Wednesday, August 22, 2007

strike news by irrawaddy


ရန်ကုန်တွင် ဆန္ဒပြလမ်းလျှောက်ပွဲဖြစ်ပွား
ကိုသက် ဧရာဝတီ။ သြဂုတ် ၂၂၊ ၂၀၀၇

ယနေ့နံနက်ပိုင်းက ၈၈ မျိုးဆက်ကျောင်းသားအဖွဲ့နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) တို့မှ အမျိုးသမီးများကဦးဆောင်၍ လောင်စာဆီဈေးနှုန်းများကျဆင်းရေးအတွက် ရန်ကုန်မြို့ မြေနီကုန်းမှ သမိုင်းလမ်းဆုံအထိ ချီတက်ဆန္ဒပြခဲ့သည်ဟု လမ်းလျှောက်ပွဲတွင်ပါဝင်သည့် ၈၈ မျိုးဆက်ကျောင်းသူ မသက်က ဧရာဝတီကိုပြောဆိုသည်။

၈၈ မျိုးဆက်ကျောင်းသူ မသက်က “ကျမတို့က ပြည်သူတွေကိုယ်စား ဆန္ဒပြလမ်းလျှောက်ပေးတာ ဖြစ်တယ်။ မြေနီကုန်းကစထွက်တော့ လူဦးရေ တရာလောက်ရှိပြီး လှည်းတန်းရောက်တော့ ပြည်သူပါပေါင်းလိုက်ရင် ငါးရာလောက်ဖြစ်လာတယ်။ သမိုင်းကိုရောက်တော့ ထောင်နဲ့ချီသွားတယ်” ဟု ပြောသည်။

ချီတက်ဆန္ဒပြသူများတွင် အသက် ၁၄ နှစ်၊ ၁၅ နှစ် အရွယ်ကလေးငယ်များအထိပါဝင်ပြီး အင်းစိန် လမ်းမကြီးနှင့် ပါရမီလမ်းဆုံသည့်မီးပွိုင့်တွင် ၈၈ မျိုးဆက်ကျောင်းသူ မမီးမီးက ပြည်သူလူထုအား တရားဟောသည်ဟုလည်း မသက်က ပြောသည်။

၎င်းချီတက်ဆန္ဒပြပွဲကို ၈၈ မျိုးဆက်ကျောင်းသားအဖွဲ့မှ ကျေင်းသူ မမီးမီး၊ မနီလာသိန်းနှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ မဖြူဖြူသင်း၊ မနော်အုန်းလှတို့ကဦးဆောင်သည် ဟုလည်း သိရသည်။

၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုဌေးကြွယ်က “ကျနော်တို့ ကျောင်းသား၊ ကျောင်းသူတွေဟာ ပြည်သူရဲ့ ကိုယ်စား ပြည်သူ့ဆန္ဒကို ထုတ်ဖော်ပြပါတယ်။ ပြည်သူနဲ့ကျနော်တို့ဟာ တသားတည်းရှိနေပါတယ်။ ပြည်သူရဲ့ လိုအပ်ချက်အတွက် ဘာကိုပဲပေးရပေးရ ကျနော်တို့မျိုးဆက်ဟာ ဘာကိုပဲရင်းရရင်းရ လှုပ်ရှားမှုတွေကို ဆက်တိုက်ဆက်လုပ်သွားမှာ ဖြစ်ပါတယ်” ဟု ဧရာဝတီကိုပြောသည်။

ချီတက်ဆန္ဒပြသူများနောက်သို့ ကြံ့ဖွံ့များကဆိုင်ကယ်အစီးဆယ်ပေါင်းများစွာဖြင့် လိုက်လံနှောင့်ယှက်နေကြပြီး အရှေ့မှလည်း ဓာတ်ပုံ၊ ဗီဒီယိုများရိုက်၍ မှတ်တမ်းယူနေသည့်ကြားက ပြည်သူလူထုက လက်ခုပ်များတီးကာ ကြိုဆိုလျက်ရှိသည်ဟု ကိုဌေးကြွယ်က ပြောသည်။

ချီတက်ဆန္ဒပြနေကြစဉ် မနော်အုန်းလှအပါအ၀င် အမျိုးသမီး ၇ ယောက် ဦးစွာအဖမ်းခံကြရပြီး သမိုင်းလမ်းဆုံ မရောက်မီ ဘုရာလမ်းမှတ်တိုင်အလွန်တွင် လမ်းလျှောက်ဆန္ဒပြသူ ၁၅၀ ကျော်ကို အသင့်ခေါ်ထားသည့် ဒိုင်နာကားပေါ်သို့ ဖမ်းဆီး တင်ဆောင်သွားကြောင်း သိရသည်။ နေ့လယ် ၂ နာရီကျော်တွင် ရန်ကုန်မြို့လယ် အနော်ရထာလမ်းရှိ နီလာဒံပေါက်ဆိုင် ရှေ့တွင် ဆန္ဒပြရန်ကြိုးစားသည့် လူငယ်ခြောက်ဦးကို အာဏာပိုင်တို့က ဖမ်းဆီးသွားသည်ဟု မျက်မြင်သက်သေတဦးက ပြောဆိုသည်။

ချီတက်ဆန္ဒပြပွဲကို နိုင်ငံခြားသတင်းထောက်များနှင့် ပြည်တွင်းဂျာနယ်အချို့လည်း လိုက်ပါသတင်းယူကြသည်ဟု စုံစမ်းသိရှိရသည်။

ရန်ကုန်မြို့နေရာအနှံ့အပြားတွင်လည်း လမ်းလျှောက်ဆန္ဒပြပွဲငယ်များဖြစ်ပွားနေသည်ဟု သိရသည်။


(ဘလော့ဂါမှတ်ချက် - ဒီသတင်းကို http://www.irrawaddy.org/bur/news2007/August/aug_22b_07.html ကနေ ယူတယ်။)


No comments: