Thursday, August 23, 2007

strikes continue in rgn ( nej news )

target="_blank"
လူထုလမ်းလျှောက်ဆန္ဒပြပွဲများ ရန်ကုန်နှင့်ရေနံချောင်းတွင် ဆက်လက်ဖြစ်ပွား
ဆန္ဒပြသူများ ထပ်မံဖမ်းဆီးခံရ

ပီတာအောင် / NEJ ၂၃ သြဂုတ် ၂၀၀၇

ရန်ကုန်မြို့တွင် လောင်စာဆီဈေးနှုန်းလျော့ချပေးရေး လူထုလမ်းလျှောက်ဆန္ဒပြပွဲများ ဆက်လက် ဖြစ်ပွားနေပြီး ဖမ်းဆီးမှုများလည်း ဆက်လက်ဖြစ်ပေါ်လျက်ရှိသည်။

ယနေ့နံနက် (၉) နာရီခန့်တွင် ရန်ကုန်မြို့ ရွှေဂုံတိုင်၌ အန်အယ်လ်ဒီပါတီဝင်များနှင့် ပြည်သူများ
ပါဝင်သည့် လမ်းလျှောက်ဆန္ဒပြသူု (၇၀) ခန့်နှင့် ဒဂုံမြို့သစ်တောင်ပိုင်း၌ ဆန္ဒပြသူ (၃၀) ခန့်တို့ကို ကြံ့ခိုင်ရေးနှင့်စွမ်းအားရှင်အဖွဲ့များက အကြမ်းဖက်နှိမ်နင်းကာ လူအချို့ကို အဓမ္မဖမ်းဆီးခေါ်ဆောင် သွားသည်ဟု ဆန္ဒပြသူတို့က ပြောသည်။

ရွှေဂုံတိုင်ဆန္ဒပြပွဲတွင်ပါဝင်သူ အန်အယ်လ်ဒီပါတီဝင် မဇင်မမထွန်းက “ရွေဂုံတိုင်အရောက်မှာ
သူတို့က နီးရာလူကိုဆွဲတယ်။ ဒိုင်နာကားကြီးပေါ်ကို ဇွတ် အတင်းဆွဲတင်တယ်။ တော်တော်ကို ကြမ်းကြမ်းတမ်းတမ်းနဲ့ကို လုပ်တာပါ။ ကောင်မလေးတွေ လုံချည်တွေ ဘာတွေကျွှတ်တဲ့လူ ကျွတ်သွားတယ်။ ခြေထောက်တွေ လက်တွေရော ကိုးရိုးကားရားကြီးနဲ့ပါသွားတယ်။ ပုဆိုး ကျွတ်တဲ့လူကကျွတ် အဲလိုမျိုးဆွဲပြီး တော့ခေါ်ပါတယ်။ ဖိနပ်ပြတ်တဲ့ လူတွေကပြတ် ရုန်းရင်း
ဆန်ခတ် ကားပေါ်ကို ထိုးကြိတ်တင်ပြီးတော့ လွှတ်လိုက်တာပါ” ဟု ပြောသည်။

ရွှေဂုံတိုင်ဖမ်းဆီးမှုတွင် ရန်ကင်းမြို့နယ် အန်အယ်လ်ဒီ ဥက္ကဋ္ဌ ဦးမျိုးခင်အပါအ၀င် ကိုကြည်ဖြူ၊ ကိုအောင်မင်းနိုင်၊ ကိုတင်ဦးမောင်၊ ကိုထွန်းမြင့်၊ ဦးတင်မြင့်၊ ကိုတင်ဇော်ဦး၊ ကိုလေးလွင်၊ ကိုဇော် ဇော်အောင်၊ ကိုရဲ စသည့် အန်အယ်လ်ဒီ အဖွဲ့ဝင်များအပါအ၀င် (၂၀) ခန့်ဖမ်းဆီးခံရသည်ဟု သိရသည်။

အလားတူ ဒဂုံမြို့သစ်တောင်ပိုင်းတွင်လည်း လမ်းလျှောက်ဆန္ဒပြသူ အန်အယ်လ်ဒီအဖွဲ့ဝင်
(၂၉) ဦးကို မယကနှင့် ကြံ့ဖွံ့အဖွဲ့ဝင်များက အကြမ်းဖက်နှိမ်နင်းခဲ့ပြီး အန်အယ်လ်ဒီအဖွဲ့ဝင် ဦးစိုးကြွယ်၊ ဒေါ်ခင်အေး၊ မမြင့်မြင့်သိန်းတို့ ဖမ်းဆီးခံရဟု သိရသည်။

ဆန္ဒပြပွဲတွင်ပါဝင်သည့် အန်အယ်လ်ဒီ လူငယ်မှ ကိုသီဟန်က “ ကျနော်တို့ နှစ်ယောက်တတွဲ လျှောက်လာတဲ့ ရှေ့ဆုံးနှစ်တန်းကို ၀ိုင်းဝန်းထိုးကြိတ်တယ်။ အရှေ့ဆုံးက ဦးစိုးကြွယ်ရယ် ဒေါ်ခင်အေးရယ် မမြင့်မြင့်သိန်းရယ် အထိနာတယ်။ ကျနော်တို့မျက်စိရှေ့မှာပဲ မ၀တဥက္ကဋ္ဌ
ကိုယ်တိုင်ပါတယ်။ မျက်နှာကို ညှပ်ပြီးထိုးတာ ပြောရရင်တော့ တကယ့်ကို ခွေးတိရစ္ဆာန်လိုပဲ
ရိုက်နှက် ပြီးတော့။ ကျနော်တို့ရဲ့မူက အကြမ်းမဖက်ရေးမူဖြစ်တဲ့အတွက် လှိမ်ခံပြီးပါသွားတယ်။ အတင်းလက်မောင်းနှစ်ဖက်ကနေ ပွေ့ချီပြီး ကားပေါ်ပစ်တင်တယ်” ဟုပြောသည်။

တကိုယ်တော်ဆန္ဒပြလေ့ရှိသူ ဦးအုန်းသန်းသည်လည်း ယနေ့နေ့လယ် (၁) နာရီခန့်က အမေရိကန် သံရုံးရှေ့၌ လောင်စာဆီကျဆင်းရေးနှင့် ဖမ်းဆီးခံထားရသူများအား လွှတ်ပေးရေးအတွက် ဆန္ဒပြပြီး ခေတ္တအကြာတွင် ရဲက လာရောက်ဖမ်းဆီးပြီး မြို့တော်ခန်းမထဲသို့ ဖမ်းဆီးခေါ်ဆောင်သွားခြင်း ခံရသည်။

ယနေ့နံနက်က မကွေးတိုင်း ရေနံချောင်းမြို့၌ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဝင် အများစုပါဝင်သည့်
လူ (၆၀) ကျော်က လောင်စာဆီဈေးနှုန်းလျော့ချပေးရေးအတွက် ရှင်ဇေယျမန်အောင် ကျမ်းကိုင် ဘုရားမှ မြို့မဈေးကြီးအထိ အသွားပြန် တနာရီကျော်ကြာ မြို့တွင်းစီတန်းလှည့်လည်ဆန္ဒပြခဲ့ကြပြီး အာဏာပိုင်များ၏ အနှောင့်အယှက် မခံရဘဲ ငြိမ်းချမ်းစွာပြီးစီးခဲ့သည်။
စိတ်တူကိုယ်တူ နိုင်ငံရေးစိတ်ဝင်စားသူအားလုံး၏ တပြေးညီဆန္ဒနှင့်အညီ လမ်းလျှောက်ဆန္ဒပြ ခြင်းဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရေနံချောင်းမြို့နယ်မှ ဒု-ဥက္ကဌ ဒေါ်ခင်စောဌေး ကပြောသည်။

“ပြည်သူလူထုခံစားနေရတဲ့ဒုက္ခကို ကျမတို့က လက်ပိုက်ကြည့်မနေနိုင်ပါဘူး။ ၈၈ ကျောင်းသားများ အဖမ်းခံရာတာနဲ့ ပတ်သက်ပြီးလည်း နောက်လုပ်မယ့်သူမရှိဘူးဆိုတာ မဖြစ်ရဘူး။ တတိုင်းပြည်လုံး
မှာရှိတဲ့ မြို့တိုင်းမြို့တိုင်းမှာလည်း ပြည်သူလူထုတွေက ကိုယ့်ရဲ့ဆန္ဒကို ထုတ်ဖော်ပါ၊ ပြည်သူလူထုရဲ့ ရင်ထဲက ဆန္ဒကို ထုတ်ဖော်ပိုင်ခွင့်ရှိတယ်၊ ဒါကြောင့် ဒီနေ့အေးချမ်းစွာ ဆန္ဒပြတာပါ” ဟု ၎င်းက ပြောသည်။


(ဘလော့ဂါမှတ်ချက် - ဒီသတင်းကို http://www.khitpyaing.org/news/august_2007/23-8-07d.php ကနေ ယူတယ်။)


No comments: