Thursday, August 23, 2007

latest condition in burma ( voa )

ရန်ကုန်မြို့ဆန္ဒပြပွဲများ နောက်ဆုံး အခြေအနေ
ဦးသားညွန့်ဦး။ ဗွီအိုအေ မြန်မာပိုင်း။ ၂၃ သြဂုတ် ၂၀၀၇

အခု ဆန္ဒပြမှုတွေရှိနေတဲ့ ရန်ကုန်မြို့က နောက်ဆုံးအခြေအနေတွေနဲ့ ပတ်သက်လို့ ဦးသားညွန့်ဦးက တင်ပြ ထားပါတယ်။

ရန်ကုန်မြို့ထဲမှာတော့ ဒီကနေ့ တနေကုန် မိုးတဖွဲဖွဲနဲ့အတူ နေရာတိုင်း လိုလိုမှာ အရပ်ဝတ် လုံခြုံရေးတွေ အပြည့်ချထားတယ်လို့ ဒေသခံတွေက ပြောပါ တယ်၊ မြို့တော်ခမ်းမရှေ့မှာဆိုရင်တော့ လော်ရီကားကြီးတွေနဲဏ္ဍ ဒီလူတွေကို တင်ပြီး နေရာယူထားတာ တွေ့ရတယ်လို့ပြောပါတယ်။ အချို့ကတော့ လုံခြုံရေး အာဏာ ပိုင်ပုံ ပေါက်ပေမယ့် အများစုကတော့ စွမ်းအားရှင်လို့ဆိုတဲ့ ရန်ကုန် ဆင်ခြေဖုံး ရပ်ကွက်တွေက လူဆိုးလူမိုက်တွေ ဖြစ်တယ်လို့ ရန်ကုန်မြို့ခံတွေက ယူဆတဲ့ အကြောင်း မြို့ခံတစ်ဦးက အခုလို ပြောပါတယ်။

“မြောက်ဥကလာပ၊ သာကေတ၊ လှိုင်သာယာ၊ နောက် ရွှေ ပြည်သာ အဲဒီလို ရပ်ကွက်တွေထဲမှာ အများသောအားဖြင့် နှစ်လုံး ထီ ထိုင်တွက်မယ်ဗျာ၊ အများသောအားဖြင့် အလုပ်မရှိဘူးဗျာ၊ အဲဒီလို လူမျိုးတွေကို သူတို့က လဘက်ရည် ဆိုင်တွေမှာ ကြံ့ခိုင် ဖွံ့ဖြိုးရေးက စည်းရုံးတယ်ဗျ။ စည်းရုံးလည်း စည်းရုံး ပြီးရော မင်းတို့ ငါတို့နဲ့ လိုက်ခဲ့၊ ဒန်ပေါက် ကျွေးမယ်၊ ပြီးတော့ တစ်နေ့အတွက် တစ်ထောင် ပေးမယ်။ ဘာမှ မဟုတ်ဘူး မင်းတို့ ကားလိုက်စီး ဆိုတဲ့ အဲဒီလို ပုံစံမျိုးနဲ့ ခေါ်လာတဲ့ သူတွေဗျ၊”


မနေ့က အဲဒီလို ဖြစ်တော့ ထိပ်တိုက်ဖြစ်တော့ သူတို့ဖက်ကရော တကယ့်ကို လိုလိုလားလား ရန်မူမယ့် ပုံစံမျိုး ရှိလား၊ -


“အဓိက က သူတို့ဖက်မှာကလည်း အမာခံကတော့ ၁၀ ယောက် ရှိတာပေါ့ဗျာ။ အဲဒီ အမာခံ ၁၀ ယောက်လောက်ကတော့ ရန်မူမယ့် ပုံစံမျိုး ရှိတာပေါ့၊”

ကျန်တဲ့သူတွေကရော၊ -

“ကျန်တဲ့သူတွေကတော့ အဲဒီလိုပေါ့၊ ဟေးလား ၀ါးလားပဲ။ အဲဒီလို ဖြစ်တာပေါ့၊”

ရန်ကုန်မြို့တွင်းမှာတော့ လုံခြုံရေးတွေ ယူထားတဲ့ကြားကပဲ မြို့တော်ခမ်းမရှေ့မှာ ဒီကနေ့ ညနေပိုင်းက ဆန္ဒပြမှုတစ်ခုဖြစ်ပြီး လူ ၆ ယောက်ကို အဲဒီစွမ်းအားရှင်အဖွဲ့တွေက အတင်း ဖမ်းဆီးခေါ်ဆောင်သွားကြတယ်လို့ လည်း သိရပါတယ်၊ ဈေးတွေကတော့ ပုံမှန်အတိုင်းဖွင့်ထားဆဲလို့ ဆိုပေမယ့် ဈေးတွေ လူစည်ကားရာနေရာတွေမှာ တော့ ဆန္ဒပြမှုတွေနဲ့ပတ်သက်လို့ စိတ်ဝင်တစား ပြောဆိုမှုတွေရှိနေပါတယ်၊ ညပိုင်းမှာတော့ ရန်ကုန်မြို့ထဲရော ရန်ကုန်ဆင်ခြေဖုံးမှာပါ စစ်ဆေးရေးဂိတ်တွေ ချထားပြီး မီးသတ်ကြက်ခြေနီတွေနဲ့ ရပ်ကွက်အာဏာပိုင်တွေက ကားတွေကို စစ်ဆေးတာတွေ လုပ်နေပါတယ်၊ ဒီတော့ ရန်ကုန်အခြေအနေက ဟိုအရင် ညတွေနဲဏ္ဍမတူဘဲ အခု ညပိုင်း တွေမှာ အသွားအလာနည်းပြီး တိတ်တိတ်ဆိတ်ဆိတ် ဖြစ်နေတယ်လို့ သိရပါတယ်။

တဆက်တည်းပဲ ဆန္ဒပြမှုတွေမှာဖြစ်ခဲ့တဲ့ အကြမ်းဖက်မှုတွေနဲ့ပတ်သက်လို့ တုံ့ပြန်ချက်အချို့ကိုလည်း တင်ပြလိုပါတယ်၊
မနေ့ကရော ဒီကနေ့ ရွှေဂုံတိုင်နဲ့ တောင်ဒဂုံ ဆန္ဒပြတဲ့နေရာမှာရော ဆန္ဒပြသူအများစုဟာ အမျိုးသမီးတွေ ဖြစ်ကြပါတယ်၊ ဆန္ဒပြသူတွေကို လူစုခွဲ အကြမ်းဖက်သူတွေဟာ ဆန္ဒပြအမျိုးသမီးတွေအပေါ် ပြုမူဆက်ဆံတာဟာ မြန်မာလူ့အဖွဲ့အစည်းရဲ့ ယဉ်ကျေးမှုအရရော၊ လူမှုရေးအရပါ အနိုင်ကျင့် စော်ကားသလိုဖြစ်နေတယ်လို့ ဆန္ဒပြ
လှုပ်ရှားသူတွေက ပြောနေပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ လူငယ်ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ မဖြူဖြူသင်း က ဗီအိုအေကို အခုလို ပြောခဲ့ပါတယ်၊
“မြန်မာအမျိုးသမီး တော်တော်များများဟာ အမျိုးသားတွေနဲ့ နှိုင်းယှဉ်လို့ရှိရင် အားနည်းတာပဲ၊ အဲဒါတွေကိုမှ အမျိုးသမီးတွေကို ယောက်ျားကြီးတွေက အခုလို ၀ိုင်းဝန်း ရိုက် နှိပ်စက်တာတွေ။ အဲဒါတွေ ဟာ ဆိုလို့ရှိရင် တကယ့်တကယ် ပြောမယ်ဆိုလို့ရှိရင် လူကောင်းတွေ လုပ်တဲ့အလုပ် မဟုတ်ဘူး၊ အမျိုးသမီးတွေကို အဲဒီလို လုံးဝ မလုပ်သင့်ဘူး၊ ဒီနေ့ဆိုရင် ရုပ်ပျက်ဆင်းပျက် အမျိုးသမီးတွေကို ဇွတ် ထိုးတာတွေ၊ နောက် အသက်ကြီးကြီးလူကြီးတွေကိုလည်း ဆွဲ ထိုးကြတယ်၊ တချို့ဆိုရင် လုံချည်တွေ ဘာတွေ ကျွတ်သွားတယ်၊ တချို့ဆိုရင် အကျီ င်္တွေကို ဆွဲဖြဲခံရတာတွေ ရှိတယ်၊ အဲဒါတွေ လုပ်တာဟာ ဒီ ရန်ကုန်မြို့ပေါ်ကြီးမှာ ယောက်ျားကြီးတွေက ဦးဆောင်ပြီးတော့ အဲဒီလို လုပ်ရပ်တွေ လုပ်နေတယ်ဆိုတာက တကယ့်တကယ် ကမ္ဘာမှာရော၊ ဒီ မြန်မာပြည်က လူတွေအပေါ်မှာပါ အရမ်းကို သိက္ခာကျနိုင်ပါတယ်၊ အဲဒါကြောင့်မိုလို့ အဲဒီလို လုပ်ရပ်တွေကို မလုပ်စေချင်ပါဘူး၊ ရပ်တန်းကလည်း ရပ်စေချင်ပါတယ်၊”


မဖြူဖြူသင်း ပြောခဲ့တာပါ။ ပြီးခဲ့တဲ့ မနေ့ကဆန္ဒပြမှုမှာဆိုရင် ပါဝင်ခဲ့ကြတဲ့ ၈၈ မျိုးဆက် ကျောင်းသား အုပ်စုက အမျိုးသမီးတွေ၊ အမျိုးသားဒီမိုကရေစီအဖွဲဏ္ဍချုပ်က အမျိုးသမီးတွေပါ အခုဆိုရင် ဖမ်းဆီးထိန်းသိမ်းခံရမှာ စိုးလို့ အချို့နေရာတွေမှာ ရှောင်တိမ်းနေနေရပါတယ်၊ ဒီနေရာမှာလည်း သူတို့ဟာ အမျိုးသမီးတွေဖြစ်တယ်။ နောက် ကလေးမိခင်တွေဖြစ်တာမို့ အချို့နေရာတွေမှာ အခက်အခဲတွေ ကြုံတွေ့နေရတယ်လို့လည်း သိရပါတယ်။


(မှတ်ချက် - ဒီသတင်းကို http://www.voanews.com/burmese/upload/23Aug07am_Rangoon%20demonstration(to)-2.pdf ကနေ ယူတယ်။)


No comments: