Wednesday, August 1, 2007

Censorship board's new policy

စာပေစိစစ်ရေးက ကြော်ငြာမူဝါဒအသစ် ထုတ်ပြန်
ဧရာဝတီ/ ကိုသက် သြဂုတ် ၁၊ ၂၀၀၇

မြန်မာတိုင်းမ်ဂျာနယ်တွင် နအဖ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေအား လူသတ်သမားဟု စကားဝှက်ဖြင့် ရေးသားသည့် ကြော်ငြာဖော်ပြခဲ့သောကြောင့် စာပေစိစစ်ရေးက ကြော်ငြာမူဝါဒအသစ်များကို ထုတ်ပြန်လိုက်သည်။

စာပေစိစစ်ရေးကထုတ်ပြန်သည့် မူဝါဒအသစ်များတွင် ယခင်ရှိပြီးသားစည်းကမ်းချက်များ
ပါဝင်သကဲ့သို့ စည်းကမ်းချက် အသစ်များလည်းပါဝင်ပြီး ၎င်းအချက်များနှင့်ကိုက်ညီမှ ကြော်ငြာလက်ခံရန်နှင့် မှားယွင်းမှု တစုံတရာရှိပါက ထည့်သည့် မဂ္ဂဇင်း၊ ဂျာနယ်အား ထုတ်ဝေခွင့်ပိတ်သည်အထိ အရေးယူမည်ဖြစ်သည်။

စည်းကမ်းချက်အသစ်များတွင် ကြော်ငြာကို အင်္ဂလိပ် မြန်မာ နှစ်ဘာသာဖြင့်သာ ခွင့်ပြုကြောင်း၊ တရားရုံးနှင့် ပတ်သက် သည့် ကြော်ငြာများအတွက် တရားသူကြီးလက်မှတ်ပါရမည်ဟု ပါရှိသည်။

၎င်းအပြင် အကျိုးဆောင်ရှေ့နေတို့၏ ကြော်ငြာများတွင် တဘက်သားထိခိုက်စေမည့် စာသားများမပါရန်နှင့် ရှေ့နေ၏ လိုင်စင်ကိုပါ ပါရှိရန်၊ မွေးနေ့ကြော်ငြာများတွင် လာထည့်သူနှင့် မွေးနေ့ရှင်တော်စပ်ပုံ သန်းခေါင်စာရင်း၊ မှတ်ပုံတင်ပါရမည် စသည်တို့လည်း ပါဝင်သည်။

ရန်ကုန်ရှိ ဂျာနယ်အယ်ဒီတာတဦးက “ရှေ့နေကိစ္စ၊ တရားရုံးကိစ္စတွေမှာ လုပ်ရကိုင်ရတာ ခက်လိမ့်မယ် ထင်တယ်။ ဘယ် တရားသူကြီးဆီမှာ လက်မှတ်သွားထိုးရမယ်ဆိုတာကို သတ်မှတ်ထားပေးသင့်တာပေါ့။ အဲဒီလိုမဟုတ်ရင် တရားသူကြီးက လက်မှတ်မထိုးပေးတော့ ဘယ်လိုလုပ်မလဲ။ ရှေ့နေကိစ္စကလည်း တဘက်သားကို နစ်နာတယ်၊ မနာဘူးဆိုတာကို ဘယ်သူက ဆုံးဖြတ်မှာလဲ” ဟု ဧရာဝတီကို ပြောသည်။
အကျိုးဆက်အနေဖြင့် မဂ္ဂဇင်းနှင့် ဂျာနယ်များတွင် ကြော်ငြာအရနည်းသွားနိုင်သည်ဟု အဆိုပါအယ်ဒီတာက သုံးသပ် ပြောဆိုသည်။

အပတ်စဉ်ထုတ် ဂျာနယ်တစောင်မှ ဈေးကွက်ဌာန၏ ဒါရိုက်တာကလည်း “အလုပ်တွေပိုရှုပ်လာပြီး တော်ရုံလူက ကြောငြာ ချင်စိတ် ကုန်သွားတာပေါ့”ဟု ပြောဆိုသည်။စာပေစိစစ်ရေး၏ စည်းကမ်းချက်များတွင် ဆေးလိပ်နှင့် အမျိုးသမီးစားပွဲထိုးခေါ်သော ကြော်ငြာများကို ဖော်ပြခွင့်မပြု ကြောင်းဖော်ပြထားပြီး နိုင်ငံခြားမှလာသောကြော်ငြာများကို ခိုင်မာမှုရှိမရှိ စစ်ဆေးရန်နှင့် ကြော်ငြာသရုပ်ဖော်ပုံများ၏ အနက်အဓိပ္ပါယ်ကို ရှင်းပြရမည်ဟုပါရှိကြောင်း စုံစမ်းသိရှိရသည်။

No comments: