Wednesday, August 1, 2007

88 students complain of increased harassment

၈၈ မျိုးဆက်ကျောင်းသားများ နှောင့်ယှက်ခံနေရ
လူထုအား အသိပေးတိုင်တည်သွားမည်ဟုပြော
ချမ်းလွန် / NEJ/ ၁ သြဂုတ် ၂၀၀၇

၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်များက ၎င်းတို့အား ဆိုင်ကယ်စီး၍ လိုက်လံ နှောင့်ယှက်သူ လူစုများကို ဆက်လက် သည်းခံမည်မဟုတ်ပဲ နှောင့်ယှက်ခြိမ်းခြောက်ခံရသည့် နေရာတွင်ပင် ရပ်တန့်၍ လူထုအားအသိပေး ဟောပြောသွားမည်ဟု ယမန်နေ့က ထုတ်ဖော် ပြောကြားသည်။


၈၈ မျိုးဆက်ကျောင်းသားများ သွားသည့်နောက်သို့ ပြီးခဲ့သည့် မေလနှောင်းပိုင်းမှစ၍ ယခုအချိန်ထိ ဆိုင်ကယ်စီးလူစုများက ထက်ကြပ်မကွာ တကောက်ကောက်လိုက်၍ နှောင့်ယှက်နေကြောင်း၊ ထို့ပြင် နေအိမ်အနီးအနားသို့ လူအုပ်များဖြင့် လာရောက် စောင့်ကြည့်စစ်ဆေးခြင်းများ ပြုလုပ်နေကြောင်း ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်တဦးဖြစ်သည့် ကိုကိုကြီးက ပြောသည်။

၎င်းက “ကျနော်တို့ တယောက်ချင်းရဲ့ အိမ်အနီးအနား ပတ်ဝန်းကျင်တွေမှာ အင်အားအလွန်အကျွံ သုံးပြီးတော့ ဆိုင်ကယ်တွေနဲ့ လူအုပ်စုလိုက် စောင့်ကြပ်ကြည့်ရှုမှုတွေ ဒါတွေက တောက်လျှောက်ကို ဖြစ်နေတာ။ အဲလိုဖြစ်လာတော့ ကျနော်တို့အိမ်တွေကို လာတဲ့ မိသားစုတွေ ဆွေမျိုးသားချင်းတွေရဲ့ ကားလာရင် ကားနံပါတ်မှတ် လူတွေကို လိုက်ပြီးတော့ စစ်ဆေးတဲ့ပုံစံ မေးမြန်းတဲ့ ပုံစံကအစ ဖြစ် လာတော့ ကျနော်တို့ရဲ့လူမှုရေး အဆက်အသွယ်တွေပါ ထိခိုက်လာတဲ့ သဘောမျိုးဖြစ်လာတယ်” ဟု ပြောသည်။

ထို့ပြင် လမ်းလျှောက်၊ စက်ဘီးစီး၊ ကားစီးသည်မှအစ နောက်ကလိုက်၍ ဆိုးရွားစွာနှောင့်ယှက် ကြောင်း၊ ယင်းကိစ္စများကို သက်ဆိုင်ရာ အာဏာပိုင်များသို့ သတိပေးတိုင်ကြားသော်လည်း အရေးယူ ဖြေရှင်းပေးခြင်းမရှိသဖြင့် ယခုကဲ့သို့ နှောင့်ယှက်မှုများအား လူထုကို တရားဟော အသိပေးရန် ဆုံးဖြတ်ရခြင်းဖြစ်ကြောင်း ကိုကိုကြီးက ပြောသည်။

၎င်းက “ကျနော်တို့ကို လိုက်နှောင့်ယှက်ရင် အဲဒီနှောင့်ယှက်တဲ့နေရာမှာ ကျနော်တို့ရပ်ပြီးတော့ အဲဒီသက်ဆိုင်ရာနယ်မြေက ပြည်သူတွေကို ကျနော်တို့အခုလိုအနှောင့်ယှက်ခံနေရတယ်ဆိုတဲ့ အကြောင်း၊ ဒီလိုမျိုးလိုက်ပြီး ခြိမ်းခြောက်နေတယ်ဆိုတဲ့အကြောင်းကို လူထုကိုတိုင်တည်မယ်၊ ဟောပြောမယ်၊ အဲဒီ နည်းနဲ့တုံ့ပြန်မယ်လို့ ကျနော်တို့ အသိပေးလိုက်တာပါ” ဟု ရှင်းပြသည်။

ကိုကိုကြီးက ၎င်းတို့အနေဖြင့် နှောင့်ယှက်ခြိမ်းခြောက် ခံနေရခြင်းများနှင့်ပက်သက်၍ ဥပဒေအရ အကာအကွယ် မရရှိကြောင်း၊ ယင်းကဲ့သို့ လူအုပ်များက လိုင်စင်မဲ့ဆိုင်ကယ်များ၊ ဆက်သွယ်ရေး စက်များကိုအသုံးပြုကာ ဥပဒေမဲ့ လိုက်လံနှောင့်ယှက်လာမှုကို ၎င်းတို့အနေဖြင့် ဆက်လက် သည်းညဉ်းမခံနိုင်တော့ကြောင်း ပြောသည်။

ထို့ပြင် နအဖအာဏာပိုင်များဘက်မှ ယင်းကဲ့သို့ ပိုမိုဆိုးရွာစွာ နှောင့်ယှက်လာမှုများကို ရပ်တန့်သွား စေရန် ဥပဒေကြောင်းအရ ဆောင်ရွက်သွားမည်ဟုလည်း ၎င်းက ပြောသည်။ ။

No comments: