Friday, July 13, 2007

Dway dies at 41 ( hittaing web )

အမျိုးသားညီလာခံသတင်းကို ဖုံးလွှမ်းပစ်သည့် ဒွေး
ဇူလိုင် ၁၃။ ရဲဇင် (ဟစ်တိုင်)


ဇူလိုင် ၁၁ ရက် ညနေက ကွယ်လွန်သွားသော ရုပ်ရှင်မင်းသား ဒွေး၏ သတင်း ပါရှိသည့် ဂျာနယ်များ တစောင်လျှင် ကျပ် ၁၀၀၀၊ ၁၅၀၀ ထိ ဈေးနှုန်း ထိုးတက်သွားခဲ့သည်။ အချို့ လက်ပွေ့ရောင်းသမားများက ကြာသပတေးနေ့ ထွက်ရှိသော မြန်မာတိုင်းမ် ဂျာနယ်မှ ဒွေးအကြောင်းပါရှိသည့် စာမျက်နှာ သက်သက်ကို မိတ္တူဆိုင်များတွင် မိတ္တူဆွဲကာ တမျက်နှာ ၂၀၀ ကျပ်ဖြင့် ရောင်းချ ခြင်းဖြင့် နေ့တွက်ကိုက်သွားကြပါသည်။


လူထုသည် ရှေ့လာမည့်သီတင်းပတ်တွင် အမျိုးသားညီလာခံ ပြန်စတင်မည့် သတင်းကို စိတ်မ၀င်စားကြသလောက် ဖြစ်ပြီး သရုပ် ဆောင် ဒွေး ကွယ်လွန်သည့် သတင်းသည် အများပြည်သူ စိတ်ဝင်စားတချက် မ၀င်စားတချက် ဖြစ်ခဲ့သော အမျိုးသား ညီလာခံ ကိစ္စနှင့် ဖွဲ့စည်းပုံမူကြမ်း အပြီးသတ်မည့် ကိစ္စကို လုံးဝ ဖုံးလွှမ်းသွားခဲ့ပါသည်။ စစ်အစိုးရအနေဖြင့် ညီလာခံ စတင်ခါနီးတွင် ညီလာခံ သတင်းကို ဒွေးသတင်းက ဖုံးလွှမ်းသွားသည့်အပေါ် ကျေနပ်မည် မကျေနပ်မည်ကိုမူ ခန့်မှန်းရန် ခက်ခဲသည်။

`ပြောလို့တော့ မရဘူး။ အရပ်သားတွေ မခံနိုင် ဖြစ်နေတဲ့ စစ်ဗိုလ်တမတ်သား ကိစ္စတို့ ဘာတို့ အတည်ပြုခါနီးမှာ ဒွေးသေတဲ့ကိစ္စကို လူတွေ အာရုံရောက်သွားတော့ ကြိုက်ချင်လဲ ကြိုက်မယ်။ ဒါမှမဟုတ် သူတို့ အရမ်း မွှမ်းနေတဲ့ အန်န်စီ (အမျိုးသားညီလာခံ)ကို လူတွေက မင်းသားသေတာလောက်မှ စိတ်မ၀င်စားဘူးဆိုတော့ အောင့်ချင်လဲ အောင့်မယ်´ ဟု ဂရပ်ဖစ် ဒီဇိုင်းဆရာတဦးက ပြောဆိုသည်။


သရုပ်ဆောင် ဒွေး ကွယ်လွန်
ဇူလိုင် ၁၂။ ရဲဇင်၊ (ဟစ်တိုင်)


ရုပ်ရှင်သရုပ်ဆောင် ဒွေး (ကိုသားကြီး၊ ကိုထင်လင်း။ အသက် ၄၁ နှစ်)သည် ဇူလိုင် ၁၁ ရက်နေ့ ညနေက ကျောက်ကုန်းနေအိမ် တွင် အိပ်ပျော်နေစဉ် ပြန်နှိုးမရတော့ဘဲ ကွယ်လွန်သွားသည်။
ရုပ်ရှင်မင်းသား ကျော်ဟိန်း၏ တူဖြစ်သူ စက်မှုတက္ကသိုလ်ကျောင်းဆင်း အင်ဂျင်နီယာတဦးဖြစ်သူ ဒွေး ကွယ်လွန်ချိန်တွင် ဇနီးသည် မိုးမိုးနှင့် သားအဖြစ် မွေးစားထားသော ဇနီးသည်ဘက်က တူကလေး မောင်ယံမိုး ကျန်ရှိခဲ့သည်။


ဖခင် ဦးတင်ထွန်းမောင်မှာ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဝင်တဦး ဖြစ်ခဲ့ပြီး သား ကွယ်လွန်ချိန်တွင် နယ်ရောက်ရှိနေသည်။ ဖခင် အား အကြောင်းကြားထားသဖြင့် ပြန်လာနေပြီ ဖြစ်သောကြောင့် ဖခင် ပြန်ရောက်၍ သားအလောင်းကို ကြည့်ပြီးမှ သဂြို င်္ဟ်မည် ဖြစ်၍ သဂြို င်္ဟ်မည့်အချိန်ကို အတိအကျ မထုတ်ပြန်နိုင်သေးကြောင်း သိရသည်။
ဒွေးသည် နေ့လယ် ၁၂ နာရီတွင် နေ့လယ်စာ စားပြီးနောက် အိပ်ခန်းထဲ သွားအိပ်နေကြောင်း၊ ညနေ၄ နာရီ ရှူတင်ရှိသော်လည်း ထ,မလာသေးသဖြင့် မမိုးမိုးက သွားနှိုးသောအခါ နှိုးမရတော့ကြောင်း သိရသည်။


ဇနီးသည်က သုခကမ္ဘာ ဆေးခန်းသို့ ချက်ချင်း ပို့ဆောင်ရာ ဆေးခန်းက အသက်မရှိတော့ကြောင်း ပြောကြားသည်။ လက်မခံနိုင် သော မမိုးမိုးက ရွှေဂုံတိုင် အထူးကု ဆေးခန်း (အက်စ်အက်စ်စီ)သို့ သယ်သွားခဲ့သည်။ ရွှေဂုံတိုင် ဆေးခန်းသို့ ရောက်လာချိန်တွင် လူနာ၏ မျက်နှာတပြင်လုံး မည်းနေပြီး သွေးလည်းမတိုး၊ နှလုံးလည်း မခုန်တော့ပေ။ အီးစီဂျီ ဆွဲသောအခါ အီးစီဂျီမျဉ်းများမှာ ဖြောင့်တန်းနေသဖြင့် ကွယ်လွန်သူအဖြစ် လက်မခံနိုင်ဘဲ လူနာအဖြစ် လာရောက်ပို့ဆောင်သော ဇနီးသည်အား လူနာ ကွယ်လွန်ပြီ ဖြစ်ကြောင်း ထပ်မံ အတည်ပြုလိုက်သည်။ ညီဖြစ်သူ ရုပ်ရှင်သရုပ်ဆောင် သားညီ ချက်ချင်း ရောက်ရှိလာသော်လည်း အစ်ကို၏ အလောင်းကို မရီးဖြစ်သူနှင့်အတူ အိမ်ပြန်သယ်လာခဲ့ရသည်။
ကွယ်လွန်ချိန်ကို ရွှေဂုံတိုင် ဆေးခန်းက နောက်ဆုံး အတည်ပြုသည့် ညနေ ၅ နာရီခွဲဟုသာ မိသားစုက ပြောဆိုသည်။


ပရိသတ်များ နေအိမ်သို့ စုပြုံရောက်ရှိလာမှုကြောင့် အလောင်းကို ရေဝေးသုဿာန်သို့ ရွှေ့ပြောင်းလိုက်ရကြောင်း၊ သောကြာနေ့ တွင် မီးသင်္ဂြိုလ်မည် ဖြစ်ကြောင်း သိရသည်။ အလောင်း၏ မျက်နှာပြင်မှာ မီးသွေးကဲ့သို့ မည်းနေသည်ဟု သိရသည်။ အလောင်းကို နာရေးကူညီမှုအသင်း၏ ကားဖြင့် ရေးဝေးသုဿာန်သို့ ပို့ဆောင်ခဲ့သည်။


ဖျက်သိမ်းခံထားရသော နာရေးကူညီမှု အသင်းမှ မင်းသား ကျော်သူက ဒွေး၏ နေအိမ်သို့ ရောက်ရှိလာပြီး ဈာပနအတွက် အစစ စီစဉ်ဆောင်ရွက်ပေးလျက် ရှိသည်။ ဒါရိုက်တာ မောင်မျိုးမင်း၊ ဝေဠုကျော်၊ ဦးမြတ်ခိုင်တို့ အပါအ၀င် ရုပ်ရှင်နှင့် စာနယ်ဇင်း လောကသားများပါ ဇနီးသည်ကို အားပေးရန်နှင့် ဈာပနကိစ္စ ကူညီရန် နေအိမ်သို့ ရောက်ရှိနေကြသည်။


`ပရိသတ်က မင်းသားအလောင်းကို ကြည့်ချင်တာရော၊ အသုဘလာတဲ့ မင်းသား မင်းသမီးတွေကို ကြည့်ချင်တာနဲ့ရော ကြိတ်ကြိတ် တိုးကြမှာဆိုတော့ ပြေငြိမ်းတို့၊ ထူးအိမ်သင်တို့ အသုဘတွေတုန်းကလို ကသိကအောက် မဖြစ်ရဖို့တော့ လိုမယ်´ဟု မဂ္ဂဇင်း သတင်းထောက် တဦးက အမည်မထုတ်ဖော်ဘဲ ပြောကြားသည်။


၁၄ နှစ်သား အရွယ်က ကွက်လပ်ကလေး ဖြည့်ပေးပါ ဇာတ်ကားဖြင့် ရုပ်ရှင်လောကသို့ ၀င်ရောက်ခဲ့သော ဒွေး ကွယ်လွန်ချိန်တွင် ရုပ်ရှင်နှင့် ဗီဒီယိုကားပေါင်း ၁၀၀ ကျော် ရိုက်ကူးပြီး ဖြစ်ပါသည်။ အမေ့ခြေရာ ဇာတ်ကားဖြင့် အကယ်ဒမီဆု ရရှိခဲ့သည်။ ဒွေး အမည်မှာ နေနှင့်လ အပြိုင်ထွက်ချိန်ဟု အဓိပ္ပာယ်ရကြောင်း ဒွေးက ပြောကြားခဲ့သည်။

No comments: