Monday, August 27, 2007

strike in ruby land

( မိုးကုတ်မီဒီယာကို ကျေးဇူးတင်ရမယ့် ပို့စ်တစ်ခုဗျာ။ ဘလော့ဂ် ပီသပါတယ်။ ဖတ်ကြည့်ပါဦး။ )





လောင်စာဆီဈေးနှုန်းကျဆင်းရေးနှင့် ကုန်ဈေးနှုန်းကျဆင်းရေးအတွက် မိုးကုတ်မှာလည်း ဆန္ဒပြပြီ

August 26, 2007
ယခုလ (၂၅)ရက်နေ့က မိုးကုတ်မြို့မှာ လောင်စာဆီဈေးနှုန်း ကျဆင်းရေးနဲ့ ကုန်ဈေးနှုန်းကျဆင်းရေးအတွက် ပြည်သူလူထုများဟာ ငြိမ်းချမ်းစွာ လမ်းလျှောက်ချီတက် ဆန္ဒပြကြပါတယ်။ ဆန္ဒပြပွဲကို အဲဒီနေ့မနက် (၁၁)နာရီခန့်မှာ စတင်ခဲ့ပြီး စစချင်း လူ(၂၀-၃၀)လောက်ပဲ ရှိရာက နောက်ပိုင်း လူ (၁၀၀-၁၅၀)ခန့်လောက်ကို ရှိခဲ့ပါတယ်။


အမိုးတွေ တဖွဲဖွဲရွာနေတဲ့ကြားက ဆန္ဒပြသူတွေဟာ မိုးရေထဲမှာပဲ ထီးကိုယ်စီနဲ့ လမ်းလျှောက်ဆန္ဒပြကြပါတယ်။ လမ်းတစ်ဝက် ရောက်မှပဲ ရဲတွေနဲ့ ထောက်လှမ်းရေးအဖွဲ့တွေ သတင်းရသွားကြပါတယ်။ အဲဒီအချိန်ကျမှ အရပ်ဝတ်တွေကိုယ်စီနဲ့ နောက်ကနေ အူယားဖားယား တကောက်ကောက် ပြေးလိုက်လာကြပါတယ်။ ဆန္ဒပြသူတွေကို စောင့်ကြည့်နေကြတဲ့ လမ်းဘေးဝဲယာက မိဘပြည်သူများဟာလည်း လက်ခုပ်တီးပြီး ၀ိုင်းဝန်းအားပေးကြတာကို တွေ့ရပါတယ်။

ဆန္ဒပြသူတွေဟာ မြန်မာ့ရေနံထွက်ပစ္စည်းရောင်းဝယ်ရေးလုပ်ငန်း (MPPE) ဆိုင်ရှေ့ရောက်တဲ့အခါမှာ ဆိုင်တာဝန်ခံ မန်နေဂျာကို အိတ်ဖွင့်ပေးစာတစ်စောင် ပေးအပ်ခဲ့ပါတယ်။ ဒါပေမယ့် ဆိုင်တာဝန်ခံ မန်နေဂျာဟာ ရာထူးပြုတ်မှာ စိုးတဲ့အတွက် ထွက်လာမယူရဲပါဘူး။ နောက်တော့ မယက ဥက္ကဌ ရောက်လာပြီး စာကို လက်ခံယူကာ စွမ်းအင်ဝန်ကြီးဌာနကို ဆက်လက်ပို့ဆောင်ပေးမယ့်အကြောင်း ပြောပါတယ်။

စာထဲမှာ ရေးသားထားတဲ့ အကြောင်းအရာတွေက (MPPE) အနေနဲ့ လောင်စာဆီတွေကို သတ်မှတ်အရည်အသွေးမမှီပဲ ပြည်သူတွေကို ဈေးနှုန်းမြင့်မားစွာဖြင့် ရောင်းချနေကြောင်း၊
လောင်စာဆီဈေးနှုန်းများ ကြီးမြင့်လာသည့်အတွက် ကုန်စည်သယ်ယူပို့ဆောင်ရေးစရိတ်များပါ မြင့်တက်လာရကြောင်း၊
ကုန်စည်သယ်ယူပို့ဆောင်ရေးစရိတ်များ မြင့်တက်လာရသဖြင့် ကုန်ဈေးနှုန်းများ ကြီးမြင့်လာရကြောင်း၊
ကုန်ဈေးနှုန်း ကြီးမြင့်လာသည့်အတွက် ပြည်သူများ စားဝတ်နေရေး အခက်အခဲ ဖြစ်လာရကြောင်း၊
စားဝတ်နေရေး ခက်ခဲလာမှုကြောင့် ပြည်သူများ ဆင်းရဲဒုက္ခရောက်ကြရကြောင်း၊
ထို့ကြောင့် လောင်စာဆီဈေးနှုန်း လျော့ချပေးရန် မိမိတို့အနေဖြင့် ယခုကဲ့သို့ ငြိမ်းချမ်းစွာ ဆန္ဒပြတောင်းဆိုကြရခြင်း ဖြစ်ပါကြောင်း ပါရှိသည်ဟု သိရပါတယ်။

အဲဒီနောက် ဆန္ဒပြပွဲကို နေ့လည် တစ်နာရီခွဲအချိန်တွင် အောင်မြင်စွာ ရုပ်သိမ်းလိုက်ကြပါတယ်။

ဆန္ဒပြပွဲက ပြီးသွားပါပြီ။ ထုံးစံအတိုင်း ညနေ (၄)နာရီလောက်ကျတော့ ဆန္ဒပြပွဲမှာ ဦးဆောင်ခဲ့ကြတဲ့ တက်ကြွတဲ့ လူငယ်များကို ရဲတွေ၊ ရယက တွေက နေအိမ်တွေမှာ လာရောက် ခေါ်ဆောင်သွားခဲ့ကြပါတယ်။ မယကရုံးရောက်တော့ အဲဒီမှာ အသင့်စောင့်နေကြတဲ့ စုံစမ်းစစ်ဆေးရေးအဖွဲ့ကို မယကဥက္ကဌမှ ဦးဆောင်ပြီး စစ်ဆေးမေးမြန်းပါတယ်။ ယခုလို လောင်စာဆီဈေးနှုန်းနဲ့ ကုန်ဈေးနှုန်းကျဆင်းရေးအတွက် ငြိမ်းချမ်းစွာ ဆန္ဒပြမှုအပေါ် စုံစမ်းရေးအဖွဲ့မှနေ၍ အမျိုးသားညီလာခံကို ပျက်ပြားစေရန် ရည်ရွယ်၍ ဖျက်လိုဖျက်ဆီး မလုပ်ကြရန်၊ ရပ်ရွာငြိမ်ဝပ်ပိပြားရေးနှင့် တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားအောင် မလုပ်ရန် သတိပေးစကား ပြောကြားပြီး ၀န်ခံလက်မှတ် ရေးထိုးခိုင်းပါတယ်။

မှတ်တမ်းတင်ထားသော ကင်မရာတစ်လုံးကိုလည်း သိမ်းယူသွားခဲ့ပါတယ်။ အဲဒီနောက် ညနေ (၆း၃၀)လောက်မှာ ပြန်လွှတ်ပေးလိုက်ကြောင်း သတင်းရရှိပါတယ်။ Posted by မိုးကုတ်မီဒီယာ at 6:43 AM

No comments: