Friday, August 31, 2007

love journal blames the media & activists for the strik

မီဒီယာနှင့် ဆန္ဒပြသူများ ချိတ်ဆက်လုပ်ကိုင်ဟု အချစ်ဂျာနယ် စွပ်စွဲ
irrawaddy ကိုသက် သြဂုတ် ၃၁၊ ၂၀၀၇


"- - ပြည်တွင်းအခြေစိုက် မဂ္ဂဇင်း၊ ဂျာနယ်များသည်
စစ်အစိုးရအာဘော်ဖြစ်သည့် ဆောင်းပါးတပုဒ်အား မထည့်မနေရ ထည့်သွင်းဖော်ပြရပြီး
ယခုအချစ်ဂျာနယ်တွင်ဖော်ပြခဲ့သည့်ဆောင်းပါးသည် မထည့်မနေရဆောင်းပါးအပြင်
သီးခြားဖော်ပြ ထားသော ဆောင်းပါးဖြစ်သည်။ - - "



လောင်စာဆီဈေးနှုန်း တိုးမြှင့်သတ်မှတ်မှုကိုအခွင့်ကောင်းယူကာ နိုင်ငံရေးလှုပ်ရှားသူများနှင့် ပြည်တွင်း၊ ပြည်ပ မီဒီယာများ ဟန်ချက်ညီညီချိတ်ဆက်ကာ ဆန္ဒပြပွဲများလုပ်ဆောင်နေသည်ဟု မြတ်ခိုင်ဦးစီးသည့် အချစ်ဂျာနယ်၏ ဆောင်းပါးတပုဒ်တွင် ဖော်ပြထားသည်။

ယခုအပတ်တနင်္လာနေ့ထုတ် အချစ်ဂျာနယ် အတွဲ ၅၊ အမှတ် ၂၅ တွင်ဖော်ပြ ထားသည့် စာရေးသူ မေနိုင်း၏ “လောင်စာဆီကိုအကြောင်းပြုလို့ မယောင်ရာ ဆီလူးကြသူများ” ဆောင်းပါးတွင် ပြည်တွင်းရှိ နိုင်ငံခြား သတင်းထောက်များ သည် လောင်စာဆီနှင့် ကုန်ဈေးနှုန်းကျဆင်းရေးဆန္ဒပြပွဲများ ပြုလုပ်မည့်နေရာ များသို့ ကြိုတင်ရောက်ရှိနေသည်မှာ ဆန္ဒပြသမားများနှင့် သတင်းထောက်များ ရည်ရွယ်ချက်ရှိရှိဖြင့် ဆူပူမှုဖြစ်ပွားအောင် ချိန်ကိုက်လုပ်ဆောင်ခြင်းဖြစ်သည်ဟု စွပ်စွဲရေးသားထားသည်။

၎င်းစွပ်စွဲချက်များကို ဖော်ပြခဲ့သည့် အချစ်ဂျာနယ်နှင့် တာဝန်ခံအယ်ဒီတာ မြတ်ခိုင်အား ပြည်တွင်း စာနယ်ဇင်းသမားများက ဝေဖန်ရှုတ်ချနေကြကြောင်း ဧရာဝတီက သတင်းရရှိသည်။

ပြည်တွင်းအခြေစိုက် နိုင်ငံခြားသတင်းထောက်တဦးက “အားလုံးကတော့သိပြီး သားပါပဲ။ ဒီဂျာနယ်ဟာ ဘယ်လိုလူတွေလဲ၊ ဘယ်လိုလူစားမျိုးတွေလဲဆိုတာ၊ ကိုယ့်သမိုင်းကိုယ်ရေးကြတာပါ။ စည်းဝါးကိုက်တယ်ဆိုတာ မဟုတ်ပါဘူး။ ကျနော်တို့က ကိုယ့်အလုပ် ကိုယ်လုပ်နေကြတာပါ၊ အခုမှမဟုတ်ပါဘူး”ဟု ပြောသည်။

ပြည်တွင်းစာနယ်ဇင်းသမားတဦးကလည်း အချစ်ဂျာနယ်၌ အဆိုပါဆောင်းပါးဖော်ပြခြင်းအားဖြင့် မြန်မာ စာနယ်ဇင်းသမား များ၏ ဂုဏ်သိက္ခာကိုထိခိုက်စေပြီး စာပေအသိုင်းအ၀န်းအတွက် ကောင်းသည့်လက္ခဏာ မဟုတ်ကြောင်း ပြောဆိုသည်။ ၎င်းအပြင် ဆောင်းပါးရှင် မေနိုင်း၏အမည်ကို ယခင်ကမကြားဘူးကြောင်း၊ ကလောင်ဝှက်ဖြင့် ရေးသားခြင်းဖြစ်ကြောင်း လည်း ဧရာဝတီကိုပြောသည်။

ပြည်တွင်းအခြေစိုက် မဂ္ဂဇင်း၊ ဂျာနယ်များသည် စစ်အစိုးရအာဘော်ဖြစ်သည့် ဆောင်းပါးတပုဒ်အား မထည့်မနေရ ထည့်သွင်းဖော်ပြရပြီး ယခုအချစ်ဂျာနယ်တွင်ဖော်ပြခဲ့သည့်ဆောင်းပါးသည် မထည့်မနေရဆောင်းပါးအပြင် သီးခြားဖော်ပြ ထားသော ဆောင်းပါးဖြစ်သည်။

“ပြည်သူတွေရဲ့ဘ၀ကိုမကြည့်ရက်လို့ သွေးနဲ့၊ ချွေးနဲ့ရင်းပြီး ရွပ်ရွပ်ချွံချွံ ဆောင်ရွက်နေသူတွေက ဘယ်သူနဲ့မှ ညှိနှိုင်းပြီး လုပ်တာမဟုတ်ဘူး။ ဒီမိုကရေစီလုပ်ငန်းကို အံချော်အောင် တိုက်ဖြိုတဲ့သဘောမျိုး ရေးတယ်၊ ပြောတယ်၊ တွေးတယ် ဆိုရင်တော့ ဒါဟာမကောင်းဘူး ဆင်ခြင်သင့်တယ်။ ဒီမိုကရေစီအသွင်ကူးပြောင်းရေး အတွက် အနစ်နာခံတဲ့သူတွေ၊ အဖမ်းခံတဲ့သူတွေရဲ့လုပ်ရပ်တွေကို မလေးမစားလုပ်သူဟာ မြန်မာနိုင်ငံသားဖြစ်ခဲ့ရင်တော့ တော်တော်ရှက်ဖို့ကောင်း ပါတယ်” ဟု ၀ါရင့်သတင်းစာဆရာတဦးဖြစ်သည့် ဗိုလ်တထောင်သတင်းစာ အယ်ဒီတာဟောင်း ဦးစိန်လှဦးက ပြောသည်။

သတင်းစာဆရာကြီး ဦးအုန်းကြိုင်ကလည်း စာနယ်ဇင်းသမားများသည် ပြည်သူလူထု၏ နား၊ မျက်စိများ ဖြစ်ကြပြီး လူထု၏ မြှောက်စားခြင်း၊ နေရာပေးခြင်းကိုခံရသည်။ ထိုအခါ သတင်းစာဆရာများအတွက် ရွေးချယ်ရန် လမ်းနှစ်သွယ်လည်း ပေါ်လာပြီး လူထုဘ၀ကိုနားလည်းခံစားသည့် ပြည်သူ့သတင်းစာဆရာနှင့် ကိုယ်ကျိုးရှာ ဖောက်ပြန်ရေးသမားသတင်းစာ ဆရာဟူ၍ နှစ်မျိုးကွဲသွားတတ်သည်ဟု ဧရာဝတီကို ရှင်းပြသည်။ လက်ရှိမြန်မာနိုင်ငံ၏ စာနယ်ဇင်းလောကတွင် ကိုယ်ကျိုး ရှာသမားများကိုတွေ့နေရသော်လည်း လူနည်းစုသာ ဖြစ်သည်ဟုလည်း ပြောသည်။

“အများစုသတင်းစာဆရာတွေကတော့ဖြင့် ပြည်သူထဲသတင်းကိုလိုက်ယူ၊ ဘ၀တွေကိုမြင်ရင်း၊ ပြည်သူတွေမြှောက်စား တာကိုခံယူရင်း ပြည်သူတို့အကျိုးသယ်ပိုးတဲ့လမ်းပေါ်ကို အားနဲ့ မာန်နဲ့ တက်နေကြတယ်လို့ ကျနော်မြင်ပါတယ်” ဟုလည်း သတင်းစာဆရာကြီး ဦးအုန်းကြိုင်က ပြောသည်။

(ဘလော့ဂါမှတ်ချက် - ဒီသတင်းကို http://www.irrawaddy.org/bur/news2007/August/aug_31c_07.html ကနေ ယူတယ်။)

No comments: