Friday, August 24, 2007

students cancel strike plan ( nej )

လောင်စာဆီဈေးနှုန်းကျဆင်းရေးဆန္ဒပြပွဲ ယနေ့ဖျက်သိမ်းလိုက်ရ
ပီတာအောင် NEJ / ၂၄ သြဂုတ် ၂၀၀၇

ဆန္ဒပြမည့်သူများအား ထိခိုက်မည်ကို ရှောင်ရှားသည့်အနေဖြင့် ယနေ့နေ့လယ်၌ တာမွေဈေးရှေ့တွင် ပြုလုပ်ရန်စီစဉ်ထားသော စက်သုံးဆီဈေးနှုန်းကျဆင်းရေး ဆန္ဒပြပွဲကို ဖျက်သိမ်းလိုက်ကြောင်း
၈၈ မျိုးဆက်ကျောင်းသားများက ပြောသည်။

ယနေ့နံနက် (၁၀) နာရီခန့်ကတည်းက ဆန္ဒပြမည့် နေရာ၌ ကြံ့ဖွံ့နှင့် စွမ်းအားရှင်အဖွဲ့များက အဖြူရောင် အင်္ကျီများ ၀တ်ဆင်ကာ ဆန္ဒပြသူများအသွင် အယောင် ဆောင်ထားပြီး နိုင်ငံရေးလှုပ်ရှားသူများကို နှိမ်နင်းရန် ကြိုတင်စောင့်ဆိုင်းနေကြကြောင်း ဆန္ဒပြပွဲ ဦးဆောင်သူ တဦးဖြစ်သည့် ၈၈ မျိုးဆက်ကျောင်းသူ မမီးမီးက ပြောသည်။

၎င်းက “ကျနော်တို့မရောက်ခင် သူတို့ကကြိုပြီးတော့ အဖြူတွေနဲ့ရောက်နေတယ်။ အုပ်စုတွေနဲ့ ရှိနေတဲ့အခါကျတော့ ကျနော်တို့လူတွေ ထိခိုက်နစ်နာမှာစိုးတဲ့အတွက် ဒီနေ့တနာရီကို ဖျက်လိုက် ရတာပါ။ သူတို့ဘက်ကလူတွေ ကျနော်တို့တွေနဲ့ရောပြီးတော့ ဟိုနေ့ကအုတ်ကျင်းမှာလိုပဲ ကျနော်တို့ ချီတက်တဲ့ လမ်းတလျှောက်မှာ ပါလာပြီးတော့ အနီးရောက်တော့မှ ကိုယ်ထိလက်ရောက်စော်ကား တာမျိုးတွေရှိတဲ့အတွက်ကြောင့်မို့လို့ပါ” ဟု ပြောသည်။

ပြီးခဲ့သည့်ရက်များအတွင်းက လောင်စာဆီဈေးကျဆင်းရေး လမ်းလျှောက်ဆန္ဒပြသူများကို ကြံ့ဖွံ့နှင့် စွမ်းအားရှင်အဖွဲ့များဝင်များက အကြမ်းဖက်ဖမ်းဆီးခဲ့သည်။

ဆန္ဒပြရာတွင် ပါဝင်သူများ၏ နေအိမ်ပတ်ဝန်းကျင်များ၌ လုံခြုံရေးအစောင့်များချထားပြီး ဆန္ဒပြပွဲ ဦးဆောင်သူများမှာ ပေါ်ပေါ်ထင်ထင်သွားလာရ ခက်ခဲနေသော်လည်း လုပ်ဖော်ကိုင်ဖက်များနှင့် တိုင်ပင်ကာ ဆက်လက်လှုပ်ရှားသွားမည်ဟု ၈၈ မျိုးဆက်ကျောင်းသားများက ပြောသည်။

ယနေ့ ရန်ကုန်မြို့၌ အဖမ်းအဆီးများ ဆက်လက်ရှိနေဆဲဖြစ်ပြီး လူ့အခွင့်အရေးလှုပ်ရှားသူ ဦးမြင့်
အေးကို ယနေ့နံနက် (၁၁) နာရီခွဲခန့်တွင် နေအိမ်မှအထွက်၌ အာဏာပိုင်များက ဖမ်းဆီးကာ
ကျိုက္ကဆံ စစ်ကြောရေးစခန်းသို့ ပို့ဆောင်လိုက်ပြီး ဒဂုံမြို့သစ်၌ အန်အယ်လ်ဒီပါတီဝင် (၃) ဦးလည်း ဖမ်းဆီးခံရကြောင်းသိရသည်။

ဧရာဝတီတိုင်း ပုသိမ်မြို့ မြို့သစ်ဈေးရှေ့၌ လောင်စာဆီနှင့်ကုန်ဈေးနှုန်းကြီးမြင့်မှုကို ကန့်ကွက်သည့် ပိုစတာကိုင်၍ တကိုယ်တော်ဆန္ဒပြသူ ကိုအေးဝင်း ဖမ်းဆီးခံရသည်။ ။



(ဘလော့ဂါမှတ်ချက် - ဒီသတင်းကို http://www.khitpyaing.org/news/august_2007/24-8-07c.php ကနေ ယူတယ်။)



No comments: