
ဗကသ များအဖွဲ့ချုပ် ပြန်လည်ထူထောင်
ကိုသက် သြဂုတ် ၂၈၊ ၂၀၀၇
ကိုသက် သြဂုတ် ၂၈၊ ၂၀၀၇
ကိုလိုနီနယ်ချဲ့ ဆန့်ကျင်ရေးလှုပ်ရှားမှုများမှသည် ၁၉၈၈ ခုနှစ် ဒီမိုကရေစီရေးတော်ပုံ ကာလများအထိ ခေတ်အဆက်ဆက် သမိုင်းအစဉ်အလာကြီးမားခဲ့သည့် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (ဗကသ) ကို လက်ရှိပညာ သင်ကြားနေသည့် တက္ကသိုလ်ကျောင်းသားများဖြင့် စုစည်းပြီး အသစ်ပြန်လည်ဖွဲ့စည်းကြောင်း သိရသည်။
အသစ်ပြန်လည်ဖွဲ့စည်းသည့် ဗကသကို ဗဟိုစည်းရုံးရေးကော်မတီအနေဖြင့် ပြန်လည်ဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီး အဆင့်ဆင့်တိုးချဲ့ဖွဲ့စည်းသွားမည်ဟု ၎င်းအဖွဲ့ မှ ပြောရေးဆိုခွင့်ရှိသူ စီးပွားရေးတက္ကသိုလ်ကျောင်းသား ကိုကျော်ကိုကိုက ဧရာဝတီကို ပြောသည်။
“စစ်ဖိနပ်အောက်မှာ ပြားပြားဝပ်နေရတဲ့ မိဘပြည်သူတွေနဲ့ ကျောင်းသား တွေရဲ့ မွန်းကြပ်နေတဲ့ အကြပ်အတည်းတွေကြားကနေ ပြန်လည်ရုံးထွက် လွတ်မြောက်နိုင်ဖို့အတွက် ဒီလိုအချိန်မှာငုံ့ခံမနေတော့ဘဲ ရုန်းကန်ရင်းနဲ့ လွတ်မြောက်အောင်ကြိုးစားရမယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ဗကသများအဖွဲ့ ချုပ်ကို ပြန်လည် ထူထောင်ရတာဖြစ်ပါတယ်” ဟု ကိုကျော်ကိုကိုက ပြောသည်။
ယနေ့နေ့စွဲဖြင့်ထုတ်ပြန်သည့် ဗဟိုစည်းရုံးရေးကော်မတီ၏ ထုတ်ပြန်ကြေညာချက်တွင် “ကျောင်းသားများသည် မိဘပြည်သူ များမှ မွေးဖွားပေးလိုက်သော ပြည်သူ့သွေးသားများ ဖြစ်သည့်အတွက် ယခုအချိန်၌ မိမိတို့၏မိဘများ ကိုယ်တွေ့ရင်ဆိုင် ခံစားနေရသော အခက်အခဲများ၊ မိမိတို့တိုင်းပြည်၏ ပြည်တွင်းနိုင်ငံရေး အခက်အခဲများ၊ ပညာ သင်ကြားရာ၌ မိမိတို့ ကိုယ်တိုင်ကြုံတွေ့နေရသော အခက်အခဲများစသည့် အထွေထွေ အခက်အခဲပေါင်းများစွာကို ညီညီညာညာ စုပေါင်းဖြေရှင်း ကြဖို့ အချိန်ကျရောက်နေပြီဖြစ်သည်” ဟု ရေးသားထားသည်။
မြန်မာနိုင်ငံတွင် ကျောင်းသားအခွင့်အရေး၊ လူ့အခွင့်အရေးနှင့် နိုင်ငံသားအခွင့်အရေးများ ရရှိရေးအတွက် ကိုယ်ကျိုးမဖက် တိုက်ပွဲဝင်မည်ဟုလည်း ဗကသကျောင်းသားများက ကြေညာချက်တွင် သစ္စာ အဓိဋ္ဌာန် ပြုထားသည်။
မြန်မာနိုင်ငံ၏ ဒုတိယကျောင်းသားသပိတ်ကာလအတွင်း ၁၉၃၆ ခုနှစ် မေလ ၈ ရက်နေ့ ရန်ကုန် ဂျူဗလီဟောတွင်ကျင်းပ သည့် ကျောင်းသားညီလာခံ၌ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်ကို စတင်ဖွဲ့စည်းခဲ့ရာ ပထမဆုံး ဥက္ကဌမှာ ဦးရာရှစ်ဖြစ်ပြီး ဒုက္ကဌမှာ မြန်မာနိုင်ငံ၏ လွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်း ဖြစ်သည်။
လွန်ခဲ့သည့် ၁၉ နှစ်၊ ၁၉၈၈ ခုနှစ် သြဂုတ်လ ၂၈ ရက်နေ့ ရှစ်လေးလုံး အရေးတော်ပုံကာလအတွင်းက ဒီမိုကရေစီ လှုပ်ရှား မှုကိုဦးဆောင်သည့် ကျောင်းသားများက ဗကသကို ပြန်လည်အသက်သွင်းခဲ့ကြပြီး လတ်တလော အဖမ်းခံနေရသည့် ၈၈ မျိုးဆက်ကျောင်းသားအဖွဲ့၏ခေါင်းဆောင် ကိုမင်းကိုနိုင် ဥက္ကဌ ဖြစ်လာခဲ့သည်။
ထိုအချိန်က ဗကသ ခေါင်းဆောင်တဦးဖြစ်ခဲ့သည့် အမေရိကန်အခြေစိုက် US Campaign for Burma အဖွဲ့၏ မူဝါဒရေးရာ ဒါရိုက်တာ ဦးအောင်ဒင်က “မဆလ ခေတ်ဆိုးကြီးအောက်မှာ နှစ်ပေါင်းများစွာ ပျောက်ကွယ်နေတဲ့ ဗကသ ကို လွန်ခဲ့တဲ့ ၁၉ နှစ်က ပြန်လည်တည်ထောင်နိုင်ခဲ့တဲ့အတွက် များစွာဂုဏ်ယူမိတယ်။ အခု ကျနော်တို့ ညီငယ်လေးတွေက ဗကသကို ပြန်လည်ဖွဲ့စည်းတည်ထောင်တယ်ဆိုတော့ အင်မတန်ဝမ်းသာတယ်၊ ဂုဏ်ယူတယ်။ ရှေ့ဆက်ပြီးတော့လည်း ဗကသရဲ့ သမိုင်းပြောင်မြောက်တဲ့ ခွပ်ဒေါင်းအလံကို ရဲရဲရင့်ရင့် မြှင့်တင်နိုင်မယ်လို့ မျှော်လင့်တယ်” ဟု ပြောသည်။
၎င်းအပြင် လက်တွေ့ကျသည့်နည်းလမ်းများဖြင့် ပြည်သူလူထုဘက်မှ ရပ်တည်တိုက်ပွဲဝင်မည့် လုပ်ရပ်များကိုလည်း မျှော်လင့်ကြောင်း ဦးအောင်ဒင်က ပြောဆိုသည်။
(ဘလော့ဂါမှတ်ချက် - ဒီသတင်းကို http://www.irrawaddy.org/bur/news2007/August/aug_28b_07.html ကနေ ယူတယ်။)
No comments:
Post a Comment