Tuesday, August 14, 2007

3 maps

မြေပုံသုံးချပ်

ငြိမ်းဝေ | ဧရာဝတီ/ သြဂုတ် ၁၄၊ ၂၀၀၇


ကျနော်ငယ်စဉ်တုန်းက ပုံဆွဲဝါသနာ ပါခဲ့ဖူးပါတယ်။ ပုံတူဆွဲတဲ့နေရာမှာ ကျနော်နဲ့ ဝါသနာတူချင်း ဖြစ်သည့်တိုင် ကျနော့်ကို မီအောင်ဆွဲနိုင်တဲ့ သူငယ်ချင်း မရှိပါဘူး။ ပဉ္စမတန်းကနေ အထက်တန်းရောက်တဲ့အထိ ပထ၀ီဘာသာ အချိန်ကျလို့ မြေပုံဆွဲကြရတော့မယ်ဆိုရင် ဆရာ၊ ဆရာမတွေက ကျနော့်ကိုပဲ မြေပုံဆွဲခိုင်းတတ်ပါတယ်။ ကျောက်သင်ပုန်းကြီးမှာ စာအုပ်ကိုကြည့်ပြီး ကျနော်ဆွဲထားတဲ့ မြေပုံကိုမှ အတန်းထဲက ကျောင်းသားတွေက လိုက်ဆွဲကြရပါတယ်။

ဒီလိုငယ်စဉ်က မြေပုံတွေကိုဆွဲတဲ့အခါ ကျနော့်စိတ်ထဲ ကမ္ဘာ့မြေပုံပဲဖြစ်ဖြစ်၊ မြန်မာ့မြေပုံပဲဖြစ်ဖြစ် ဘယ်နေရာရောက်ရင် ဘယ်လိုကွေ့ ရကောက်ရမယ်၊ ဘယ်တိုက်ကြီးတွေက ဘယ်လိုပုံပန်းရှိတယ်၊ နောက်တော့ မြစ်ကြီးတွေ၊ တောင်တန်းတွေ၊ သဲကန္တာရတွေ၊ မြို့ကြီးတွေအထိ မှတ်မိနေခဲ့ပါတယ်။ အလွတ်ရနေခဲ့ပါတယ်။

မြေပုံတွေထဲမှာ ကျနော်စိတ်အ၀င်စားဆုံးကတော့ တွင်းထွက်ရတနာများတည်ရှိ၊ ထွက်ရှိတဲ့နေရာတွေကို ဆွဲရပြုရတဲ့အခါ တော်တော့်ကို စိတ်ဝင်စားပါတယ်။ ပျော်လည်းပျော်တယ်။ ငါကြီးလာရင် အဲဒီနေရာတွေကို သွားဖြစ်အောင် သွားကြည့်မယ် ပေါ့။ ဒါပေမယ့်လည်း မြေပုံတွေရဲ့ဆွဲဆောင်မှုနောက်ကို ကျနော် မလိုက်ဖြစ်ခဲ့ပါဘူး။ ဘယ်ရတနာတွင်း ရှိတဲ့နေရာကိုမှ လည်း မသွားနိုင်ခဲ့ပါဘူး။ လက်လှုပ်မှ ပါးစပ်လှုပ်ရတဲ့ ကျနော့်ဘ၀က ရတနာတွင်းရှိတဲ့ဒေသတွေဆီ သွားခွင့်မပြုခဲ့ပါဘူး။

ကြီးလာတော့ မြေပုံတွေထဲကတဆင့်သိရတဲ့ ရတနာတွင်းတွေဆီ ခြေဦးမလှည့်နိုင်ပေမယ့် ကျနော့်အိမ်ကလေးထဲမှာ မြေပုံတွေဝယ်ပြီး ချိတ်ပါတယ်။ အလုပ်အားတဲ့အခါ အပန်းဖြေတဲ့အနေနဲ့  မြေပုံကားချပ်တွေကိုချပြီး ကြည့်တတ်ပါတယ်။ သားတွေသမီးတွေရလာတော့လည်း မြေပုံကားချပ်တွေနဲ့ ကျနော် မကင်းကွာခဲ့ပါဘူး။ ကိုယ်တွင်မက သားသမီးတွေကိုပါ မြေပုံကားချပ်ဘေးသွားရပ်ခိုင်းပြီး မြေပုံထဲက သိသင့်သိထိုက်တယ်ထင်တဲ့ အရာတွေကို မှတ်သားစေပါတယ်။ တခါတလေ အလိုက်ကန်းဆိုး မသိတတ်လွန်းတဲ့ ကျနော့်အကျင့်ကို ဇနီးဖြစ်သူက မြည်တွန်တောက်တီးပါတယ်။ တော့်ဘာသာ မြေပုံ ရောဂါထရင် ထပါ၊ သားသမီးတွေကိုတော့ တော်ရုံသင့်ရုံပဲခိုင်းပါ၊ ဒီလောက်ကြီး မနှိပ်စက်ပါနဲ့လို့ဆိုမှပဲ ကိုယ့်အရှိန်ကို ကိုယ်ပြန်ပြီး ဘရိတ်အုပ်ရတော့တာပေါ့။

အခု … အသက် (၆၀) နီးလာပြီ။ ဘ၀အကျိုးပေးမကောင်းလို့ မိသားစုနဲ့ဝေးပြီး ခွဲနေရပေမယ့် မြေပုံတွေနဲ့ ကျနော်ကတော့ ဒီကနေ့ အထိ နှစ်ပါးဂဟေဆက်ထားတုန်းပါပဲ။ ကျနော်အလုပ်လုပ်တဲ့ စာကြည့်တိုက်ကလေးမှာ မြေပုံတွေ ချိတ်ထားခဲ့ ပါတယ်။ ကျနော့်မိသားစုလေး ရှိနေတဲ့နေရာကအစ အမေရိကန်စစ်တပ်တွေ ကသောင်းကနင်းဖြစ်နေတဲ့ အီရတ်နိုင်ငံ “ဘဂ္ဂဒက်မြို့” အဆုံး ခဏခဏ လိုက်ကြည့်နေရတုန်းပါပဲ။

တနေ့ကတော့ မြေပုံတွေအကြောင်းရေးထားတဲ့ ကဗျာတပုဒ်ကို အမှတ်မထင် ကျနော် ဖတ်ရပါတယ်။ ဒီကဗျာကိုဖတ်တော့ လွန်ခဲ့တဲ့ တနှစ်ကျော်က ဖတ်ခဲ့ဖူးတဲ့ နောက်ထပ်ကဗျာတပုဒ်ကိုပါ ပြန်ပြီးသတိရလိုက်ပါတယ်။ အဲဒီကဗျာကလည်း မြေပုံတွေအကြောင်းရေးထားတဲ့ ကဗျာပါပဲ။ အလိုလိုမှ မြေပုံရူးသွပ်သူကျနော့်မှာ ကဗျာတွေထဲက မြေပုံတွေအကြောင်း ဖတ်ရတော့ စိတ်လှုပ်ရှားပြီး အဲဒီကဗျာနှစ်ပုဒ်စလုံးကို သေသေချာချာကူး မှတ်ထားလိုက်ပါတယ်။ ကဗျာတွေထဲက မြေပုံတွေကို စိတ်ကူးနဲ့ ပုံဖော်ကြည့်ပါတယ်။ အကြိမ်ကြိမ်ဖတ်ပြီး အထပ်ထပ် အခါခါ စဉ်းစားပါတယ်။

ကျနော် တွေ့ထားတဲ့ ကဗျာတွေထဲက မြေပုံတွေဟာ ကျနော်ငယ်စဉ်ကတည်းက စွဲလမ်းခဲ့ရတဲ့ ရတနာမြေဒေသတွေကို ညွှန်ပြတဲ့ မြေပုံတွေလိုပဲ လမ်းပြမြေပုံတွေ ဖြစ်နေတာတွေ့ရပါတယ်။ လူတွေကို သုခနဲ့ တွေ့စေမယ့် မြေပုံ၊ ဒါမှမဟုတ် ဒုက္ခနဲ့ တွေ့စေမယ့် လမ်းပြမြေပုံ ဒီသဘောပါပဲ။ တသက်လုံး နှစ် (၅၀) လောက် မြေပုံတွေနဲ့ ယဉ်ပါးလာခဲ့တဲ့ ကျနော်ဟာ ကဗျာထဲမှာတွေ့ရတဲ့ မြေပုံတွေကို တွေ့ကာမှပဲ အတွေးတချို့ ကွန့်မြူးလင်းလက်လာပါတယ်။

ဒီမြေပုံအတိုင်းဆိုရင်

ကမ္ဘာမှာ
စစ်ပွဲနှစ်ပွဲ ပြီးသွားတယ်
ငါတို့ မပြီးသေးဘူး။

“စစ်ဖြစ်တော့မှာလား”
သတင်းထောက်များမေးတော့
“ဘယ်နိုင်ငံနဲ့လဲ”
ဂျော့ဂ်ျဒဗလျူဘုရှ် ဖြေတယ်။

ငါတို့ရဲ့ဟာသကလည်း ထို့အတူ
ဘယ်အရာနဲ့လဲ။

ဒီမြေပုံအတိုင်းဆိုရင်
အားလုံးသေကုန်တော့မှာပဲ။ ။

ဒါကတော့ မြန်မာကဗျာဆရာလေး “ စိုင်းဝင်းမြင့်”ရဲ့ ကဗျာထဲက “မြေပုံ” ပါပဲ။ သူကတော့ ရှင်းပါတယ်။ သူ့  ကဗျာထဲမှာ ပါတဲ့ “လမ်းပြ” မြေပုံဟာ လူတွေကို “ဒုက္ခ” တွေဆီ လမ်းညွှန်တဲ့ မြေပုံဖြစ်ပါသတဲ့။

အမွှာကောင်းကင်

မျက်လုံးတွေထဲမှာ အမွှာကောင်းကင်နှစ်ခု
တခုက ကမ္ဘာမြေရဲ့ အပေါ်မှာ
ကြယ်တွေပြည့်နှက်
ဘုရားဖူးလမ်းညွှန်မြေပုံ
သေချာတိကျတဲ့လမ်း။

နောက်တခုက မြေကြီးအောက်မှာ
နက်မှောင်လေးလံတဲ့ကောင်းကင်
ရတနာတွေအပြည့်
ပျောက်ဆုံးနေတဲ့ မြေပုံ
နောက်ဆုံး မျှော်လင့်မှု။

ဒီကဗျာကတော့ ချက်ကဗျာဆရာ “၀ပ်လ်ဒ် မာရာ” ရဲ့ ကဗျာပါ။ ချက်နဲ့ စလိုဗက် (၂) နိုင်ငံ ကတ္တီပါလမ်းမခွဲခင်တုန်းက၊ ပြီးတော့ “ကတ္တီပါတော်လှန်ရေး” မအောင်မြင်ခင်တုန်းက ရေးတဲ့ကဗျာပါ။ ချက်နဲ့ စလိုဗက်လူမျိုးတွေ မိဒွေးတော်တပါတီ အာဏာရှင်စနစ်ရဲ့ လက်အောက်က လွတ်မြောက်ဖို့ ဘယ်လိုမြေပုံမျိုးကို ရွေးကြမလဲဆိုတဲ့သဘော ရေးခဲ့တဲ့ကဗျာပါ။

စာပေစိစစ်ရေးရဲ့ မျက်စိရှေ့မှောက်မှာ ခြေဖျားထောက်ပြီး လမ်းလျှောက်နိုင်အောင် “သင်္ကေတ” အဖွဲ့ကဗျာပါ။ ချက်နဲ့ စလိုဗက်လူမျိုးတွေဟာ ဘယ်လိုလမ်းပြမြေပုံမျိုးကို ရွေးသင့်သလဲ။

ကဗျာနှစ်ပုဒ်ထဲက “မြေပုံသုံးချပ်”ကိုဖတ်ရတော့ နှစ်ပေါင်းများစွာ တဘ၀လုံးယှဉ်ပြီး မြေပုံတွေနဲ့ ရူးသွပ်လာခဲ့တဲ့ ကျနော်ဟာ အတွေးတချို့ လင်းလက်ပြီး သြော် … ငါဟာဖြင့် မြေပုံတွေ မရေမတွက်နိုင်အောင် ထိုင်ကြည့်နေခဲ့ဖူးပေမယ့် “မြေပုံတွေရဲ့ တကယ့်သဘောသဘာဝ” ကို မဆုပ်ကိုင်နိုင်ခဲ့ပါလားလို့တွေးပြီး ကိုယ့်ကိုယ်ကို မချင့်မရဲ ဖြစ်ရပါတယ်။

တသက်လုံး မြေပုံတွေနဲ့ လက်ပွန်းတတီး နေလာခဲ့တဲ့ ကျနော်ဟာ မြေပုံတွေရဲ့ အကွေးအရစ်၊ အမို့အမောက်၊ မြစ်နာမည် တောင်နာမည်၊ မြို့နာမည်လောက်ကိုပဲ ကြည့်ပြီး နိုင်ငံတွေဘယ်လို ပေါ်ပေါက်လာရတယ်၊ မြစ်တွေ ဘာကြောင့် ကောသွား ရတယ်၊ သဲကန္တာရတွေ ဘာကြောင့် ဖြစ်လာရတယ်ဆိုတဲ့ လက်တဆုံးနှိုက်ပြီး တွေးသင့်တဲ့အထိ ရောက်မလာနိုင်ခဲ့ပါဘူး။ လမ်းပြမြေပုံတွေရဲ့ အရေးပါမှုဟာ လူတွေရဲ့ဘ၀နဲ့ ဘယ်လိုပတ်သက် ဆက်စပ်နေတယ်ဆိုတာ မသိခဲ့ပါဘူး။

တကယ်တော့ လမ်းပြမြေပုံတိုင်းဟာ နက်နဲတဲ့ အဓိပ္ပာယ်တွေရှိနေတယ်ဆိုတာ ကျနော်တို့မြင်အောင် ကြည့်တတ်ကြရ ပါလိမ့်မယ်။

ကိုးကား။ ။ (၁) နားနားပြီးပြော (စိုင်းဝင်းမြင့်)
(၂) CHILD OF EUROPE
(A . NEW ANTHOLOGY OF EAST EUROPEAN POETRY)


(ဘလော့ဂါမှတ်ချက် - ဒီသတင်းကို http://www.irrawaddy.org/bur/ratha2007/August/03.html ကနေ ယူတယ်။)



No comments: