Tuesday, August 14, 2007

lauguage school business is booming in Rgn & Mdy

ဘာသာစကား သင်တန်းများ ရန်ကုန်နှင့် မန်းတွင် ခေတ်စား
သြဂုတ် ၁၄။ ငှက်ခါး/ ဟစ်တိုင်

ရန်ကုန်နှင့် မန္တလေး မြို့ကြီးများတွင် အလုပ်အကိုင်၊ ပညာရေးနှင့် ဘ၀တက်လမ်းအတွက် အထောက်အပံ့တခု ဖြစ်သော နိုင်ငံခြား ဘာသာစကား သင်တန်းများ အထူး ခေတ်စားလျက် ရှိသည်။

ကျောင်းသားအများဆုံး သင်တန်းမှာ အင်္ဂလိပ်ဘာသာ သင်တန်းများ ဖြစ်သည်။ နိုင်ငံခြား သွားလိုသူများ၊ သင်္ဘောသားများအတွက် အထူးရက်တို သင်တန်းများပါ တက်ရောက်နိုင်သည်။ ဘုန်းတော်ကြီးကျောင်းများတွင် ဖွင့်လှစ်ပေးသော ဘာသာစကားမျိုးစုံ ပညာ ဒါန သင်တန်းများမှာ ရဟန်းတော်များက ဒကာဒကာမများ အကျိုးအတွက် ရည်ရွယ်၍ သာသနိက အဆောက်အအုံကို စာသင်ခန်းအဖြစ် အခမဲ့ သုံးစွဲခွင့် ပြုခြင်းကြောင့် ငွေကြေးများစွာ မရင်းနှီးနိုင်သူ လူကြီးလူငယ်များ စုပြုံတက်ရောက်လျက် ရှိပါသည်။

စင်ကာပူနှင့် တရုတ် ကုမ္ပဏီများ၊ ကိုရီးယား ကုမ္ပဏီများ မြန်မာနိုင်ငံနိုင်ငံတွင် လာရောက် အခြေစိုက်မှုကြောင့်လည်း တရုတ်နှင့် ကိုရီးယား ဘာသာစကား သင်တန်းများ ခေတ်ကောင်းလာပါသည်။ ကိုရီးယား ဘာသာစကား သင်တန်းများမှာ ရုပ်မြင်သံကြားမှ ပုံမှန် လွှင့်ပေးနေသော ကိုရီးယား ဇာတ်လမ်းတွဲများ မြန်မာလူငယ်များကြားတွင် ရေပန်းစားလာမှုနှင့် ကိုရီးယားသို့ အလုပ်လုပ်ရန် သွားရောက်လိုသော လူငယ်ယောက်ျားလေးများ များပြားလာမှုကြောင့် အဓိက ဖြစ်ပါသည်။ လှိုင်သာယာနှင့် ရွှေပြည်သာမှ ကိုရီးယား စက်ရုံများတွင် အလုပ်လုပ်ကိုင်သူ လူငယ်မိန်းကလေးများမှာမူ အလုပ်ရရန် ကိုရီးယားစကား တတ်ဖို့ မလိုအပ်ခြင်းနှင့် သင်တန်းကြေး မတတ်နိုင်ခြင်းတို့ကြောင့် စိတ်ဝင်စားမှု မရှိကြပါ။

`ကိုရီးယား စကားက သူ့သံရုံးကလဲ ပြိုင်ပွဲတွေ လုပ်ပြီး အရမ်းအားပေးနေတယ်။ ဆုရရင် ကိုရီးယားသွားလို့ ရတယ်´ဟု သိပ္ပံဘွဲ့ရ ကျောင်းသူတဦးက ပြောကြားသည်။

ဂျပန်စကားပြော သင်တန်းသည် အင်္ဂလိပ်သာသာ သင်တန်းများနောက်မှ ဒုတိယ စိတ်ဝင်စားခံရဆုံး ဘာသာစကား သင်တန်း များထဲမှ တခု ဖြစ်နိုင်ပါသည်။ ငွေကြေးတတ်နိုင်သူ မိဘများ၏ သားသမီးများစွာတို့မှာ ကျောင်းပြီးလျှင် ကျပ်သိန်းရာကျော် ရင်းနှီး၍ တိုကျိုမြို့သို့ သွားရောက်ပြီး ပန်းကန်ဆေး စသည့် အလုပ်ကြမ်းများ လုပ်ကိုင်ရန် စိတ်ဝင်စားကြပါသည်။ အချို့ လူငယ်များက ဂျပန်တက္ကသိုလ်များသို့ ကျောင်းဝင်ခွင့် ရစေမည့် ဂျပန်စာအဆင့်ကို ပုဂ္ဂလိက ကျောင်းများတွင် သင်တန်းတက် ဖြေဆိုရန် ကြိုးစားကြပါသည်။

ပညာရေး ခရီးဆက်လိုသူ လူငယ်များမှာ မိဘ ပံ့ပိုးနိုင်မှုပေါ် မူတည်၍ အမေရိကန်၊ သြစတြေးလျ၊ စင်ကာပူ၊ ထိုင်း နိုင်ငံများသို့ ပညာသင် သွားရောက်ရန် ကြိုးစားကြပါသည်။ ဂျီ-၅ ၀င် နိုင်ငံကြီး နှစ်ခုဖြစ်သော ပြင်သစ်နှင့် ဂျာမန် နိုင်ငံများ၏ ဘာသာစကားများမှာ နိုင်ငံခြားဘာသာ တက္ကသိုလ်တွင် ကန့်သတ်အမှတ် မနိမ့်သော်လည်း ပြင်ပတွင်မူ လက်ရှိ ရေပန်းစားနေသော ဂျပန်၊ ကိုရီးယား စကားများလောက် ခေတ်စားခြင်း မရှိပါ။


(ဘလော့ဂါမှတ်ချက် - ဒီသတင်းကို http://www.hittaing.org/news/ ကနေ ယူတယ်။)


No comments: