Monday, August 20, 2007

u win nai news in mizzima

ဦးဝင်းနိုင်နှင့်အဖွဲ့ဝင်များ ဆန်လှူဒါန်းခြင်းကို စွမ်းအားရှင်များက နှောင့်ယှက်
မဇ္ဈိမသတင်းဌာန သြဂုတ်လ ၁၈ ရက်၊ ၂၀၀၇ ခုနှစ်။

နွမ်းပါးသူများကို ဆန်ဝေငှနေသည့် အမျိုးသားရေး ဦးဝင်းနိုင်နှင့် အဖွဲ့အား စွမ်းအားရှင်များ အဖွဲ့မှ လိုက်လံ နှောင့်ယှက်ခဲ့ကြောင်း သိရသည်။

ဦးဝင်းနိုင်နှင့် ကိုစိုးမြင့်ထိန်၊ ကိုသိန်းအောင်မြင့်၊ ကိုမြင့်ရွှေနှင့် ကိုဘခင်တို့က ရန်ကုန်မြို့၊ ရွှေပေါက်ကံမြို့သစ် ၁၂ ရပ်ကွက်တွင် ယနေ့ နံနက် ၁၁း၀၀ နာရီ အချိန်က အိမ်ထောင်စု ငါးဆယ့်ခြောက်စုအား တအိမ်တက်ဆင်း ဆန်လှူဒါန်းရန် ဖိတ်ခေါ် ပြင်ဆင်နေချိန်တွင် စွမ်းအားရှင်ဆိုသူ ဆယ်ဦးခန့်သည် ကားသုံးစီးဖြင့် ရောက်ရှိလာကာ နှောက်ယှက်ကြခြင်း ဖြစ်သည်။

“ခင်ဗျားတို့တတွေ ဒီလို ဆန်လာမလှူပါနဲ့။ လှူချင်ရင် လော်ရီကားတွေနဲ့ တိုက်ပြီးမှ လာလှူ” ဟု စွမ်းအားရှင်ထဲမှ ခေါင်းဆောင်ဖြစ်သူက ပြောကြောင်း ဦးဝင်းနိုင်က ပြောပြသည်။

သို့သော် ဆန်ယူရန် လာရောက်နေကြသည့် လူ ခြောက်ဆယ်ခန့်က ဦးဝင်းနိုင်အနီးသို့ အတင်း တိုးဝင် လာနေသဖြင့် စွမ်းအားရှင် ခေါင်းဆောင်နှင့် အဖွဲ့ဝင်များ နောက်သို့ ဆုတ်ခွာ သွားကြသည်။

ဆန်လှူအပြီး ရွှေပေါက်ကံ အထွက် လမ်းမကြီးပေါ်တွင် အသင့် စောင့်ဆိုင်းနေသည့် လူခြောက်ဦးက ကားကို အော်ဟစ် ရပ်တန့် ခိုင်းပြန်ရာ အတင်း မောင်းထွက်ခဲ့ရကြောင်း သိရပါသည်။

ဦးဝင်းနိုင်နှင့်အဖွဲ့ ယခုအကြိမ် လှူဒါန်းခြင်းသည် ကိုးကြိမ်မြောက် ဖြစ်ပြီး စွမ်းအားရှင် ဆိုသူများက လာရောက် တားဆီး နှောင့်ယှက်ခြင်းကို နအဖ အကြီးအကဲထံသို့ တိုင်ကြားမည်ဟု ဆိုသည်။

ရန်ကုန်မြို့တွင် နေ့စဉ် စားသောက်ရေး အတွက် အရေးတကြီး အကူအညီ လိုအပ်သူ အနည်းဆုံး တသိန်း ရှိမည်ဟု ဦးဝင်းနိုင်က ခန့်မှန်းထားသည်။
ယခင်က အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ရွှေဂုံတိုင် ရုံးတွင် ဆင်းရဲသူများကို ဆန်များ အခမဲ့ ဝေငှစဉ်ကလည်း အာဏာပိုင်များက လုံခြုံရေးများ တင်းကြပ်စွာ ချထားခဲ့သည်။

(ဘလော့ဂါမှတ်ချက် - ဒီသတင်းကို http://www.bnionline.net/bur/index.php?option=com_content&task=view&id=924&Itemid=28 ကနေ ယူတယ်။)

No comments: