Friday, August 31, 2007

demonstration in Taung Goke

တောင်ကုတ်မှာ ဆန္ဒပြပွဲဖြစ်
ကိုစိုး | သြဂုတ် ၃၁၊ ၂၀၀၇


လောင်စာဆီဈေးနှုန်း ကျဆင်းရေး၊ ကုန်ဈေးနှုန်းကျဆင်းရေးအတွက် တောင်းဆိုရေးသားထားသော ဆိုင်းဘုတ်များကို ကိုင်ဆောင်ထားသည့် အသက်၂၅-၃၀ နှစ်ဝန်းကျင်ရှိလူ၂ ဦးက ယနေ့နံနက် ၇ နာရီခန့်တွင် တောင်ကုတ် မြို့တွင်း၌ ငြိမ်းချမ်းစွာ လမ်းလျှောက်ဆန္ဒပြခဲ့ကြရာ ၎င်းတို့၂ ဦးအား အာဏာပိုင်များက ဖမ်းဆီးခဲ့ကြောင်း ဒေသခံများက ပြောသည်။

အဆိုပါ ဆန္ဒပြသူ ကိုစည်သူနှင့် ကိုသန်းလွင်တို့က တောင်ကုတ်မြို့လမ်းမများပေါ် လှည့်လည်၍ ၂ နာရီခန့်ကြာ ဆန္ဒပြ နေစဉ် ချောင်းကောက်ရပ်ကွက် အရောက်တွင် ရဲ ၊ ကြံ့ဖွံ့နှင့် အက်စ်ဘီထောက်လှမ်းရေးများက ဆိုင်ကယ် များဖြင့် ၀ိုင်းဝန်း ဖမ်းဆီးသွားသည်ဟု ကိုယ်တိုင်ကြုံတွေ့ခဲ့ရသူ တောင်ကုတ်မြို့နယ် အန်အယ်လ်ဒီ စည်းရုံးရေး အဖွဲ့ အတွင်းရေးမှူး ဦးခင်လတ်က ပြောသည်။

“ဆန္ဒပြသူတွေက ပြည်သူတွေ ငတ်နေကြပြီ လောင်စာဆီဈေးနှုန်းကျဆင်းရေးဖြေရှင်းပေး၊ ကုန်ဈေးနှုန်းကျဆင်း ရေး ဖြေရှင်းပေး၊ အလုပ်အကိုင်ရှားပါးမှု ဖြေရှင်းပေးလို့ ရေးထားတဲ့ဆိုင်းဘုတ်ကိုကိုင်ပြီးအေးအေး ဆေးဆေး ဆန္ဒပြကြတာပါ၊ ကြွေးကြော်တာတွေဘာတွေမရှိဘူး၊ အဲဒါ ချောင်းကောက်ရပ်ကွက်ရောက်တော့ ဖမ်းသွားကြ တယ်”ဟု ၎င်းက ဧရာဝတီသို့ ပြောသည်။

ထိုသို့ မဖမ်းဆီးခင် မြို့တွင်း တနေရာ၌ ဆန္ဒပြသူ ၂ ဦးကို အက်စ်ဘီ ထောက်လှမ်းရေးအဖွဲ့က ခေါ်လာသည့် စစ်သား တဦးက ၀င်ရောက် ထိုးကြိတ်ခဲ့ကြောင်း သိရသည်။

“အန်းလမ်းတနေရာမှာ အဲဒီစစ်သားက လက်သီးနဲ့ဝင်ထိုးလို့ ပြည်သူလူထုကို မင်းတို့ ဒီလို အကြမ်းဖက်တာမျိုး မလုပ်ပါနဲ့လို့ ကျနော်တို့က ၀င်တားခဲ့ပါတယ်၊ အဲဒီအချိန်မှာ ရဲအရာရှိတွေ၊ သက်ဆိုင်ရာ အာဏာပိုင်တွေရှိတယ်၊ သူတို့ရှေ့မှာလုပ်တာ”ဟု ဦးခင်လတ်ကပြောသည်။

အဆိုပါ စစ်သားက ထိုးကြိတ်နေပုံကို တောင်ကုတ် အန်အယ်လ်ဒီ တွဲဖက်အတွင်းရေးမှူး ကိုမင်းအောင်က မှတ်တမ်းဓာတ်ပုံ ရိုက်ယူစဉ် သူ၏ ကင်မရာအား ၎င်း စစ်သားက သိမ်းယူဖျက်ဆီးရန် ကြိုးစားခဲ့ကြောင်း၊ ယင်း ဓာတ်ပုံများကိုလိုချင်သည့် အတွက် စစ်ကွပ်ကဲ အခြေစိုက် အမှတ်-၅ (စကခ-၅) တပ်မမှူးက ရယက ဥက္ကဌအား ၎င်းတို့ကို အခေါ်လွှတ်ခဲ့ကြောင်း ကိုမင်းအောင်က ပြောပြသည်။

“ကျနော့်ကို ဓာတ်ပုံမရိုက်ရဘူး ကင်မရာကိုပေးဆိုပြီးလာလုတယ်၊ ကျနော်က ဒါ ခင်ဗျား ဥစ္စာမဟုတ်ဘူး ကျနော် မပေးနိုင်ဘူး ဆိုပြီး ပြန်ယူပြီးထွက်လာခဲ့တယ်”ဟု ကိုမင်းအောင်က ပြောသည်။

မနက်ပိုင်းက စကခ-၅ တပ်မမှူး ခေါ်သည်ကို တရားဝင်ခေါ်မှလာနိုင်မည်ဖြစ်ကြောင်း အကြောင်းပြန်ခဲ့ပြီးနောက် နေ့လယ် ၂ နာရီကျော် ၃ နာရီခန့်တွင် တောင်ကုတ်မြို့နယ် ဆရာဝန်ကြီးက လာရောက်မေတ္တာရပ်ခံသော ကြောင့် ဦးခင်လတ်နှင့် ကိုမင်းအောင်က ယင်းတပ်မမှူးနှင့် သွားရောက်တွေ့ဆုံခဲ့ရာ တပ်မမှူးက ဆန္ဒပြသူ ၂ ဦးကို အကြမ်းဖက်ထိုးကြိတ်သည့် စစ်သားပုံများကို သိမ်းယူထားလိုက်သည်ဟု ဦးခင်လတ်က ပြောပြသည်။

ဆန္ဒပြသူ ၂ ဦးကိုလည်း ယခုအချိန်အထိ တောင်ကုတ် ရဲစခန်းတွင်ပင် ဖမ်းဆီးချုပ်နှောင်ထားဆဲဖြစ်ကြောင်း သိရသည်။

“ဥပဒေဘောင်တွင်းကနေ ပြည်သူလူထုက မိမိရဲ့ဆန္ဒကို ထုတ်ဖော်ပြသနိုင်ခွင့် ရှိရပါမယ်၊ အဲဒါကို မတရားသဖြင့် ထိုးကြိတ် ရိုက်ပုတ်ဖမ်းဆီး ချုပ်နှောင်ထားတာကို ကျနော်လုံးဝကန့်ကွက်ပါတယ်၊ ဖမ်းဆီးထားသူတွေကို အမြန်ဆုံး ပြန်လွှတ်ပေး ဖို့လည်း တောင်းဆိုပါတယ်”ဟု ဦးခင်လတ်က ပြောဆိုသည်။

ယခုကဲ့သို့ ပြည်သူလူထု၏ အခက်အခဲကို ငြိမ်းချမ်းစွာ ဆန္ဒပြနေသူများအား ဥပဒေမဲ့ အကြမ်းဖက်ခြင်းသည် မဖြစ်သင့် ကြောင်း၊ ဥပဒေကို ကိုင်တွယ်အသုံးပြုနေသည့် နိုင်ငံတော် အုပ်ချုပ်သူများတွင်ဖြေရှင်းပေးရန် တာဝန်ရှိ ကြောင်းလည်း ဦးခင်လတ်က ပြောသည်။

( http://www.irrawaddy.org/bur/news2007/August/aug_31_07.html ကနေယူတယ်။)

No comments: