Friday, August 17, 2007

hundreds of burmese got arrested near bkk

မဟာချိုင်တွင် မြန်မာအလုပ်သမား ၅၀၀ ကျော် အဖမ်းခံရ
ကိုစိုး | သြဂုတ် ၁၇၊ ၂၀၀၇

ထိုင်းနိုင်ငံ ဘန်ကောက်မြို့အနီး ဆမွတ်စခွန်ခရိုင် မဟာချိုင်မြို့နယ် အတွင်းတွင် မြန်မာအလုပ်သမား ၅၀၀ ကျော်ကိုထိုင်းအာဏာပိုင်များက ယမန်နေ့က ဖမ်းဆီးလိုက်ကြောင်း သိရသည်။

ယခု ဖမ်းဆီးထားသူ ၅၇၀ မှာ ပင်လယ်စာ ရေလုပ်ငန်း စက်ရုံ ၂ ရုံမှ အလုပ်သမားများဖြစ်ပြီး အလုပ်ရှင်များကိုမူ ယခုအချိန်အထိ ဖမ်းဆီးရမိခြင်း မရှိသေးကြောင်း မောင်ခရိုင် ရဲစခန်းမှ ရဲ ဒုဗိုလ် တီရာ့စခွန် တီနာခွန် ၀ရာနွန့်က ဧရာဝတီသို့ ပြောသည်။

“အခုလောလောဆယ် သူတို့အားလုံးကို ဆမွတ်စခွန် ခရိုင်တရားရုံးမှာ ထိန်းသိမ်းထားပြီးနောက် ထောင်ကိုပို့မှာ ဖြစ်ပါတယ်။ အထောက်အထား ခိုင်လုံမှုရှိ မရှိကိုလည်း မှုခင်းရဲအဖွဲ့က စုံးစမ်းစစ်ဆေးနေပါတယ်”ဟု ၎င်းက ပြောသည်။

တီရာ့စခွန် တီနာခွန်ဝရာနွန့်က ဖမ်းဆီးခံထားရသူများတွင် အမျိုးသမီး ဦးရေ ၄၄၀ နှင့် အမျိုးသား ၁၃၀ ဖြစ်ပြီး အလုပ်သမားလက်မှတ်မရှိသူ အများစုဖြစ်ကြောင်း၊ တချို့သည် အလုပ်သမား လက်မှတ်ရှိသော်လည်း ဘန်ကောက်ကဲ့သို့သောနေရာမှ သတ်မှတ်နယ်မြေကျော်၍ လာရောက် အလုပ်လုပ်နေသူများ ဖြစ်ကြောင်း၊ တချို့မှာ အလုပ်သမားလက်မှတ်တွင်ပါရှိသော အလုပ်အမျိုးအစားနှင့် လက်ရှိ လုပ်ကိုင်နေသော အလုပ်အမျိုးအစား တူညီမှုမရှိကြောင်း၊ ထို့ကြောင့် ဖမ်းဆီးထိန်းသိမ်းရခြင်း ဖြစ်ကြောင်း ပြောပြသည်။

မဟာချိုင်ရှိ အလုပ်သမားအဖွဲ့ (Burmar Fishery Worker Union) မှ တာဝန်ခံ ကိုကိုအောင်ကလည်း မနက်ပိုင်း အလုပ် သွားချိန်တွင် အလုပ်သမားများ စီးလာသော ကားများကို ထိုင်းရဲများနှင့် လူဝင်မှုကြီးကြပ်ရေး အဖွဲ့တို့က လမ်းမှတား၍ ဖမ်းဆီးခြင်းဖြစ်သည်ဟု ပြောသည်။

“ဖမ်းတာက နယ်မြေခံ ရဲလည်းပါတယ်။ အဓိကက ဘန်ကောက်က ဆင်းလာပြီးဖမ်းတာ။ ရေလုပ်ငန်းစက်ရုံ ပုစွန်ခေါင်းခွာတဲ့ စက်ရုံအလုပ်သမားတွေ အဖမ်းခံရတာများတယ်”ဟု ၎င်းက ပြောသည်။

ယနေ့တွင် ဖမ်းဆီးထားသူများကို အာဏာပိုင်များက လူဝင်မှုကြီးကြပ်ရေးအချုပ်တွင် ထားရှိပြီးနောက် မြန်မာနိုင်ငံသို့ ပြန်ပို့ရန် အစီအစဉ်ရှိသည်ဟု ပြောကြောင်း ကိုကိုအောင်က ဆိုသည်။

မဟာချိုင်နယ်မြေတွင် မြန်မာနိုင်ငံမှ လာရောက်နေထိုင် လုပ်ကိုင်နေသော အလုပ်သမားပေါင်း ၁ သိန်းခန့်ရှိသည်ဟု သိရသည်။

ပြီးခဲ့သည် မေလအတွင်းကလည်း ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့ရှိ မြန်မာအလုပ်သမား ၈၀၀ ခန့်ကို အထောက်အထား လက်မှတ်မရှိသောကြောင့် ထိုင်းနယ်စပ်ရဲနှင့် လူဝင်မှုကြီးကြပ်ရေးအဖွဲ့က ဖမ်းဆီး၍ မြန်မာနိုင်ငံဘက်သို့ ပြန်ပို့ခဲ့သည်။

(ဘလော့ဂါမှတ်ချက် - ဒီသတင်းကို http://www.irrawaddy.org/bur/news2007/August/aug_17b_07.html ကနေ ယူတယ်။)

No comments: