Tuesday, August 21, 2007

nld walkers under pressure

ကားခဈေးကြီး၍ လမ်းလျှောက်သည့်
အန်အယ်လ်ဒီပါတီဝင်များ နှိမ်နင်းခံရ

ပီတာအောင် / ၂၁ သြဂုတ် ၂၀၀၇

ဘတ်စ်ကားခများ ဈေးကြီးသဖြင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးသို့ လမ်းလျှောက်သွားသည့် အန်အယ်လ်ဒီ ပါတီဝင်အချို့သည် လူတစု၏ ခြိမ်းခြောက်နှောင့်ယှက်ခံ့ရသည်ဟု ကိုယ်တွေ့ကြုံသူ များက ပြောသည်။

ယနေ့နံနက် (၁၀) နာရီခန့်က ရန်ကင်းမြို့နယ် အန်အယ်လ်ဒီဥက္ကဋ္ဌ ဦးမျိုးခင်၊ ဒု-ဥက္ကဋ္ဌ ဦးအေး မောင်တို့အပါအ၀င် ပါတီဝင်(၆) ဦးတို့သည် အဖွဲ့ချုပ်ရုံးသို့အသွား တာမွေမြို့နယ် ရွေဗဟိုအထူးကု ဆေးခန်း မှတ်တိုင်ရှေ့အရောက်တွင် ပြဿနာကြုံတွေ့ခြင်းဖြစ်သည်။

ဦးမျိုးခင်က “ပြည်သူအယောင်ဆောင်စွမ်းအားရှင်တွေပေါ့၊ ကျနော်တို့ကို မင်းမဲ့စရိုက်ဆန်ဆန် ရိုင်းရိုင်းစိုင်းစိုင်းဆက်ဆံပြီးတော့ ရိုက်နှက်ဖို့အထိ အစီအစဉ်ရှိတယ်ခင်ဗျ။ ကျနော်တို့ကို မင်းတို့ ဒီနေရာက ချက်ချင်းထွက်တဲ့၊ တို့ကရပ်ကွက်လူထုကွတဲ့၊ ဒေါသပေါက်ကွဲလာရင် အသေရိုက်သတ် ပစ်မယ်ဆိုပြီး ကျနော့်ကို လက်တွေဘာတွေကိုင်ပြီး ဟန်ရေးပြတယ်” ဟု ပြောသည်။

အဆိုပါလူတစုက အန်အယ်လ်ဒီပါတီဝင်များကို အမှတ် (၅၀) လိုင်းကားပေါ်သို့ လူအင်အားဖြင့် အတင်းတွန်းတင်ခဲ့ကြောင်း၊ အဖွဲ့ချုပ်ဝင်များမှာ ဘတ်စ်ကားနှင့်ပါသွားပြီး ခြောက်ထပ်ကြီး မှတ်တိုင်တွင် ဆင်းကာ ဗဟန်းရှိ အဖွဲ့ချုပ်ရုံးသို့ လမ်းလျှောက်လာခဲ့ရကြောင်း ၎င်းက ပြောသည်။

အလားတူ သင်္ကန်းကျွန်းမြို့နယ် အဖွဲ့ချုပ် လူငယ်တာဝန်ခံ ကိုအောင်ထွန်းနှင့် အန်အယ်လ်ဒီပါတီဝင် (၅) ဦးတို့သည်လည်း တာမွေမြို့နယ် ဗလီထိပ် ကားမှတ်တိုင်၌ ခြိမ်းခြောက်ခံရကြောင်း သိရသည်။

ကိုအောင်ထွန်းက “လမ်းစရိတ်မရှိတဲ့လူတွေ ရုံးကို အတူတူ လမ်းလျှောက်သွားမယ်ဆိုပြီး ပြောနေ တုန်း ကျနော်တို့ကို လာဝိုင်းပြီးတော့ မင်းတို့ ဒီနေရာကနေ ဖယ်ကြပါတဲ့။ ဒီနေရာကနေ သွားမလား မသွားဘူးလား ဒါပဲပြော၊ မင်းတို့ကိုရိုက်ဖို့ လူငှားထားပြီးပြီတဲ့။ ကျနော်တို့က လမ်းအေးအေးဆေး ဆေးလျှောက်သွားပါရစေလို့ပြောနေတုန်းမှာ ရိုက်ပစ်မယ်ကွာဆိုပြီး တယောက်က ကျနော့်ကို ဆောင့်တွန်းတယ်၊ ကဲရိုက်ကွာဆိုပြီး ကျနော်လည်း ခေါင်းထိုးပေးလိုက်တယ်” ဟု ပြောသည်။

ထိုသို့ အခြေအတင်ဖြစ်နေစဉ် ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်တဦးဖြစ်သူ ကိုဌေးကြွယ်
နှင့် အဖွဲ့ရောက်လာပြီး အန်အယ်လ်ဒီလူငယ်များကို ဆွဲခေါ်ထုတ်သွားခဲ့ကြောင်း၊ ထို့နောက် အန်အယ်လ်ဒီရုံးချုပ်အထိ လမ်းလျှောက်လာခဲ့ကြကြောင်း ကိုအောင်ထွန်းက ပြောသည်။

ပြဿနာ၏အရင်းခံဖြစ်သည့် လောင်စာဆီဈေးနှုန်း မြင့်တက်မှုကို မဖြေရှင်းဘဲ ဘတ်စ်ကား
မစီးနိုင်၍ လမ်းလျှောက်သူများကို နှိမ်နင်းသည့်နည်းဖြင့် ဖြေရှင်းခြင်းသည် မှားယွင်းကြောင်း၊ အာဏာပိုင်များအနေဖြင့် အကြမ်းဖက်မှုကို နှိမ်နင်းရမည့်အစား အကြမ်းဖက်မှုများကို ပြုစု ပျိုးထောင်နေသည်ဟု အန်အယ်လ်ဒီ ပြောရေးဆိုခွင့်ရှိသူ တဦးဖြစ်သူ ဦးမြင့်သိန်းက ပြော ကြားသည်။

ယခုလ (၁၅ ) ရက်၌ နအဖစစ်အစိုးရက ဓာတ်ဆီဈေး တဂါလန် ကျပ် (၁၅၀၀) မှ (၂၅၀၀)၊
ဒီဇယ် တဂါလန် ကျပ် (၁၅၀၀) မှ (၃၀၀၀) သို့ ကြိုတင်အသိပေးခြင်းမရှိဘဲ ရုတ်တရက်
တိုးမြှင့်လိုက်ပြီးသည့်နောက် နောက်တနေ့တွင် မြို့တွင်းဘတ်စ်ကားခများကိုလည်း တရားဝင်
နှစ်ဆ မြှင့်တင်ခဲ့သည်။

လောင်စာဆီဈေးနှုန်း မြင့်တက်လာမှုကြောင့် အခြေခံကုန်ဈေးနှုန်းများမြင့်တက်လာပြီး ပြည်သူ လူထုကို ဆင်းရဲတွင်း ပိုနက်စေကြောင်းနှင့် တိုင်းပြည်မငြိမ်မသက်ဖြစ်လာပါက စစ်အစိုးရ၏
တာဝန်သာဖြစ်ကြောင်း အန်အယ်လ်ဒီက ယမန်နေ့က ထုတ်ပြန်ကြေညာထားသည်။


(ဘလော့ဂါမှတ်ချက် - ဒီသတင်းကို http://www.khitpyaing.org/news/august_2007/21-8-07e.php ကနေ ယူတယ်။)



No comments: