Thursday, August 23, 2007

strike diary by irrawaddy.org/bur

လမ်းလျှောက်ဆန္ဒပြပွဲ ဒိုင်ယာရီ
ဧရာဝတီ သြဂုတ် ၂၃၊ ၂၀၀၇
အမေရိကန်သံရုံးရှေ့-ရန်ကုန်မြို့

နေ့လယ်တနာရီခန့်က အမေရိကန်သံရုံးရှေ့၌ ဦးအုန်းသန်း တကိုယ်တော်ဆန္ဒပြခဲ့သည်။ ဆန္ဒပြပြီး ၁၀ မိနစ်အကြာတွင် အဖမ်းခံရကြောင်းသိရသည်။
ဦးအုန်းသန်းသည် နိုင်ငံရေးအကျဉ်းသားဟောင်းတဦးဖြစ်ပြီး ယခင်ကလည်း တကိုယ်တော်ဆန္ဒ ပြခြင်းကို ၂ ကြိမ် ပြုလုပ်ခဲ့ကာပြီး ဧပြီလအတွင်းက ပြုလုပ်ခဲ့သည့် ကုန်ဈေးနှုန်းကျဆင်းရေး ဆန္ဒပြပွဲတွင်လည်း

ပါဝင်ခဲ့သည်။

ရွှေဂုံတိုင်-ရန်ကုန်မြို့
နံနက် ၉ နာရီခန့်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) အဖွဲ့ဝင်များဦးဆောင်ပြီး တာမွေမှ ရွှေဂုံတိုင်သို့ လူ ၄၀ ခန့် နှစ်ယောက်တွဲ ချီတက်ဆန္ဒပြကြသည်ဟု ဆန္ဒပြပွဲ၌ ပါဝင်သူတဦးက ဧရာဝတီကို ပြောသည်။

လမ်းလျှောက်ဆန္ဒပြသူများအား ခြောက်ထပ်ကြီးဘုရားဝန်းကျင်မှစ၍ ကြံ့ဖွံ့နှင့် စွမ်းအားရှင်များက နှောင့်ယှက် တားဆီးပြီး ရွှေဂုံတိုင်လမ်းစုံအလွန်တွင် ဆန္ဒပြလူအုပ်ကို အကြမ်းဖက်ဖြိုခွဲကြောင်း သိရသည်။
“အတင်းဝင်ဖမ်းတယ်၊ တယောက်တည်းကို ၄၊ ၅ ယောက်လောက်က ၀င်ထိုးပြီး ဒိုင်နာကားပေါ်ကိုတင်တာ။ ဘေးက ကြည့်နေတဲ့လူတွေက မလုပ်ဖို့ဝိုင်းအော်တော့ လူတွေဘက်လှည့်ပြီး ဓာတ်ပုံတွေရိုက်တယ်။ ကားပေါ်ရောက်တော့ ထီးနဲ့လဲရိုက်တယ်”ဟု မျက်မြင်သက်သေတဦးက ပြောသည်။

အဆိုပါဆန္ဒပြပွဲ၌ ဆန္ဒပြသမား ၃၀ ခန့်ကို အကြမ်းဖက် ၀င်ရောက်ဖမ်းဆီးခဲ့ကြောင်းနှင့် အဖမ်းခံရသူများတွင် ရန်ကင်းမြို့နယ် အန်အယ်လ်ဒီဥက္ကဌ ဦးမျိုးခင်လည်းပါသည်ဟု စုံစမ်းသိရှိရသည်။

တောင်ဒဂုံ-ရန်ကုန်မြို့
နံနက် ၈ နာရီခန့်တွင်လည်း တောင်ဒဂုံမြို့သစ်မြို့နယ်၌ အန်အယ်လ်ဒီအဖွဲ့ဝင် ၃၀ ခန့်လမ်းလျှောက် ဆန္ဒပြကြကြောင်း ဆန္ဒပြပွဲတွင် ပါဝင်သူကပြောသည်။

၎င်းဆန္ဒပြပွဲကိုလည်း တုတ်များ ကိုင်ဆောင်ထားသည့်ကြံ့ဖွံ့များက ဟန့်တားနှောင့်ယှက်ကြသည်ဟုလည်း ဆန္ဒပြသမားက ပြောသည်။ နှောင့်ယှက်သူများတွင် မြို့နယ် မယကဥက္ကဌ ကိုယ်တိုင်ပါဝင်ပြီး ဆန္ဒပြပွဲကို ဦးဆောင်သည့် အန်အယ်လ်ဒီ အဖွဲ့ဝင် ဦးစိုးငယ်နှင့် အမျိုးသမီးနှစ်ဦးကို ဖမ်းဆီးသွားကြောင်း စုံစမ်းသိရှိရသည်။

ရေနံချောင်း-မကွေးတိုင်း
နံနက် ၈ နာရီမှ ၁၀ နာရီခွဲအထိ အန်ယ်လ်ဒီပါတီဝင်များနှင့် ဒေသခံလူထုစုစုပေါင်း ၅၀ ကျော် လမ်းလျှောက် ဆန္ဒပြကြ သည်ဟု မကွေးတိုင်း အန်အယ်လ်ဒီ အမျိုးသမီးတာဝန်ခံ ဒေါ်ခင်စောဌေးက ဧရာဝတီကိုပြောသည်။
လောင်စာဆီဈေးနှုန်းကြီးမြင့်မှုကြောင့် ဆန္ဒပြပွဲကိုပြုလုပ်ခြင်းဖြစ်ပြီး ဒေသခံအာဏာပိုင်တို့က ဟန့်တား နှောင့်ယှက်မှု မပြုကြောင်းလည်း ဒေါ်ခင်စောဌေးက ပြောသည်။

“မြို့တိုင်းမြို့တိုင်းမှာလည်း ပြည်သူတွေပါဝင်ပူးပေါင်းတဲ့ ဆန္ဒပြပွဲတွေကို ကျမတို့နိုင်ငံရေးသမားတွေက လုပ်သင့်ပါတယ်။ ပြည်သူလူထုအားလုံးကလည်း မိမိတို့ရဲ့ဆန္ဒကို ထုတ်ဖော်ပြရမှာပါ”ဟု ဒေါ်ခင်စောဌေးက ပြောသည်။

မနက်ဖြန်တွင်လည်း ရေနံချောင်းမြို့တွင် ဆက်လက်ဆန္ဒပြကြမည်ဟု စုံစမ်းသိရှိရသည်။

No comments: