Monday, August 20, 2007

strike news by NEJ

(ခေတ်ပြိုင်က သတင်းဗျာ။)


စီးပွားရေးပြဿနာများ မဖြေရှင်းပေးသ၍ တောင်းဆိုသွားမည်ဟု
(၈၈) မျိုးဆက်ကျောင်းသားများပြော

ချမ်းလွန် / ၂၀ သြဂုတ် ၂၀၀၇

စစ်အစိုးရက မြန်မာနိုင်ငံရှိ စီးပွားရေး အကျပ် အတည်းများကို ပြင်ဆင်ပေးရန်အတွက် ၎င်းတို့
အနေဖြင့် ဆက်လက်တောင်းဆို တိုက်ပွဲဝင်သွား
မည်ဖြစ်ကြောင်း (၈၈) မျိုးဆက်ကျောင်းသား
များက ယနေ့ပြောကြားသည်။


(၈၈) မျိုးဆက်ကျောင်းသားများ ခေါင်းဆောင်၍ ပြည်သူများပါဝင်သော လူအင်အား (၄၀၀) ကျော် သည် လောင်စာဆီဈေးနှုန်းပြန်လည်ကျဆင်းရန် တောင်းဆိုသည့်အနေဖြင့် ယမန်နေ့က ရန်ကုန် ရွှေဂုံတိုင်မြို့နယ်မှ တာမွေမြို့နယ်အထိ လမ်းလျှောက်ချီတက် ဆန္ဒပြခဲ့သည်။

(၈၈) မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုမြအေးက “ပြည်သူလူထုကြုံတွေ့နေရတဲ့ ဒီဆင်းရဲ ဒုက္ခတွေကို ကျနော်တို့အနေနဲ့ ကိုယ်ချင်းစာတယ်၊ တသားတည်းဖြစ်တယ်၊ ကားခမတတ် နိုင်တဲ့အတွက် လမ်းလျှောက်ပြတယ်ဆိုတဲ့ သဘောမျိုးနဲ့ မနေ့က ကျနော်တို့က လမ်းလျှောက်ပြတာပဲ” ဟု ပြောသည်။

နအဖစစ်အစိုးရက တရားဝင်ရောင်းချနေသည့် လောင်စာဆီဈေးနှုန်းများကို ယခုလ (၁၅) တွင် ရုတ်တရက်တိုးမြှင့်လိုက်ပြီး ဓါတ်ဆီတဂါလန် ကျပ် (၁,၅၀၀) မှ (၂,၅၀၀) ကျပ်၊ ဒီဇယ်ဆီ တဂါလန် ကျပ် (၁,၅၀၀) ကျပ်မှ (၃,၀၀၀) ကျပ်အထိ ဈေးနှုန်းတိုးမြှင့်လိုက်သည်။
စီအန်ဂျီ အရောင်းဆိုင်များတွင်လည်း စီအန်ဂျီ (၁) ယူနစ်ကို ယခင် (၅၇) ကျပ်မှ ယခု (၂၇၂.၂၅) ကျပ်သို့ တိုးမြင့်ရောင်းချနေသည်။

ထို့သို့ လောင်စာဆီ ဈေးနှုန်းများကို တိုးမြှင့်လိုက်ပြီးနောက် ရန်ကုန်မြို့တွင် ဘတ်စ်ကားခများ
ကိုလည်း စစ်အစိုးရက တရားဝင် တိုးမြှင့်သတ်မှတ်လိုက်သည်။
လောင်စာဆီဈေးနှုန်းများ အဆမတန် တိုးမြှင့်ခြင်းကြောင့် နောက်ဆက်တွဲဖြစ်ပေါ်လာမည့် ငွေကြေး ဖောင်းပွမှု၊ ကုန်ဈေးနှုန်းကြီးမြင့်မှု စသည့် အထွေအထွေအကျပ်အတည်းများကို အရေးတကြီး ဖြေရှင်းပေးရန် (၈၈) မျိုးဆက်ကျောင်းသားများက စစ်အစိုးရအား ပြီးခဲ့သည့် စနေနေ့တွင် ကြေညာ ချက်ထုတ်ပြန်၍ တောင်းဆိုသည်။

၎င်းတို့အနေဖြင့် ရှေ့ဆက်၍ တိုင်းပြည်အတွင်းရှိ စီးပွားရေး ပြဿနာများကို ဖြေရှင်းပေးရန်အတွက် စစ်အစိုးရအား တောင်းဆိုသွားမည်ဖြစ်ပြီး ပြည်သူလုထုအနေဖြင့်လည်း ၎င်းတို့နှင့်အတူ တိုက်ပွဲဝင်စေလိုကြောင်း ကိုမြအေးက ပြောသည်။

၎င်းက “ကျနော်တို့က ထပ်ပြီးတွန်းသွားမှာပဲ၊ ထပ်ပြီးတိုက်သွားမှာပဲ။ ချက်ချင်းလက်ငင်းကြီးကတော့ ကျနော်တို့ တောင်းရုံမျှနဲ့ ဒီအစိုးရက လိုက်လျောမှာမဟုတ်ဘူး။ ပြည်သူတွေကပဲ ကိုယ့်ရဲ့အခွင့် အရေးကို ကိုယ်ယူတတ်တဲ့အခြေအနေမျိုးဖြစ်ရမယ်။ ကျနော်တို့ကလည်း ပြည်သူတွေနဲ့ တသား တည်းဖြစ်အောင် ဦးဆောင်မှုပေးနိုင်မယ်ဆိုလို့ရှိရင်တော့ ဒီအစိုးရက ဘယ်လိုမှ တင်းမခံနိုင်ဘူးလို့ ကျနော်ယုံကြည်တယ်” ဟု ပြောသည်။

(၈၈) မျိုးဆက်သစ်ကျောင်းသားများ ဦးဆောင်သော ယမန်နေ့ကပြုလုပ်သည့် လောင်စာဆီဈေးနှုန်း ကျဆင်းရေးအတွက် လမ်းလျှောက်ချီတက်ဆန္ဒပြသူများကို နအဖအာဏာပိုင်များဘက်မှ ဓာတ်ပုံရိုက်၊ မှတ်တမ်းတင်ခြင်းများပြုလုပ်သည်မှအပ အဖမ်းအဆီး မပြုလုပ်ခဲ့ကြောင်းသိရသည်။ ။

(ဘလော့ဂါမှတ်ချက် - http://www.khitpyaing.org/news/august_2007/20-8-07c.php ကနေ ယူတယ်။)


No comments: