Thursday, August 2, 2007

88 generation's next step

အာဏာပိုင်များ၏ နှောင့်ယှက်မှုများကိုလူထုဟောပြောပွဲများနှင့် တုံ့ပြန်မည်ဒီဗွီဘီ ။ ၃၁ ။ ဇူလိုင် ။ ၂၀၀၇ အေးနိုင် အာဏာပိုင်တွေရဲ့ လိုက်လံနှောင့်ယှက်မှုတွေကို လူထုဟောပြောပွဲတွေနဲ့ တုံ့ပြန် သွားမယ်လို့ (၈၈) မျိုးဆက် ကျောင်းသားများအဖွဲ့က ဒီကနေ့ ထုတ်ဖော်ပြောကြား လိုက်ပါတယ်၊ သူတို့ အဖွဲ့ဝင်တွေကို ဆိုင်ကယ်စီးလူတစုက လိုက်နှောင့်ယှက်နေတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး သက်ဆိုင်ရာ အာဏာပိုင်တွေထံ အသိပေး တိုင်ကြားခဲ့ပေမဲ့ အရေးယူ ဖြေရှင်းပေးခြင်း မရှိတဲ့အတွက် အခုလို ဆောင်ရွက်ဖို့ ဆုံးဖြတ်ရတာလို့ (၈၈) ကျောင်းသားများ အဖွဲ့က ပြောပါတယ်၊

ဒီကိစ္စနဲ့ ပတ်သက်ပြီး (၈၈) မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုကိုကြီးက ဒီဗွီဘီကို အခုလို ပြောပြပါတယ်၊“ကျနော်တို့ ဒီ (၈၈) မျိုးဆက် ကျောင်းသားများထဲကပေါ့လေ၊ တဦးချင်းကို နောက်ကနေပြီးတော့ ဆိုင်ကယ်တွေနဲ့ လိုက်ပြီးတော့ သတင်းယူတဲ့ အဆင့်မဟုတ်ဘဲနဲ့ လိုက်ပြီး နှောင့်ယှက်တဲ့ ခြိမ်းချောက်တဲ့အဆင့် ဖြစ်နေတာဟာ ကျနော်တို့ တလ ကျော်လာခဲ့ပါပြီ၊ အခုလိုမျိုး လိုက်ပြီးတော့ အိနြေ္ဒပျက်လောက်အောင် နှောင့်ယှက်နေတာတွေနဲ့ ပတ်သက်လို့ ဒီနေ့တော့ ကျနော် ပြတ်ပြတ်ပဲ ပြောလိုက်တယ်။

အဲတော့ အခုအခြေအနေဟာ ကျနော်တို့ ဖန်တီးတာမဟုတ်ဘူး၊ ခင်ဗျားတို့က ကျနော်တို့ကို သွားရလာရ ခက်လောက်အောင် ကျနော်တို့ရဲ့ ဆွေမျိုးသားချင်း မိတ်ဆွေသင်္ဂဟတွေဆီကို လည်ရပတ်ရတာကအစ အဲဒီအိမ်တွေနောက်ကို လိုက်တယ်၊ အဲဒီအိမ်တွေရှေ့ကနေ ဆိုင်ကယ်နဲ့ ခေါက်တုံ့ခေါက်ပြန် လုပ်ပြီးတော့ လိုက်ခြိမ်းချောက်နေတာ လူမှုရေး သွားရေးလာရေးကိုပါ ခြိမ်းချောက်နေတာ ဖြစ်တဲ့အတွက်ကြောင့် အဲသလို ခင်ဗျားတို့ ဆက်ပြီး ခြိမ်းချောက်နေမယ်ဆိုရင် ကျနော်တို့က ဥပဒေ အကာအကွယ်လဲ ယူလို့မရဘူး၊ တိုင်လို့တန်းလို့လဲ မရဘူး

အဲဒီတော့ ကျနော်တို့ လူထုကို တိုင်တည်မယ်၊ လူထုကို ကျနော်တို့ နှောင့်ယှက်ခံနေရတဲ့အကြောင်းကို ကျနော်တို့ နှောက်ယှက်ခံရတဲ့ နေရာမှာ ကျနော်တို့ ဟောပြောမယ်၊ ကျနော်တို့ လူထုကို တိုင်တည်မယ်၊ အဲဒါ ကျနော် ဒီနေ့ ဗြောင်ဖွင့်ပြောလိုက်တယ်။
အဲဒီတော့ ကျနော်တို့ အနေနဲ့ကလဲ အသိပေးချင်တာက ကျနော်တို့ နိုင်ငံရေးလုပ်တာ ဗြောင်လုပ်တယ်၊ ပွင့်ပွင့်လင်းလင်း လုပ်တယ်၊ အဲဒါကို ဥပဒေမဲ့ လိုင်စင်မဲ့ ဆိုင်ကယ်တွေနဲ့ ဘာဝန်ထမ်း အဖွဲ့အစည်းမှန်း မသိတဲ့လူတွေက တောက်လျှောက် လိုက်နှောင့်ယှက်နေတာတွေကို လမ်းလျှောက်နေတာကို တလှိမ့်ချင်းလှိမ့်ပြီး နှောင့်ယှက်ရင် နှောင့်ယှက်တဲ့နေရာမှာ ရပ်ပြီးတော့ သက်ဆိုင်ရာ ပြည်သူလူထုကို တိုင်တည်မယ်၊ ကျနော်တို့ အသိပေးမယ်၊ ကျနော်တို့ စက်ဘီးနဲ့ သွားတာကို လိုက်နှောင့်ယှက်ရင် နှောင့်ယှက်ခံရတဲ့နေရာမှာ အဲဒီဒေသကလူထုကို တိုင်တည်မယ်၊ အသိပေးမယ်၊ နောက်ဆုံး ကားနဲ့သွားတာကို လိုက်နှောင့်ယှက်ရင် ကားရပ်ပြီးတော့ ကားပေါ်က ဆင်းပြီးတော့ အဲဒီနေရာတွေမှာ ကျနော်တို့လူထုကို တိုင်တည်မယ်၊ ဟောပြောမယ်၊
အဲသလိုလုပ်တာဟာ ကျနော်တို့က ဖန်တီးတာမဟုတ်ဘူး၊ ကျနော်တို့ သွားရေးလာရေး လည်တာပတ်တာ ကျနော်တို့ မိတ်ဆွေသင်္ဂဟနဲ့ ဆက်ဆံတာကအစ အဲသလောက် နှောင့်ယှက်နေတဲ့အတွက်ကြောင့် ကျနော်တို့ တုံ့ပြန်မှာဖြစ်တယ်။ဒါဟာ ကျနော်တို့ ဖန်တီးဟာမဟုတ်ဘူး၊ ခင်ဗျားတို့ ဖန်တီးတာ ဖြစ်တယ်ဆိုတာကို ဒီနေ့ ကျနော်တို့ကို လိုက်နှောင့်ယှက်တဲ့ လူတွေကိုလဲ အသိပေးပြီးပြီ၊ ဒါဟာ ကျနော်တို့ အနယ်နယ်အရပ်ရပ်မှာရှိတဲ့ ကျနော်တို့ရဲ့ နိုင်ငံရေး လုပ်ဖော်ကိုင်ဖက်တွေရော၊ ထောက်ခံကြတဲ့ ပြည်သူတွေ၊ ကျနော်တို့လို့မျိုး အလားတူ ခြိမ်းချောက်ခံနေရတဲ့ ပြည်သူတွေ အားလုံးကို အသိပေးတာ တိုင်တည်တာဖြစ်ပါတယ်၊ ”
ဒေသခံ အာဏာပိုင်တွေဟာ အမျိုးသမီးတွေကို ကာအိနြေ္ဒပျက်ပြားအောင် လိုက်လံနှောင့်ယှက်နေတယ်လိုဏ္ဍ ကိုယ်တွေ့ကြုံသူတွေဖြစ်တဲ့ မစုစုနွေးနဲ့ (၈၈) မျိုးဆက် ကျောင်းသူ မနီလာသိန်းတို့က အခုလို ပြောပြကြပါတယ်၊
“ဟို - - သွားနေရာ လာနေရာပေါ့နော်၊ စောင့်ကြည့်ပြီး တကောက်ကောက်နဲ့ ဆိုင်ကယ်တွေနဲ့လိုက်၊ အဲ - ကျမ မိန်းမသားဖြစ်တဲ့ မိန်းကလေးတယောက် သွားလာလှုပ်ရှားတယ်၊ အဲဒါကို နောက်ကနေပြီးပေါ့နော် ယောက်ျားရင့်မကြီးတွေက နောက်ကနေ တကောက်ကောက်လိုက်နေတာ ကျမ ဘယ်လိုပြောရမှန်းကို မသိပါဘူး၊ အရမ်း စိတ်အနှောင့်အယှက် ဖြစ်တယ်၊”“အပြေးအလွှာားကို ကျမ အောက်ဆင်းလိုက်ပြီဆိုရင်၊ အောက်ကို ရောက်ပြီဆိုတာနဲ့ အပြေးအလွှား သူတို့ ဆိုင်ကယ်တွေ စက်ဘီးတွေနဲ့ လိုက်ကြတယ်၊ ရပ်ကွက်ထဲမှာ မတည်မငြိမ်ဖြစ်အောင် လုပ်နေတာ သူတို့အုပ်စုတွေပါပဲ၊ အခုဆိုရင် တဖြည်းဖြည်း ပိုဆိုးလာတယ်၊ အိမ်ရှေ့ အိမ်အောက်ကနေကြည့်တယ်၊ ဆိုင်ကယ်တွေနဲ့ လိုက်တယ်၊ စက်ဘီးတွေနဲ့ လိုက်တယ်၊
အခုဆိုရင် ကျမတို့ ဆိုက်ကားပေါ်က ဆင်းလာပြီဆိုရင်။ ဆိုက်ကားကနေ မလှမ်းမကမ်းက မိုက်ကြည့်ကြည့်တာမျိုးတွေ။ ဘုကြည့်ကြည့်တာမျိုးတွေပေါ့နော်။ ယောက်ျားကြီးတန်မဲ့၊ ကျမတို့ အမျိုးသမီးတွေကို သူတို့က နည်းမျိုးစုံနဲ့ လိုက်လံနှောင့်ယှက် ရမ်းကားနေတယ်၊ အဲဒါတွေကို ကျမတို့က သူတို့လုပ်တဲ့ လုပ်ရပ်တွေကို ကျမတို့က ဆက်လက်ပြီးတော့ တိုင်တန်းသွားမှာပဲ၊ ပြောဆိုသွားမှာပဲ။”

No comments: