ နေလင်း၊ တင်မြင့်အောင်၊ စောဘမြင့်နှင့် အေးနိုင်တို့လည်း လာဘ်စားမှုဖြင့် လွန်ခဲ့သည့် လအတွင်းက ထောင်ဒဏ် ၂၁ နှစ်စီကျကြောင်း၊ တချိန်က မြန်မာ့လက်ရွေးစင် ဘောလုံးသမားကြီးများဖြစ်ခဲ့ပြီး အကောက်ခွန်ဝန်ထမ်းများလည်းဖြစ်သည့် ဦးမြင့်ကြူးနှင့် ဦးမောင်မောင် တို့လည်း ထောင်ဒဏ် ၁၄ နှစ်စီကျကြောင်း သိရသည်။

အကောက်ခွန်ဌာနမှ လာဘ်စားမှုဖြင့် ထောင်ကျနေသူအားလုံးကို ရန်ကုန်မြို့ရှိ အင်းစိန်ထောင်တွင် ထားသည်ဟုလည်း အကောက်ခွန်ဌာနနှင့် နီးစပ်သူက ပြောသည်။

လွန်ခဲ့သည့် နှစ်ကုန်ပိုင်းက အကောက်ခွန်ဝန်ထမ်းများကို စတင်ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး ကျပ်ငွေ သိန်းငါးဆယ်ထက်ကျော် လွန်၍ လာဘ်စားထားသူများကို ထောင်ချခဲ့ခြင်း ဖြစ်သည်။

အကောက်ခွန်ဌာန၏ လစ်လပ်သွားသော တာဝန်များအတွက် ဗိုလ်နှင့် ဗိုလ်ကြီးအဆင့်ရှိ စစ်ဘက်အရာရှိများနှင့် အစားထိုးခန့်အပ်ထားကြောင်းလည်း စုံစမ်းသိရှိရသည်။


(ဘလော့ဂါမှတ်ချက် - ဒီသတင်းကို http://www.irrawaddy.org/bur/news2007/August/aug_14_07.html ကနေ ယူတယ်။)



No comments: