Tuesday, August 28, 2007

encouragement

မျိုးချစ်လူငယ်တပ်ဦးက ပြည်သူများအား
ပူးပေါင်းပါဝင်ကြရန် တိုက်တွန်း

NEJ / ၂၈ သြဂုတ် ၂၀၀၇

ပြည်တွင်းရှိ တက္ကသိုလ်ကျောင်းသားများနှင့် လူငယ်များပါဝင်ဖွဲ့စည်းထားသည့် မျိုးချစ်လူငယ် တပ်ဦးက သဘောထားကြေညာချက်တစောင်ကို ယနေ့ ထုတ်ပြန်လိုက်သည်။

ကြေညာချက်တွင် မြန်မာပြည်သူလူထုတရပ်လုံး ခံစားနေရသည့် အထွေထွေအကျပ်အတည်းမှ လွတ်မြောက်ရန်အလို့ငှာ ၎င်းတို့အနေဖြင့် နည်းလမ်းမျိုးစုံဖြင့် ကိုင်တွယ်ကျင့်သုံး အဖြေရှာသွား ရန်ဖြစ်ကြောင်း အဓိကထား ဖော်ပြထားသည်။

ပြည်သူများ ခံစားနေရသည့် ဒုက္ခအ၀၀အား ငြိမ်းချမ်းစွာ ဆန္ဒပြတောင်းဆိုရာတွင် မည်သည့် ဖိနှိပ်ချုပ်ချယ်မှု၊ ညှဉ်းပန်းနှိပ်စက်မှု၊ မတရားဖမ်းဆီးချုပ်နှောင်မှုကိုမျှ ခေါင်းငုံ့ခံနေမည်မဟုတ်ဘဲ ပြင်းပြင်ထန်ထန်ပြန်လည်တုံ့ပြန်သွားရန် သံန္နိဋ္ဌာန်ချထားသည်ဟုလည်း ဖော်ပြပါရှိသည်။

ထို့အပြင် ငြိမ်းချမ်းစွာဆန္ဒပြခြင်းအား နှောင့်ယှက်ဖျက်ဆီးလိုသည့် မည်သည့်အဖွဲ့အစည်း၊ မည်သည့်ပုဂ္ဂိုလ်၊ မည်သည့်သက်ရှိသက်မဲ့ ယာဉ်ရထားကိုမဆို ၎င်းတို့အနေဖြင့် ဂရုစိုက်မည် မဟုတ်ဘဲ လက်တုံ့ပြန် ချေမှုန်းသွားမည်ဖြစ်ကြောင်း ဖော်ပြထားသည်။

မျိုးချစ်လူငယ်တပ်ဦးမှ ကိုရဲခေါင်က ပြည်သူများခံစားနေရသည့် ဒုက္ခအ၀၀ကို ငြိမ်းချမ်းစွာ ဆန္ဒပြ တောင်းဆို၍ မရပါက ၎င်းတို့အနေဖြင့် ရသည့်နည်းလမ်းဖြင့် နောက်မဆုတ်တမ်း ပြန်လည် တုံ့ပြန်လုပ်ဆောင်သွားမည်ဟု ပြောဆိုသည်။

“ပြည်သူတွေက လက်ရှိမှာတော့ စစ်အစိုးရရဲ့ ဖိနှိပ်ချုပ်ချယ်မှုတွေကြောင့် အကြောက်တရား ဖုံးလွှမ်း နေကြရတာပါ။ အဓိပ္မာယ်မရှိတဲ့ အကြောက်တရားဖုံးလွှမ်းနေတဲ့ဟာကို ကြောက်စရာမလိုဘူးလို့ လုပ်ပြနိုင်တဲ့လူတွေ ရှိလို့ရှိရင် သူတို့တွေ ကြောက်လာကြတော့မှာမဟုတ်ပါဘူး” ဟု ၎င်းကပြော သည်။

မျိုးချစ်လူငယ်တပ်ဦးအနေဖြင့် ၎င်းတို့၏ ခိုင်မာသော သံန္နိဋ္ဌာန်ချထားချက်နှင့်အညီ လက်တွေ့ လုပ်ရပ်လုပ်ငန်းစဉ်အရပ်ရပ်အား ဖော်ဆောင်ရာတွင် ၎င်းတို့နှင့် ရည်ရွယ်ချက်တူညီသည့် အခြား အဖွဲ့အစည်းများနှင့် အများပြည်သူတရပ်လုံးမှ ပူးပေါင်းပါဝင်ဆောင်ရွက်ကြပါရန် ကြေညာချက်တွင် တိုက်တွန်းထားသည်။ ။


(ဘလော့ဂါမှတ်ချက် - ဒီသတင်းကို http://www.khitpyaing.org/news/august_2007/28-8-07e.php ကနေ ယူတယ်။)


No comments: