Thursday, August 2, 2007

small talk with Zinn Mel god ( part 181 )

ချင်းမိုင်ရုက္ခစိုးနှင့် ထွေရာလေးပါး (အပိုင်း - ၁၈၁)

ရန်ကုန်သားတာတေ
သြဂုတ် ၁၊ ၂၀၀၇

ဇင်းမယ်ဟု မြန်မာတို့အသိများသည့် ချင်းမိုင်မြို့ရှိဘုန်းကြီးကျောင်းများတွင် ထိုင်းလူမျိုးတို့၏ အလှူဒါန ပြုကြသူငါကဏ္ဍကို နေ့တိုင်းလိုလိုတွေ့နေရ၏၊ ယခုလိုဝါ၀င်ချိန်ကာလမျိုးကား ဘုရားကျောင်းကန်များတွင် လူစည်ကားချိန်ဖြစ်ပေသည်။ ဒွိုင်ဆူထေ့တောင်တွင်မူ ဆိုဖွယ်မရှိ။ ရပ်နီး၊ ရပ်ဝေးမှ ဘုရားဖူးများ ဆင်းလာကြ တက်သွားကြဖြင့် အလွန်ပင်စည်ကား လှပေသည်။ဒွိုင်ဆူထေ့တောင်မှာ ဘုရားဖူးဧည့်သည် များနှင့်စည်ကားနေ၍ ထိုတောင်ကိုအမှီပြုလုပ်ကိုင်စားသောက် နေကြသည့် ဈေးသည်၊ ပန်းသည်များလည်းအဆင်ပြေကြသည်။ အဆင်အပြေဆုံးကား အရင်းစိုက်စရာမလို ညောင်ပင်မှာ အဖီထိုး နေသည့် ချင်းမိုင်ရုက္ခစိုးပင်ဖြစ်လေတော့သည်။


ဖိုးရှုပ်နှင့် ကြွက်စုတ်တို့နှစ်ယောက်ကလည်း ရုက္ခစိုးကြီးအား သင်္ကာမကင်းဖြစ်နေကြသည်။ ဖွင့်မေးရန်သင့် မသင့်ကို နှစ်ယောက်သား တိုင်ပင်ကြသည်။ နောက်ဆုံးတော့ ဖွင့်မေးရန်ဆုံးဖြတ်လိုက်ကြပြီး ဒွိုင်ဆူထေ့ တောင်ခြေသို့ ထွက်လာ ကြသည်။ ဒီလူနှင့် ဒီရုက္ခစိုး ဘာမှမျက်နှာနာစရာမလို၊ ပေါင်းလာတာပဲ ကြာလှပေါ့။

ဖိုးရှုပ်။ ။ ဦးရုက္ခစိုးကြီး ဘယ်လိုလဲခင်ဗျ။ အလုပ်တွေများနေလားဗျ၊ အခုတလော လုပ်ငန်းကိုင်ငန်း အတော်ကောင်း နေပုံရတယ်။ဖိုးရှုပ်က ၎င်းတို့သိချင်နေသည်ကိုမေးရန် စကားပလ္လင်ခံလေ၏။

ရုက္ခစိုး။ ။ ဒီလိုပါပဲကွာ။ ၀ါဝင်စဆိုတော့လည်း ဒီလိုပေါ့ကွာ။ ဘုရားဖူးဧည့်သည်တွေကလည်းများဆိုတော့ မျက်စိရှုပ်၊ နားရှုပ်ပါဘဲ မောင်ဖိုးရှုပ်ရာ။ဖိုးရှုပ်က စကားလမ်းကြောင်းသင့်နေစဉ် ဆက်မေးတော့ဆိုသည့်သဘောဖြင့် ကြွက်စုတ်အား မျက်စပစ်လေသည်။

ကြွက်စုတ်။ ။ အဟမ်း … ဒီလိုပါခင်ဗျ။ မပြောမပြီး၊ မတီးမမြည်ဆိုသလိုပေါ့ခင်ဗျာ။

ရုက္ခစိုး။ ။ မောင်ကြွက်စုတ်ရာ ဘာတွေများပြောမလို့ ဒီလောက်တောင် အင်ထရိုတွေဝင်နေတာလဲ။ဖိုးရှုပ်ကကြားဖြတ်ပြီး …

ဖိုးရှုပ်။ ။ ဒီလိုပါခင်ဗျ။ ပြီးခဲ့တဲ့အပတ်ကထွက်တဲ့ချဲနံပါတ်က ဒွိုင်ဆူထေ့တောင်ခြေက ရုက္ခစိုးနံပါတ်ဆိုပြီး မြို့ထဲမှာ သတင်းကြီးနေလို့ … အဲဒါ ဟုတ်မဟုတ် သိချင်လို့ပါဗျ။

ကြွက်စုတ်။ ။ ဟုတ်တယ်ဗျ။ ဈေးထဲကကုန်စုံဆိုင်ကအပျိုကြီး ရုက္ခစိုးပေးတဲ့ နံပါတ်နဲ့ ဘတ် ၅၀ ဖိုး ပေါက်သွားတယ်လို့ တနေ့ကတောင် ကြားခဲ့သေးတယ်။

ရုက္ခစိုး။ ။ ဟုတ်လားကွ။ အဲဒီမိန်းမကြီး ၅၀ ဖိုးပေါက်တာ ငါတောင်မသိလိုက်ပါလားကွ။ သြော် … လူတွေ … လူတွေ အတော်လည်း ကျေးဇူးတရား မသိတတ်ကြပါလား …။ တောင်းတုန်းကတော့ အဲဒီနံပါတ်မှမပေးရင် ဒီတသက် အပျိုကြီး ၀ဋ်က မကျွတ်တော့ပါဘူးလို့တောင် ပြောသွားသေးတယ်။ အခုတကယ်လည်းပေါက်ရော အရိပ်တောင်မတွေ့ရတော့ဘူး။

ဖိုးရှုပ်။ ။ ဒါဆိုရင် ကျနော်တို့ကြားတဲ့သတင်းက မှန်နေပြီပေါ့။ ဒါနဲ့ ဈေးထဲကအပျိုကြီးက ချဲပေါက်ရင် ဦးရုက္ခစိုးကို ယူမယ်လို့ ကတိပေးထားလို့လား။

ရုက္ခစိုး။ ။ ဟေ့ကောင် … ဘာပေါက်ကရတွေ လျှောက်ပြောနေတာလဲကွ။ ဘာလို့ ပျိုကြီးကိုယူရမှာလဲ။ ငယ်ငယ် ချောချောလေးဆိုလည်းထားပါတော့။ ဒါနဲ့နေပါဦး … မင်းတို့က မြို့ထဲမှာ ငါနဲ့ပတ်သက်ပြီး ဘာတွေများ ကြားထားလို့တုန်း။ကြွက်စုတ်။ ။ ကျနော်တို့ကြားတာက အခုတလော ဦးရုက္ခစိုးကြီး ချဲနံပါတ်ပေးပြီး အလှူခံနေတယ်ကြားလို့ ခင်ဗျ။ အဲဒါ အလှူခံရတဲ့ ရည်ရွယ်ချက်ကလေးကိုလည်း သိချင်ပါသေးတယ်။

ရုက္ခစိုး။ ။ အောင်မာ ကြွက်စုတ် … မင်းက သတင်းထောက်နဲ့ ပေါင်းနေတယ်ဆိုပြီး သတင်းထောက်လေနဲ့ ပါလားကွ။ မင်းတို့ကြားတဲ့သတင်းက တ၀က်မှန် တ၀က်မှားပဲကွ။ တ၀က်မှန်တာက အဲဒီအပျိုကြီး ချဲပေါက်တာ ငါ့ဆီကနံပါတ် … ဒီလိုကွ။ သူ့ဟာသူ နေ့တိုင်းလိုလို ညောင်ပင်ရှေ့ ပွစိပွစိနဲ့ ချဲနံပါတ် လာတောင်းနေတော့ ငါလည်း အမြင်ကတ်တာနဲ့ သူမြင်သာတဲ့နေရာမှာ ဖိုးရှုပ်မေ့ကျန်ခဲ့တဲ့ အကြွေး စာရင်းကို ချပေးလိုက်ရာက အဲဒီနံပါတ်ကပဲ ပေါက်ဂဏန်း ဖြစ်သွားတာကွ။ရုက္ခစိုးကြီး၏ စကားကြောင့် ကြွက်စုတ်မှာ အူတက်မတတ် အော်ဟစ်ရယ်မောနေသော်လည်း ဖိုးရှုပ်၏ မျက်နှာမှာ ခရမ်းချဉ်သီးမှည့်ကြီးပမာ နီရဲတက်လာပြီး ငိုက်ကျနေသော မျက်မှန်အထက်မှ ဦးရုက္ခစိုးနှင့် ကြွက်စုတ်အား မျက်ထောင့်နီ ကြီးနှင့် ကြည့်နေလေသည်။

ကြွက်စုတ်။ ။ ဦးရုက္ခစိုးကလည်းဗျာ လူတဘက်သားကို နစ်နာအောင် အဲဒီလို တဲ့တိုးကြီးမပြောရဘူးဗျ။ ပြည်တွင်းမှာဆို စာပေစိစစ်ရေးက အသစ်ထုတ်ထားတဲ့ ကြော်ငြာစည်းကမ်းချက်တွေထဲမှာ အကျိုးဆောင် ရှေ့နေတွေ တရားမမှုတွေ အတွက် ကြော်ငြာထည့်ရင် တဘက်သားကို ထိခိုက်စေတဲ့စာသားတွေ မပါရဘူးလို့ အမိန့်ထုတ်လိုက်ပြီဗျ။

ရုက္ခစိုး။ ။ တဘက်သားဆိုတာ ဘယ်သူ့ကိုပြောတာလဲကွ။ ပေါတာကြီးကို ထိခိုက်တဲ့ကြော်ငြာကို ပြောတာလား။ အကြောင်းအရာက မှန်နေရင် စိစစ်ရေးကခွင့်ပြုမှာလား။ဖိုးရှုပ်။ ။ ခွင့်ပြုမှာပါဗျ။ ဒီတပတ်ထုတ် မစ်လစ်တရီတိုင်းမ်ဂျာနယ်မှာ “ဘုရားတကာကြီး ဦးပေါတာ ကျန်းမာစေကြောင်း” ဆိုတဲ့ခေါင်းစဉ်နဲ့ကြော်ငြာကို ဖော်ပြခွင့်ပေးထားတယ်ဗျ။

ကြွက်စုတ်။ ။ ဒါမျိုးကတော့ကွာ ကြော်ငြာခလည်း ပေးစရာမလိုဘူး။ မျက်နှာဖုံးမှာ အပြည့်ကြော်ငြာကို မဂ္ဂဇင်း၊ ဂျာနယ် တွေမှာ မထည့်မနေရဆိုရင် အားလုံးထည့်ရမှာ။

ဖိုးရှုပ်။ ။ ဒါတော့ မင်းပြောမှလား။ အခုဖြစ်နေတာက မဂ္ဂဇင်းဂျာနယ်တွေမှာ အင်္ဂလိပ်စာသား အသုံးအနှုန်း သုံးချင်ရင် အတော်ကို သတိထားနေရတယ်ကွ။ အဲဒီကိစ္စကြောင့်ပဲ ဒီရက်ပိုင်းအတွင်း ပြည်တွင်းက စာနယ်ဇင်းသမားတွေ အင်္ဂလိပ်စာ အသုံးအနှုန်းနဲ့ ပတ်သက်ပြီး အစည်းအဝေး လုပ်ကြသေးတယ်ကွ။

ရှုပ်က္ခစိုး။ ။ ဟုတ်လား … ဘာတွေဆွေးနွေးပြီး ဘာတွေဆုံးဖြတ်ကြသလဲကွ။

ဖိုးရှုပ်။ ။ ဆွေးနွေးတာတွေကတော့ အစုံပေါ့ဗျာ။ တယောက်တပေါက် ၀ိုင်းပြောကြတာပေါ့။အများသဘောတူ ဆုံးဖြတ် လိုက်တာကတော့ မဂ္ဂဇင်း၊ ဂျာနယ်တိုင်းမှာ ကြော်ငြာအယ်ဒီတာ ၃ ယောက် ထားဖို့၊ ၃ ယောက်ထဲမှာမှ ထုတ်ဝေသူ ကိုယ်တိုင်က ကြော်ငြာအယ်ဒီတာချုပ် တာဝန်ကိုယူဖို့နဲ့ …ဦးရုက္ခစိုးက ကြားဖြတ်ပြီး …

ရုက္ခစိုး။ ။ တယ်ကောင်းတဲ့ အိုင်ဒီယာပါလားကွ။ နောက်ထက်ဆုံးဖြတ်ချက်တွေလဲ ပြောပါဦး။

ဖိုးရှုပ်။ ။ နောက်ထပ်ဆုံးဖြတ်တာတွေက နာမည်မှာ ဘိုလိုပါတဲ့လူတွေကိုဖော်ပြတဲ့အခါမှာ မြန်မာမှုပြုပြီး ဖော်ပြဖို့။ ဥပမာ - ပလေးဘွိုင်း သန်းနိုင်၊ ဂရေဟန်၊ ဂျေးမီ စသဖြင့်ပေါ့ဗျာ။ တီးဝိုင်းအဖွဲ့တွေကိုလည်း အိုင်းယွန်းခရော့စ်ဆိုရင် သံကြက် ခြေခတ်၊ လေးဇီးကလပ်ကို လူပျင်းအသင်း စသဖြင့်ပေါ့ဗျာ။ ဒါပေမယ့် အင်ပါယာကိုတော့ မူရင်းအတိုင်းဖော်ပြဖို့ သဘောတူ လိုက်တယ်။

ကြွက်စုတ်။ ။ ဘာလို့တုန်း။ ရော့ကာကြီးက ကန့်ကွက်လို့လား။

ဖိုးရှုပ်။ ။ မဟုတ်ဘူးကွ … အင်ပါယာကိုပြောင်းရင် ဧကရာဇ်လို့ ပြောင်းရမှာဆိုတော့ ဟိုလူကြီးကို စောင်းပြောသလိုဖြစ် နေပြီး စိစစ်ရေးမူနဲ့ ညိနေပြန်တယ်။ ဒါကြောင့် မူရင်းအတိုင်းသုံးဖို့ ဆုံးဖြတ်တာ။

ရုက္ခစိုး။ ။ ဒါလည်းဟုတ်တာပဲ။ ဒါဆိုရင် ဘိုနာမည်နဲ့ထုတ်နေတဲ့ ဂျာနယ်တွေကျတော့ ဘယ်လိုလုပ်မလဲ။

ဖိုးရှုပ်။ ။ အဲဒါလည်း တခါတည်းဆွေးနွေးပြီး ဆုံးဖြတ်ကြတာပေါ့။ ဖော်အဲဗားဂျာနယ်ကို ထာဝရ၊ ဖတ်စ်အလဲဗင်း ဂျာနယ်ဆို ပထမဆယ့်တစ်၊ မြန်မာဗွိုက်စ်ဂျာနယ်ကတော့ မြန်မာ့အသံဆိုတာကရှိနေတော့ နာမည်အသစ်ပေးဖို့ ၀ိုင်းစဉ်းစားနေတုန်း။ ကြော်ငြာပြဿနာတက်တဲ့ ဂျာနယ်ကတော့ မြန်မာစံတော်ချိန်လို့ ပြောင်းလိုက်တယ်ဗျ။

ရုက္ခစိုး။ ။ ဘာတွေဘယ်လိုပြောင်းပြောင်းပါကွာ … တို့နိုင်ငံမှာ စာပေလွတ်လပ်ခွင့်မရှိသရွေ့ကတော့ အခုလိုပြဿနာ မျိုးက ကြုံရဦးမှာပဲကွ။ကြွက်စုတ်က ငါပြောရမယ့်အလှည့်တော့ ရောက်ပြီဆိုသည့်ဟန်ဖြင့် အစည်းအဝေးတွင် ရှီုးနေကျလေဖြင့် …

ကြွက်စုတ်။ ။ သိပ်ဟုတ်တာပေါ့ ဦးရုက္ခစိုးရာ၊ လွတ်လပ်ခွင့်ဆိုတာ စာနယ်ဇင်းတခုတည်းမှာလိုတာ မဟုတ်ဘူးဗျ။ ပညာရေး၊ ကျန်းမာရေး၊ ဘာသာရေး၊ စီးပွားရေး၊ လူမှုရေး စသဖြင့်ပေါ့ဗျာ နယ်ပယ်တိုင်းမှာ လိုအပ်နေတာမဟုတ်လား။

ရုက္ခစိုး။ ။ ဟုတ်ပါ့မောင်ရာ။ ငါ့မောင်တို့ အဲဒီလွတ်လပ်ခွင့်တွေအတွက် တတိုင်းပြည်လုံးကကျိုးစားခဲ့တဲ့ ရှစ်လေးလုံး အရေးတော်ပုံကြီးဟာ နောက်အပတ်ဆိုရင် ဆယ့်ကိုးနှစ်တောင်ပြည့်ပြီနော်။ရုက္ခစိုးကြီး၏ စကားကြောင့် ကြွက်စုတ်မှာ တစုံတခုပြုလုပ်ရန် အကြံရသွားလေ၏။

ကြွက်စုတ်။ ။ ဟုတ်ပြီဗျ … ဟုတ်ပြီ။ မဂ္ဂဇင်းဂျာနယ်တွေမှာ ကြော်ငြာဖို့ သက်ဆိုင်သူတွေရဲ့ ထောက်ခံချက်ပါဖို့လိုတယ် လို့ စိစစ်ရေးက အမိန့်ထုတ်ထားတာဆိုတော့ ရှစ်လေးလုံးအရေးတော်ပုံ ဆယ့်ကိုးနှစ်ပြည့် အမှတ်တရကြော်ငြာကို ၈၈ မျိုးဆက်ကျောင်းသားတွေရဲ့ထောက်ခံချက်နဲ့ မြန်မာစံတော်ချိန်ဂျာနယ်မှာ ထည့်ရင်ကောင်းမယ်ဗျ။

ဖိုးရှုပ်။ ။ ဒီကြော်ငြာကတော့ ၈၈ မျိုးဆက်ကျောင်းသားတွေနဲ့တင် မလုံလောက်သေးဘူးကွ။ ဒီပွဲက ပြည်သူတရပ်လုံး ပါခဲ့တာဆိုတော့ တနိုင်ငံလုံးအတိုင်းအတာနဲ့ ပြည်သူတရပ်လုံးပါဝင်တဲ့ ရှစ်လေးလုံး အရေးတော်ပုံအမှတ်တရကြော်ငြာ ထောက်ခံပွဲတွေလုပ်ကြပေတော့ဟေး …။ ။

(ချင်းမိုင်ရုက္ခစိုးနှင့် ထွေရာလေးပါးကို အပတ်စဉ် ဗုဒ္ဓဟူးနေ့တိုင်း တင်ဆက်ပါမည်)

No comments: