ကိုသက် | ဧရာဝတီ သြဂုတ်၁၇၊ ၂၀၀၇
မကြားသေးမီကဖွဲ့စည်းထားသည့် အဲပုဂံဘောလုံးအသင်းက ရန်ကုန်တက္ကသိုလ်ဝင်းအတွင်းရှိ ဘောလုံးကွင်း တကွင်းကို ငှားရမ်းထားသည်ဟု ဘောလုံးအသိုင်းအ၀န်းနှင့် နီးစပ်သူတဦးက ပြောသည်။
အဲပုဂံဘောလုံးအသင်းက ငှားသည့်ကွင်းအား ယခုအခါ ပြန်လည်ပြုပြင်နေသည်ဟုလည်း ၎င်းကပြောသည်။
“အရင်ကတော့ ဆက်သွယ်ရေးနဲ့ ကြေးနန်းအသင်း လေ့ကျင့်တဲ့ကွင်း။ အဲဒီကွင်းကို အခုအုတ်တံတိုင်းခတ် မြေတွေဖို့ပြီး အကြီးအကျယ်ပြင်နေတယ်။ သူတို့ပြင်လိုက်ရင်တော့ အကောင်းဆုံးဖြစ်သွားမှာပေါ့ဗျာ”ဟု အဆိုပါ ဘောလုံးအသိုင်းအ၀န်း နှင့် နီးစပ်သူက ပြောသည်။
အဲပုဂံဘောလုံးအသင်းသည် ဗိုလ်ချုပ်မှူးကြီးသန်းရွှေနှင့်နီးစပ်ပြီး မကြာသေးမီက နိုင်ငံခြားသင်္ဘောလိုင်း တည်ထောင်သူ မြန်မာနိုင်ငံ၏ ထိပ်တန်းစီးပွားရေးလုပ်ငန်းရှင် ဦးတေဇ တည်ထောင်သည့် ဘောလုံးအသင်းလည်း ဖြစ်သည်။
အဲပုဂံဘောလုံးအသင်းသည် လောလောဆယ်တွင် ရန်ကုန်မြို့ လှိုင်မြို့နယ်ဘောလုံးကွင်းတွင် လေ့ကျင့်လျက် ရှိသည်။ အဲပုဂံဘောလုံးအသင်းအတွက် ဘောလုံးသမားအချို့ကို ငှာရမ်းထားပြီး ၎င်းတို့တွင် မျိုးလှိုင်ဝင်း၊ မောင်မောင်ကြီး၊ မောင်မောင်မြင့်နှင့် ထွန်းနန္ဒာဦး တို့ပါဝင်သည်ဟု ၎င်းအသင်းနှင့် နီးစပ်သူတဦးက ဧရာဝတီကိုပြောသည်။
၎င်းဘောလုံးအသင်းတွင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏မြေး နေရွှေသွေးအောင် ခေါ် ဖိုးလပြည့်လည်း မင်းခိုင်ခန့်ဟူသည့် နာမည်ဖြင့် ပါဝင်မည်ဟု သိရသည်။
၎င်းအသင်းအတွက် မြန်မာ့လက်ရွေးစင် ဘောလုံးသမားဟောင်း မျိုးလှိုင်ဝင်းအား နည်းပြ၊ အသင်းခေါင်းဆောင် အဖြစ် ဘောလုံးတရာသီအတွက် ကျပ်သိန်းနှစ်ဆယ်ဖြင့် ငှားရမ်းထားကြောင်း အားကစားသတင်းထောက် တဦးက ပြောသည်။
မျိုးလှိုင်ဝင်းသည် ဖိုးလပြည့်အား ဘောလုံးသင်ပေးနေသည်မှာ ၃ နှစ်ခန့်ရှိပြီဖြစ်ပြီး အကောက်ခွန် ဘောလုံးအသင်းတွင် လည်း ကစားခဲ့သည်။ အကောက်ခွန်ဝန်ထမ်းများ လာဘ်စားမှုဖြင့် ဖမ်းဆီးချိန်က အဖမ်းခံရမည့်သူများစာရင်းတွင် ပါဝင်ခဲ့ သော်လည်း ဖိုးလပြည့်ကျေးဇူးကြောင့် အပြစ်မှလွတ်ရသည်ဟု ပြည်တွင်းစာနယ်ဇင်း သမားများက သုံးသပ်ပြောဆိုသည်။
အဲပုဂံအသင်းသည် စက်တင်ဘာလတွင်ပြုလုပ်မည့် ပထမတန်းဘောလုံးပွဲစဉ်များတွင် စတင်ကစားမည်ဖြစ်ပြီး မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်၏ ဥပဒေအရ အသစ်ဖွဲ့စည်းထားသည့် ဘောလုံးအသင်းသည် တတိယတန်း ပွဲစဉ်များတွင် စတင်ကစား ရမည်ဖြစ်သည်။
မြန်မာနိုင်ငံတွင် ပုဂ္ဂလိကပိုင် ဘောလုံးအသင်းများကို ၁၉၉၅ ခုနှစ်၌ စတင်တည်ထောင်ခွင့်ပြုခဲ့သည်။
(ဘလော့ဂါမှတ်ချက် - ဒီသတင်းကို http://www.irrawaddy.org/bur/news2007/August/aug_17_07.html ကနေ ယူတယ်။ )
No comments:
Post a Comment