Saturday, August 25, 2007

return of ko htin kyaw?

ပြည်သူ့ကိုယ်စားလှယ်တွေပါဝင်ဦးဆောင်ကြဖို့ ကိုထင်ကျော်ကတိုက်တွန်း
မောင်တူး ။ ဒီဗွီဘီ သတင်းထောက် ။ ၂၄ ။ သြဂုတ် ။ ၂၀၀၇

ပြည်သူရွေးချယ်ထားတဲ့ ပြည်သူ့ ကိုယ်စားလှယ်တော်တွေအနေနဲ့ အထွေထွေ အကြပ်အတည်းတွေနဲ့ ရင်ဆိုင်နေရတဲ့ ပြည်သူတွေဘက်က မားမားမတ်မတ် ရပ်တည်ဦးဆောင်မှု ပေးသင့်ပြီလို့ ကုန်ဈေးနှုန်း ကျဆင်းရေး ဆန္ဒပြပွဲဦးဆောင်သူ ကိုထင်ကျော်က တိုက်တွန်း ပြောဆိုလိုက်ပါတယ်၊

ပထမဆုံး မေးခဲ့တာကတော့ ကိုထင်ကျော်အနေနဲ့ ဘယ်အချိန်မှာ လူထုရှေ့ကို ဘယ်အချိန်မှာ ထွက်ဆန္ဒပြ တောင်းဆိုမလဲဆိုတဲ့ အမေးဖြစ်ပါတယ်။

“မကြာခင်အချိန်မှာ ပြည်သူတွေရှေ့က မားမားမတ်မတ်ရပ်ပြီးတော့ ကျနော်ထွက်မယ်ဆိုတဲ့အကြောင်းကို အသိပေးလိုပါတယ်။

နောက်တခုကပေါ့ဗျာ၊ လက်ရှိ ပြည်သူလူထုရဲ့ မွန်းကြပ်နေတဲ့ ဆင်းရဲဒုက္ခတွေကို ဆန္ဒထုတ်ဖော်တဲ့ပွဲတွေမှာ လက်ရှိ နအဖ စစ်ခေါင်းဆောင်တွေရဲ့ ကိုင်တွယ်မှုကြမ်းတမ်းပုံကို ကျနော်တို့ လုံးဝရှုတ်ချပါတယ်။

နောက်တခုက ကြံ့ခိုင်ဖွံ့ဖြိုးရေးအသင်းတို့။ စွမ်းအားရှင်တို့ ဒီအာဏာပိုင်အဖွဲ့အစည်းတွေကနေပြီးတော့မှ လက်ကိုင်တုတ် အဖြစ် ကျင့်သုံးနေတဲ့ ဒီပုဂိုလ်တွေ အားလုံးကို ကျနော် မေတ္တာရပ်ခံ ပန်ကြားလိုပါတယ်၊ ကျနော်တို့ ငတ်နေတဲ့သူအချင်းချင်းဗျာ၊ ဘ၀တူချင်းကို ဘာဖြစ်လို့ ဇာတ်တူသားစားကြမှာလဲ အဲဒီတခု ပြောကြားလိုတယ်။

သူတို့လဲ ငတ်နေတယ်၊ ကျနော်တို့ ပြည်သူတွေလဲ ငတ်နေတယ်။ ငတ်တဲ့လူအချင်းချင်းကို ဘာကြောင့်မို့ နိုင်ထက်စီးနင်းနဲ့ ဒီလိုမျိုး ကြမ်းကြမ်းတမ်းတမ်း ရိုင်းရိုင်းစိုင်းစိုင်း ဒီ ယုတ်မာရိုင်းစိုင်းတဲ့ လုပ်ရပ်တွေကို ဘာကြောင့်လုပ်ကြတာလဲ၊ ဒီလူတွေကို ကျနော်ပြောလိုပါတယ်၊ ခင်ဗျားတို့လဲ ငတ်နေကြပါတယ်၊ ကျနော်တို့လဲ ငတ်နေကြပါတယ်၊ ငတ်နေတဲ့လူအချင်းချင်းကို မနှိပ်စက်ကြပါနဲ့၊ ရိုင်းစိုင်းတဲ့ အပြုအမူတွေနဲ့ မဆက်ဆံကြပါနဲ့၊
ခင်ဗျားတို့ ရနေတဲ့ နအဖ စစ်ခေါင်းဆောင်တွေ ပေးကျွေးနေတဲ့ဟာ တနပ်စာပဲရှိပါတယ်၊ သူတို့ တသက်လုံး မကျွေးနိုင်ပါဘူး။

အဲဒီအတွက် ဒီ ကြံ့ဖွံ့တို့ စွမ်းအားရှင်တို့ အားလုံးကို ကျနော်တို့ ပြည်သူတွေနဲ့ ပူးပေါင်းပါလို့ မေတ္တာရပ်ခံလိုပါတယ်၊ ခင်ဗျားတို့နဲ့ ကျုပ်တို့က ဇာတ်တူသားတွေပါ၊ ဇာတ်တူသားစားရင် ဟင်္သာ ကိုးသောင်းပျက်တတ်ပါတယ်၊ အဲဒါကို ကျနော် သတိပေးလိုပါတယ်၊”

ဒီဗွီဘီ ၊ ၊ ဒီနေ့အထိကို ဆန္ဒပြပွဲတွေက ဖြိုခွင်းခံလိုက်ရတာတွေ ဆန္ဒပြပွဲတွေ မစတင်နိုင်ခင်မှာပဲ သူတို့ဘက်က ဖြိုခွင်းမဲ့လုံခြုံရေး အင်အားတွေက များတဲ့အတွက်ကြောင့် ဆန္ဒပြပွဲတွေက ဖြစ်ဖြစ်မြောက်မြောက် မဖြစ်ဘူးလို့ ပြောနေကြပါတယ်၊ အဲဒါနဲ့ ပတ်သက်လို့ ကိုထင်ကျော် ဘာပြောချင်ပါသလဲခင်ဗျ။

“သူတို့ ဖြိုခွင်းတယ်ဆိုတာက ကျနော်တို့အတွက်အောင်မြင်မှုပဲဗျ၊ ပြည်သူတွေ ငတ်နေတာကို သေချာတယ်ဆိုတဲ့ဟာကို မီးမောင်းထိုးပြလိုက်တာပဲဗျာ၊
အဲတော့ သူတို့ ဖြိုခွဲရခြင်းအကြောင်းအရင်းက ကျနော်တို့ ပြည်သူတွေရဲ့ အသံတွေ ကျနော်တို့ပြည်သူတွေရဲ့ ဆန္ဒတွေကို မလွန်ဆန်နိုင်လို့ ဖြိုခွဲတာပဲ၊ အမှန်တကယ်ဆိုရင် သူတို့ဟာ မစိုးရိမ်မကြောင့်ကြဘူးဆိုရင် ကျနော်တို့ကို တားဆီးပိတ်ပင်စရာ ဖြိုခွင်းစရာမရှိပါဘူး၊

အဲတော့ကျနော်တို့ ပြည်သူတွေဘက်က မှန်လို့သာ အတင်း အဓမ္မနဲ့ လိုက်လံပြီးတော့ ဖြိုခွင်းနေတာဖြစ်ပါတယ်၊ အဲဒါကို ကျနော်တို့ ပြည်သူတွေက အမှန်တရားနဲ့ ယဉ်ယဉ်ကျေးကျေးနဲ့ အကြမ်းဖက်မှု မပါသော၊ လုယက်တိုက်ခိုက်မှုမပါသော၊ ဆက်လက်ပြီးတော့မှ ဒီတိုက်ပွဲကို ဆက်လက်ဆင်နွဲသွားရင် ကျနော်တို့ အောင်မြင်မှုက မကြာခင်ရမှာပါ၊

ကျနော်လည်း မကြာခင် ပြည်သူလူထုရှေ့က ထွက်ပေါ်လာမှာပါ၊ အဲဒီအတွက် ပြည်သူတွေကို နောက်မဆုတ်ကြပါနဲ့ ရဲရဲဝံ့ဝံ့နဲ့ မိမိရဲ့ ဆန္ဒကို ထုတ်ဖော်ကြပါ၊
ပြည်နယ်နဲ့ တိုင်းအသီးသီးမှာရှိတဲ့ ကျနော်တို့ ပြည်သူ့ခေါင်းဆောင်တွေ ဒီအချိန်မှာ ထွက်ချိန်တန်ပါပြီ၊ ဒီအချိန်ဟာ ပြည်သူရှေ့မှာ ရပ်ချိန်တန်ပါပြီ၊ ကျနော်တို့ ဒီအချိန်ဟာ သမိုင်းပေးတာဝန်ဖြစ်ပါတယ်၊ အခွင့်အရေးဆိုတာ နှစ်ခါမရပါဘူးခင်ဗျာ၊ ကျနော်တို့ ရသင့်ရထိုက်တဲ့ အခွင့်အရေးကို တပြိုင်နက် ရယူကြပါစို့လို့ တိုက်တွန်းလိုပါတယ်၊”

ဟုတ်ကဲ့ ခင်ဗျ၊ ဒီပေါ့၊ သမိုင်းလမ်းဆုံမှာ ဖြစ်ခဲ့တာဆိုရင် (၂၀၀၀) လောက်အထိတော့ဝန်းရံတယ်၊ ၀န်းရံပေမဲ့ ပြည်သူတွေက လက်ခုပ်တီးတာများပြီးတော့ ကိုယ်တိုင်ပါဝင်လာတာက နည်းသေးတယ်လို့ သုံးသပ်နေကြတာတွေရှိပါတယ်၊ ဒါတွေဟာလေ ဘာလိုအပ်ချက်တွေ ရှိနေလို့ပါလဲ ကိုထင်ကျော်။
ဒီကိစ္စတွေနဲ့ ပတ်သက်ပြီး ဘာပြောချင်ပါလဲခင်ဗျ။

“အခုဟာကဗျာ၊ ကျနော်တို့ (၈၈) ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင် (၁၉) ရက်နေ့မှာ ပြောသွားတဲ့စကားတခုရှိတယ်ဗျ၊ ဒါ အမြည်းပဲရှိသေးတယ်ဗျာ၊ ဒါ အမြည်းပဲရှိပါသေးတယ်၊ ကျနော်တို့က အသံမထုတ်သေးလို့ ခင်ဗျ၊ မကြာခင် ပြည်သူရှေ့မှာ မျက်ဝါးထင်ထင် တွေ့မြင်ရပါလိမ့်မယ်၊ ကျနော်တို့ရဲ့ ယုံကြည်လေးစားကြည်ညိုရတဲ့ ကျောင်းသားခေါင်းဆောင်တွေကို ချက်ခြင်းလွတ်ပေးရမယ်၊ မကြာခင် ခင်ဗျားတို့ တွေ့မြင်ရမယ်၊ ပြည်သူလူထုရှေ့မှာ ထင်ကျော် ဆိုတဲ့ကောင်ထွက်လာမယ်လို့ ပြောကြားလိုတယ်။”


(ဘလော့ဂါမှတ်ချက် - ဒီသတင်းကို http://burmese.dvb.no/textonly/news.php?id=1614 ကနေ ယူတယ်။ ပုံကတော့ အေအက်ဖ်ပီ သတင်းဌာနရဲ့ မူပိုင်။)


No comments: