Monday, August 27, 2007

strike supporters in lion city


စင်ကာပူမှ မြန်မာတို့၏ လမ်းလျှောက်ပွဲ
Hit Taing, စင်ကာပူရောက် မြန်မာတဦး သြဂုတ် ၂၆။

သြဂုတ်လ ၂၅ ရက်၊ စနေနေ့တွင် စင်ကာပူမြန်မာများအတွက် ပထမဆုံးသော လမ်းလျှောက်မှု စတင်ခဲ့သည်။ ဤလမ်းလျှောက်မှုမှာ မြန်မာပြည်တွင်းမှ ပြည်သူများအတွက် အင်အားတစ်ရပ်ဖြစ်စေရန်လည်းကောင်း၊ စင်ကာပူရှိ မြန်မာများသည် မြန်မာပြည်တွင်းမှ ပြည်သူများနှင့် တစ်စိတ်တစ်ဝမ်းတည်း ရှိနေသည်ကို ပြသရန်အတွက်လည်းကောင်း ဖြစ်သည်။
သြဂုတ်လ ၂၄ရက်တွင် မည်သူက စတင်လိုက်မှန်းမသိသော အင်တာနက် အီးမေးလ်များနှင့် ဟန်းဖုန်းမက်ဆေ့ခ်ျများဖြင့် လမ်း လျှောက်မှုကို စရန် အသိပေးကြသည်။ ဤလှုပ်ရှားမှုသည် ခေါင်းဆောင်မရှိဘဲ စင်ကာပူရှိ မြန်မာများ တက်ကြွမှုဖြင့် ဖြစ်မြောက် ခဲ့သည်။ စင်ကာပူဥပဒေအရ လူ ၅ ယောက်နှင့်အထက် လူစုရန် ပုလိပ်ထောက်ခံစာ လိုသဖြင့် လူ ၄ ယောက် တစ်စု လမ်းလျှောက်ရန် ထိုမက်ဆေ့ခ်ျများက ဖော်ပြသည်။

သြဂုတ်လ ၂၅ ရက် မနက် ၁၀ နာရီ မတိုင်ခင်ကပင် အဖြူရောင်အင်္ကျီဝတ်ဆင်ထားသော မြန်မာများ တစ်စုပြီး တစ်စု Orchard MRT အပေါ်ထပ်ရှိ Orchard လမ်းမဘေး ပလက်ဖောင်းတွင် တစ်စုစီ စုရုံးကြသည်။ မည်သူမှ ဆော်သြခြင်း မရှိဘဲ ၁၀ နာရီ ၁၀ မိနစ်ဝန်းကျင်တွင် City Hall MRT Pennisula Plaza (စင်ကာပူမြန်မာများ တွေ့ဆုံရာ နေရာ)သို့ လမ်းလျှောက်ကြသည်။

လမ်းလျှောက်ရာတွင် ခန့်မှန်းခြေ အင်အား ၃၀ မှ ၄၀ အထိ ရှိသည်။ သို့သော် လမ်းတလျှောက် စင်ကာပူ အရပ်ဝတ် ထောက်လှမ်းရေးများ၏ မေးမြန်းမှုများကြောင့် အင်အား တစ်ဝက်ခန့်မှာ လမ်းတစ်ဝက်တွင် လူစုခွဲလိုက်ရသည်။ အင်အား ၁၅ ယောက်မှ ၂၀ ထိသာ Pennisula Plaza သို့ နေ့လည် ၁၂ နာရီခန့်တွင် ရောက်ရှိကြသည်။

စင်ကာပူအရပ်ဝတ်ထောက်လှမ်းရေးများက ဤကိစ္စကို စုံစမ်းလျက်ရှိပြီး စင်ကာပူဥပဒေကို မသိ၍သော်လည်းကောင်း၊ သိလျက် သော်လည်းကောင်း ထပ်မံမချိုးဖောက်စေရန် တင်းကြပ်လျက်ရှိသည်။



(ဘလော့ဂါမှတ်ချက် - ဒီသတင်းရယ် ပုံရယ် http://www.hittaing.org/news/ ကနေ ရတယ်။)


No comments: