Friday, August 24, 2007

strike diary by irrawaddy.org/bur ( Aug 24 )

လမ်းလျှောက်ဆန္ဒပြပွဲ ဒိုင်ယာရီ
ဧရာဝတီ သြဂုတ် ၂၄၊ ၂၀၀၇


မြို့တော်ခန်းမရှေ့-ရန်ကုန်မြို့
နေ့လယ် ၂ နာရီခန့်က မြို့တော်ခန်းမရှေ့တွင်
ဆန္ဒပြသမား ၁၀၀ ခန့် ဆန္ဒပြရန်စီစဉ်နေခိုက် ၂၀ ခန့်ကို ရဲ၊ ကြံ့ဖွံ့များက အကြမ်းဖက် ဖမ်းဆီးကြောင်း ဆန္ဒပြအုပ်စုတွင်ပါဝင်သည့် မမျိုးမျိုးက ဧရာဝတီကိုပြောသည်။
“ဘာမှတောင်သိပ်မလုပ်လိုက်ရဘူး၊ သူတို့ဘက်က (အာဏာပိုင်) လူတွေရောက်လာပြီး ၀ိုင်းထားလိုက်တာ။ အဖမ်းခံရသူ အများစုက အမျိုးသမီးတွေ” ဟု မမျိုးမျိုးကပြောသည်။
ဆန္ဒပြသမားများအား ဖမ်းဆီးခေါ်ဆောင်သွားသည့်ကားသည် မြို့တော်ခန်းမအတွင်းသို့ မောင်းဝင်သွားကြောင်းနှင့် အကြမ်းဖက်ဖမ်းဆီးသူများတွင် အမျိုးသမီးများလည်းပါသည်ဟု မမျိုးမျိုးကပြောသည်


ဒဂုံမြို့သစ်တောင်ပိုင်း-ရန်ကုန်မြို့
နံနက်ပိုင်းက ဒဂုံမြို့သစ်တောင်ပိုင်း၌ အန်အယ်လ်ဒီပါတီ လူငယ်အဖွဲ့ဝင်များဖြစ်ကြသည့် ကိုအောင်စောဦး၊ ကိုစောလွင်၊ ကိုသိန်းအောင်မြင့်နှင့် ကိုညွန့်ဝင်းတို့ လိုင်းကားဂိတ်တွင်ကားစောင့်နေစဉ် ဒေသအာဏာပိုင်တို့က အကြောင်းပြချက် တစုံတရာမပေးဘဲ ဖမ်းဆီးလိုက်သည်ဟု အန်အယ်လ်ဒီ ပြောရေးဆိုခွင့်ရှိသူ ဦးမြင့်သိန်းက ဧရာဝတီကိုပြောသည်။
အဖမ်းခံရသူ ၄ ဦးကို မည့်သည့်နေရာ၌ ချုပ်နှောင်ထားသည်ကို စုံစမ်း၍မရသေးပေ။

ပုသိမ်-ဧရာဝတီတိုင်း
နံနက် ၉ နာရီခန့်က ပုသိမ်မြို့ ကုန်သည်လမ်းတွင် တကိုယ်တော်ဆန္ဒပြပွဲပြုလုပ်ကြောင်း သိရသည်။ တကိုယ်တော်ဆန္ဒပြသူ ဦးအေးဝင်းက “ဓာတ်ဆီဈေးအတက် ပြည်သူအခက်” ဟူသည့်စာတန်းကို လည်တွင်စွဲထားပြီး ၁၀ မိနစ်ကြာသည်အထိ ဆန္ဒပြပြီးချိန်၌ အာဏာပိုင်တို့က ဖမ်းဆီးသွားသည်ဟု စုံစမ်းသိရှိရသည်။

တာမွေပလာဇာ-ရန်ကုန်မြို့
လောင်စာဆီနှင့် ကုန်ဈေးနှုန်းကျဆင်းရေး လမ်းလျှောက်ဆန္ဒပြပွဲအားအကြမ်းဖက်နှိမ်နင်းရန် ကြံ့ဖွံ့နှင့် စွမ်းအားရှင် ၁၀၀ ခန့် ဒိုင်နာကား ၅ စီးဖြင့် တာမွေပလာဇာသို့ ရောက်နေကြောင်း သိရသည်။
နေ့လယ်တနာရီတွင် ၈၈ မျိုးဆက်ကျောင်းသားအဖွဲ့နှင့် အန်အယ်လ်ဒီပါတီဝင်များဦးဆောင်၍ လူထုလူတန်းစား အသီးသီးနှင့်အတူ တာမွေပလာဇာတွင် ဆန္ဒပြရန်စီစဉ်ထားသည်ဟု သတင်းများထွက်နေကြောင်း ရန်ကုန်မြို့ခံတဦးက ဧရာဝတီကို ပြောသည်။

ရေနံချောင်း-မကွေးတိုင်း
လူ ၂၀ ကျော်ပါသည့် လမ်းလျှောက်ဆန္ဒပြအဖွဲ့သည် မြို့နယ်မယကရုံးတွင် လောင်စာဆီဈေးနှင့် ယာဉ်စီးခနှုန်းထား ကြီးမြင့်မှု ပြဿနာကို မယက ဥက္ကဌနှင့် သွားရောက်တွေ့ဆုံဆွေးနွေးကာ ၎င်းရုံးမှနေ၍ တမိုင်အကွာခရီးကို တနာရီခန့် ကြာအောင် ငြိမ်းချမ်းစွာလမ်းလျှောက်ဆန္ဒပြကြသည်ဟု ဆန္ဒပြပွဲတွင်ပါဝင်သည့် ရေနံချောင်း အန်အယ်လ်ဒီ စည်းရုံးရေး အဖွဲ့ဝင် ဦးသန်းအောင်က ဧရာဝတီကိုပြောသည်။

ဦးသန်းအောင်က “မယက ဥက္ကဌက ဓာတ်ဆီဈေးနှုန်းတွေ တက်သွားပေမယ့် ကားခတွေကို ဆီဈေးမတက်ခင်ကအတိုင်း ပြန်ချပေးထားတယ်၊ နဂိုဈေးနှုန်းတွေအတိုင်း ဆက်သွားပါမယ်လို့ ရှင်းပြလိုက်တယ်။ ကျနော်တို့ဘက်က ပြန်ပြောတာက ဒါကို ရေနံချောင်းမြို့နယ် ဥက္ကဌက လိုက်လျောသလိုပဲ နအဖ ဥက္ကဌကြီး ကိုယ်တိုင်ကလည်း တပြည်လုံးအတွက် လိုက်လျောပေးဖို့ ထပ်ပြောခဲ့တယ်” ဟု ပြောဆိုသည်။

မယကရုံးအတွင်း၌ စစ်တပ်၊ ရဲနှင့် ကြံ့ဖွံ့အဖွဲ့ဝင်များ အသင့်ခေါ်ထားသော်လည်း အနှောင့်အယှက်မရှိကြောင်း၊ လမ်းလျှောက်ဆန္ဒပြပွဲတလျှောက်တွင် ဒေသခံပြည်သူများက အားပေးထောက်ခံကြောင်းလည်း ဦးသန်းအောင်က ပြောသည်။

ယမန်နေ့ညနေက ရေနံချောင်း အန်အယ်လ်ဒီပါတီမှ ဦးတင့်လွင်နှင့် ဒေါ်ခင်စောဌေးတို့အား နံနက်ပိုင်း လမ်းလျှောက် ဆန္ဒပြပွဲနှင့် ပတ်သက်၍ ခရိုင်ဖွံ့ဖြိုးရေးကောင်စီဥက္ကဌက မယကရုံးတွင်ခေါ်ယူတွေ့ဆုံကာ ၂/၈၈ ဥပဒေအရ လူငါးယောက်ထက် စုဝေးခွင့်မရှိဟုပြောကြောင်း ဦးတင့်လွင်က ပြောသည်။


No comments: