မဇ္ဈိမသတင်းဌာန
ပြည်ပမှ တရားမ၀င် ဖုန်းခေါ်ဆိုမှုအတွက် တိုင်ကြားရန် နအဖ ၀န်ကြီးဌာနက တိုက်တွန်း
နန်းဒေ၀ီ / ဇူလိုင် ၃၁ ရက်၊ ၂၀၀၇ ခုနှစ်။
ပြည်ပ နိုင်ငံများမှ မြန်မာပြည်တွင်းသို့ ဖုန်းခေါ်ဆိုရာတွင် ပြည်တွင်း နံပါတ်များသာ ပေါ်နေသောကြောင့် ပြည်သူ့ ဘဏ္ဍာငွေ ဆုံးရှုံးနေသဖြင့် မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းသို့ ဖော်ထုတ် တိုင်ကြားပါရန် နအဖ ၀န်ကြီးဌာနက ယခုလ ၁၃ ရက်နေ့တွင် ကြေညာချက် ထုတ်ပြန် လိုက်သည်။
မြန်မာ့အလင်း သတင်းစာတွင် ထုတ်ပြန်လိုက်သည့် အဆိုပါ ဆက်သွယ်ရေး၊ စာတိုက်နှင့် ကြေးနန်း ၀န်ကြီးဌာန လက်အောက်ရှိ မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်း၏ ကြေညာချက်တွင် ပြည်ပ အ၀င် ခေါ်ဆိုမှု (Incoming Call) များကို ပြည်ပ ကုမ္ပဏီ အချို့နှင့် ပူးပေါင်းပြီး တရားမ၀င် နည်းလမ်းများဖြင့် ပြည်တွင်းသို့ ပေးပို့ နေကြသဖြင့် ပြည်သူ့ ဘဏ္ဍာငွေ ဆုံးရှုံးသည့် အပြင် ပြည်ပအ၀င် ခေါ်ဆိုမှုများတွင် အသံ အရည်အသွေး ညံ့ဖျင်းမှုများ၊ ဖက်စ်၊ အီးမေးလ်များ အသုံးပြု၍ မရခြင်းများ ဖြစ်ပေါ်လျက် ရှိသည်ဟု ဖော်ပြ ထားသည်။
ရန်ကုန်ရှိ အင်တာနက်ပိုင်း ဆိုင်ရာ ကျွမ်းကျင်သူ တဦးက “အခုလို လုပ်လိုက်တာကလည်း သူတို့ (ဆက်သွယ်ရေး၊ စာတိုက်နဲ့ ကြေးနန်း ၀န်ကြီးဌာန) အိတ်ကပ်ထဲ အကုန်ဝင်တဲ့ ၀င်ငွေတွေ ရပ်တန့်စေတဲ့ အတွက်ပေါ့လေ၊ သူတို့အတွက် ထိခိုက်လို့ပေါ့” ဟု မဇ္ဈိမကို ပြောသည်။ ယခင်က ယင်းသို့ ပြည်ပအ၀င် ခေါ်ဆိုမှုများသည် မြန်မာ့ ဆက်သွယ်ရေး၊ စာတိုက်နှင့် ကြေးနန်း ၀န်ကြီးဌာနကို ဖြတ်သန်းရပြီး ဖြတ်သန်း ခေါ်ဆိုခ အဖြစ် တမိနစ်လျှင် အမေရိကန် ဒေါ်လာ ဒဿမ ၂၄ ဒေါ်လာ ပေးဆောင်ရသည်။ ယခုအခါ VOIP (Voice over Internet Protocol) မှတဆင့် ဖြတ်ကျော်ကာ တိုက်ရိုက် အ၀င် ခေါ်ဆိုမှုများ ပြုလုပ်နိုင်ပြီး ဈေးနှုန်း ချိုသာစွာ အချိန် ကြာမြင့်သည် အထိ စကား ပြောနိုင်သည့် အဆိုပါ ဆက်သွယ်ရေး လမ်းကြောင်း ပိတ်ပင်ခံရပါက ယခင် ဈေးနှုန်းအတိုင်း ပြန်လည် မြင့်တက်သွားမည် ဖြစ်သဖြင့် နိုင်ငံရပ်ခြားမှ မိသားစုဝင်များ၊ ဆွေမျိုးသားချင်းများနှင့် ဆက်သွယ်မှု ထိခိုက်စေနိုင်သည်ဟု အင်တာနက် သုံးစွဲနေသူ ရန်ကုန် မြို့ခံတဦးကလည်း ပြောဆိုသည်။
သူက “မြန်မာ အစိုးရက သိသွားတော့ ပိတ်ချင် နေတာပေါ့။ တကယ်လို့ သူတို့ ပိတ်လိုက်ရင် သူတို့က လွဲပြီး ဘယ်သူတွေ အတွက်မှ ကောင်းကျိုး ဖြစ်စေမှာ မဟုတ်တော့ဘူး။ အရင်အတိုင်း ဈေးကြီး လာအုံးမယ့် အပြင် MPT (စာတိုက်နှင့် ကြေးနန်း ၀န်ကြီးဌာန) က ရမယ့် ၀င်ငွေတွေဟာ ၀န်ကြီးတွေဆီ ၀င်သွားမှာ။ ပြည်တွင်းက လူတွေအတွက် ပိုပြီး ဆိုးကျိုး ဖြစ်စေလိမ့်မယ်” ဟု ပြောသည်။
ကြေညာချက်တွင် ပြည်တွင်း နံပါတ်များဖြင့် ပြည်ပ ခေါ်ဆိုမှုများ ၀င်လာပါက ၎င်း` ပြည်တွင်း နံပါတ်များကို မှတ်သားပြီး မိမိ၏ မည်သည့် ဖုန်းနံပါတ်ကို မည်သည့် အချိန်တွင် မည်သည့် ပြည်တွင်း နံပါတ်ဖြင့် ပြည်ပ ခေါ်ဆိုမှုများ ခေါ်ဆိုသွားကြောင်း မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းသို့ တိုင်ကြားရန် ဆက်လက် ဖော်ပြ ထားသည်။
လွန်ခဲ့သည့် နှစ်ပတ်ခန့်က အင်တာနက် လိုင်းမှတဆင့် ပြည်ပ နိုင်ငံများသို့ ဈေးနှုန်း ချိုသာစွာ တိုက်ရိုက် ခေါ်ဆိုနိုင်သည့် Mediaring Talk ကိုလည်း အစိုးရ အာဏာပိုင်များက ပိတ်ပစ်ခဲ့သေးသည်။
No comments:
Post a Comment