Monday, August 13, 2007

အဖွဲ့ (၁၇) ဖွဲ့ ငွေရရှိ၍ လုပ်ငန်းစနေပြီဖြစ်ကြောင်း
သရီးဒီဖန်း တာဝန်ရှိသူကပြော

NEJ / ၁၃ သြဂုတ် ၂၀၀၇

သရီးဒီဖန်းခေါ် ရောဂါကြီးသုံးမျိုး တိုက်ဖျက်ရေး ရန်ပုံငွေအဖွဲ့သည် ၎င်းတို့နှင့် ပူးပေါင်းဆောင် ရွက်နေသော အန်ဂျီအိုအဖွဲ့ (၂၆) ဖွဲ့စလုံးအတွက် လာမည့်စက်တင်ဘာအတွင်း ထောက်ပံ့ငွေ ထုတ်ပေးတော့မည်ဖြစ်သည်။

အဖွဲ့ (၁၇) ဖွဲ့ကို ပြီးခဲ့သည့် မေလကတည်းက ငွေထုတ်ပေးခဲ့ပြီး ကျန် (၉) ဖွဲ့ကို ဆက်လက် ပေးသွားမည်ဖြစ်ကြောင်း ရန်ကုန်မြို့ မီကာဆာဟိုတယ်၌ သြဂုတ် (၉) ရက်တွင် ပြုလုပ်သည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးတခုတွင် အဖွဲ့တာဝန်ရှိတဦးက ပြောကြားသည်။
သရီးဒီဖန်း၏ အလှူရှင်နိုင်ငံ နှစ်နိုင်ငံဖြစ်သည့် ဗြိတိန်၊ သြစတြေးလျအပါအ၀င် သရီးဒီဖန်းအဖွဲ့က ၎င်းတို့ရန်ပုံငွေ ထောက်ပံ့ထားသော ကုလသမဂ္ဂလက်အောက်ခံနှင့် နိုင်ငံတကာ အန်ဂျီအိုအဖွဲ့
(၂၆) ဖွဲ့တို့နှင့် တွေ့ဆုံရာတွင် ထိုသို့ ပြောခြင်းဖြစ်သည်။
သရီးဒီဖန်းအဖွဲ့သည် ယခုနှစ်အတွက် ၎င်းတို့နှင့် ပူးပေါင်းဆောင်ရွက်မည့် အဖွဲ့ (၂၆) ဖွဲ့ကို အမေရိ ကန်ဒေါ်လာ (၂၁) သန်းကျော် ထောက်ပံ့ပေးမည်ဟု ကတိပေးထားပြီး (၁၇) ဖွဲ့ကိုမူ ငွေထုတ်ပေးပြီး ဖြစ်ကြောင်း ပြောသည်။
သရီးဒီဖန်း၏ ရန်ပုံငွေကို အများဆုံးရရှိသော အဖွဲ့မှာ Consortium (SCF, CARE, MSI, MNA)
ဖြစ်ပြီး အိတ်ခ်ျအိုင်ဗီ/အေအိုင်ဒီအက်စ်အတွက် ဒေါ်လာ (၁.၈) သန်းကျော် ရရှိသည်။ ကျန်အဖွဲ့များ ထဲမှ IOM (HIV/AIDS, TB, Malaria), MSF(Holland)(HIV/AIDS), Population Services International (PSI)-(HIV/AIDS), WHO(Malaria), WHO(TB), WHO(HIV/AIDS) စသည့် အဖွဲ့များသည် ဒေါ်လာ (၁) သန်းကျော် ရရှိကြောင်း သိရသည်။
ရန်ပုံငွေ ရရှိထားပြီးဖြစ်သည့် အဖွဲ့အစည်းများအနေဖြင့် မြန်မာနိုင်ငံ၌ အဖြစ်အများဆုံး တီဘီ၊ ငှက်ဖျားနှင့် အိတ်ခ်ျအိုင်ဗီ/အေအိုင်ဒီအက်စ် ရောဂါတိုက်ဖျက်ရေးလုပ်ငန်းများတွင် အသုံးပြုနေ ကြပြီဖြစ်ကြောင်းလည်း သိရသည်။
နအဖစစ်အစိုးရက တရားဝင်ထုတ်ပြန်သည့် စာရင်းဇယားများအရ ကျန်းမာရေးဝန်ကြီးဌာနတခုလုံး အတွက် ၂၀၀၄ ခုနှစ် အသုံးစရိတ်သည်ပင် တနှစ်အတွက် ကျပ်သန်း (၂,၅၆၇) သာရှိပြီး အဆိုပါငွေ သည် အမေရိကန်ဒေါ်လာ (၂) သန်းခန့်နှင့်ညီမျှသည်။

ထို့ကြောင့် သရီးဒီဖန်းက ရောဂါကြီးသုံးမျိုးအတွက် တနှစ်စာ ထောက်ပံ့ငွေသည် မြန်မာစစ်အစိုးရ၏ ကျန်းမာရေးကဏ္ဍတခုလုံးအတွက် တနှစ်စာ အသုံးစရိတ်ထက်ပင် (၁၀) ဆခန့် ပိုများနေသည်ကို တွေ့မြင်နိုင်သည်။
အဆိုပါအစည်းအဝေးအပြီးတွင် သတင်းထောက်များက သရီးဒီဖန်းအနေဖြင့် မြန်မာနိုင်ငံ၌ အေအိုင်ဒီအက်စ်ရောဂါသည် မည်မျှကို ARV ဆေး (Antiretrovirus) များ တိုက်ကြွေးနိုင်ပြီလဲဟု မေးမြန်းရာခဲ့ရာ တာဝန်ရှိသူတဦးက ၎င်းတို့အဖွဲ့အနေဖြင့် မကြာခင် စာရင်းကောက်ယူမည် ဖြစ်ကြောင်း၊ ယခင် ဂလိုဘယ်ဖန်း ထောက်ပံ့စဉ်ကာလကထက်မူ ပိုများမည်ဖြစ်ကြောင်း ဖြေကြားသည်။
မြန်မာနိုင်ငံတွင် ARV ဆေး လိုအပ်သောဝေဒနာရှင်ပေါင်း (၆၆,၀၀၀) ခန့်ရှိသည်ဟု Fund For HIV/AIDS in Myanmar နှစ်ပတ်လည်အစီရင်ခံစာကို ကိုးကား၍လည်းကောင်း၊ HIV ပိုး ကူးစက် ခံစားရနိုင်သူနှင့် AIDS ဝေဒနာရှင်စုစုပေါင်း (၃၃၈,၉၁၁) ဦးရှိသည်ဟု ၂၀၀၄ စက်တင်ဘာတွင်ပြု လုပ်သော ကျန်းမာရေးဝန်ကြီးဌာန၊ UNAIDS နှင့် WHO တို့၏ အလုပ်ရုံဆွေးနွေးပွဲ ခန့်မှန်းတွက်ချက် မှုကို ကိုးကား၍လည်းကောင်း ၀ီကလီးအဲလဲဗင်းဂျာနယ်တွင် ဖော်ပြထားသည်။


(ဘလော့ဂါမှတ်ချက် - ဒီသတင်းကို http://www.khitpyaing.org/news/august_2007/13-8-07e.php ကနေ ယူတယ်။)



No comments: