Friday, August 24, 2007

the condition outside Rgn ( voa burmese service)

လူစုလူဝေး မလုပ်ဖို့ နယ်မြို့က ဒီမိုကရေစီလှုပ်ရှားသူတွေကို အာဏာပိုင်များ အကြပ်ကိုင်
ဦးသားညွန့်ဦး။ ဗွီအိုအေ။ ၂၄ သြဂုတ် ၂၀၀၇

ရန်ကုန်မြို့မှာ ဆန္ဒပြပွဲတွေ ဆက်လက် ဖြစ်ပွားနေသလို အခြား နယ်မြို့တွေမှာရော ဘယ်လို အခြေအနေ
တွေ ရှိပါလဲ၊ ဦးသားညွန့်ဦးက အစီရင်ခံထားပါတယ်။


ဒီကနေ့ ပုသိမ်မြို့မှာ တစ်ကိုယ်တော် ဆန္ဒပြတဲ့အဖြစ်ကလွဲပြီးတော့ ရန်ကုန်အပြင် နယ်တွေမှာ ဒီကနေ့
ဆန္ဒပြလှုပ်ရှားမှုတွေ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်တာမတွေ့ရပါဘူး၊ ဒါပေမယ့် နယ်အတော်များများမှာတော့ အာဏာ
ပိုင်တွေဖက်က လုံခြုံရေး တပ်လှန့်မှုတွေနဲ့အတူ အတိုက်အခံ ဒီမိုကရေစီလှုပ်ရှားသူတွေကို ခြိမ်းခြောက် အကြပ်ကိုင်
တာမျိုးတွေတော့ ရှိနေပါတယ်။

မကွေးတိုင်းမှာဆိုရင်တော့  မကွေးတိုင်းအဖွဲ့ချုပ် ဒုတိယ ဥက္ကဋ္ဌလည်းဖြစ်၊ မကွေး
မြို့နယ် ဥက္ကဋ္ဌလည်းဖြစ်တဲ့ ဦးအောင်စိုးကို မကွေး မယက က ခေါ်ပြီးတော့ လူစုလူဝေး မလုပ်ဖို့ လက်မှတ်ထိုးခိုင်း
ခဲ့တယ်လို့ သိရပါတယ်။ ဒါနဲ့ပတ်သက်ပြီးတော့ မကွေးတိုင်းအဖွဲ့ချုပ် မြို့နယ်စည်း ကိုမြင့်ဦးက အခုလို ရှင်းပြပါတယ်၊

“သူတို့က ပြောတာက။ ဒီ တိုင်း တယက ကြီးရဲ့ ညွန်ကြားချက်ပေါ့။ အဲဒီ ညွန်ကြားချက်နဲ့ ခ၀တ
ရဲ့ အမိန့်အမှတ်နဲ့ ဒီ မ၀တ ကနေပြီးတော့ ဒါကို ပြောရတာပါဆိုပြီးတော့ သူတို့ ပြောတယ်၊ အခု
သူတို့ကလည်း ဖတ်ပြတယ်။ အဲဒီဟာကို၊ ဒီ ၂၃ ရက် ၂ လ ၁၉၉၀ ခု နေ့က အမိန့်အမှတ် ၃-၉၀ အရ
ပေါ့နော်၊ လမ်းပေါ်မှာ လူ ၅ ယောက်ထက် ကျော်လွန်ပြီးတော့ ခွင့်ပြုချက်မရဘဲနဲ့ စီတန်း လမ်းလျှောက်ခွင့်
မပြုဘူး။ အဲဒီ မပြုတာကို လိုက်နာမယ်ဖြစ်တဲ့အကြောင်း လက်မှတ်ထိုးခိုင်းတယ်။ ဒါပေမယ့် ကျနော်တို့
ဥက္ကဋ္ဌ ဦးအောင်စိုးက - သူ လက်မှတ် မထိုးနိုင်ဘူးဆိုပြီးတော့
မထိုးခဲ့ပါဘူး၊”

အာဏာပိုင်ဖက်က သူတို့ပြောနေတဲ့ ၄ ယောက်ထက် ပိုမစုရဘူးဆိုတာက ဒီ အမျိုးသားဒီမိုကရေစီ
အဖွဲ့ချုပ်ဝင်တွေကို ပြောတာလား။ တခြား အားလုံးနဲ့ အကျုံးဝင်တာလား၊ -

“ဒီနေ့ ခေါ်ထားတာဆိုရင် ကျနော်တို့ သိသလောက်က တစည ဖက်ကလည်း တစ်ယောက်
ခေါ်ထားတယ်၊ ကျနော်တို့ဖက်ကလည်း တစ်ယောက် ခေါ်ထားပြီးတော့ နှစ်ယောက်ကို ပြောတဲ့သဘောပါ၊
ကျနော်တို့ နားလည်တာကတော့ ဒီလို အမိန့်မျိုးဟာ စစ်အုပ်ချုပ်ရေးကာလမှာ လုပ်ခဲ့တဲ့အမိန့်မျိုးပဲ၊
အခုဟာက ကျနော်တို့ နားလည်တာက စစ်အုပ်ချုပ်တဲ့အစိုးရဖြစ်ပေမယ့်လို့ စစ်အုပ်ချုပ်ရေးအမိန့် ဆိုတာမျိုး ထုတ်ထားတာမျိုး မဟုတ်ဘူး။ နှစ်ပေါင်းကလည်း ကြာလာခဲ့ပြီကိုး၊ ဒါပေမယ့် သူတို့က လိုရင်လိုသလို
သုံးတာပဲဗျ၊”

ရန်ကုန်အပြင် နယ်ဖက်တွေမှာတော့ ကြက်ခြေနီနဲ့ မီးသတ်တပ်ဖွဲ့တွေကို လံခြုံရေးအတွက် ခေါ်ယူပြီးတော့
အသုံးပြုနေတာကလွဲပြီးတော့ ရန်ကုန်မှာလိုမျိုး စွမ်းအားရှင်အဖွဲ့တွေ လှုပ်ရှားတာတော့ မတွေ့ရပါဘူး၊ ဒီ နယ်မြို့တွေက ရန်ကုန်လိုမဟုတ်ဘဲ ကျဉ်းမြောင်ပြီးတော့ တစ်ဦးနဲ့တစ်ဦးလည်း သိလွယ်တာကြောင့်မိုလို့ ရန်ကုန်မှာလိုမျိုး
စွမ်းအားရှင်အဖွဲ့တွေ သုံပြီးတော့ လှုပ်ရှားမှုကို နှိမ်နှင်းခိုင်းမယ့် အရိပ်အယောင်လည်း ရှိမနေပါဘူး။
ဒါကြောင့်လည်း
ရေနံချောင်းမှာ မနေ့က လမ်းလျှောက်ဆန္ဒပြတော့ အနှောက်အယှက် ဘာမှမရှိဘဲနဲ့ အောင်အောင်မြင်မြင် ပြီးခဲ့
တယ်လို့ ဆိုရမှာပါ၊


(ဘလော့ဂါမှတ်ချက် - ဒီသတင်းကို http://www.voanews.com/burmese/burma_news_in_burmese.cfm ကနေ ယူတယ်။)


No comments: