Friday, August 3, 2007

Burma’s Road to Reform Runs through China

တရုတ်ပြည်ကိုဖြတ်၍သွားရမည့် မြန်မာ့ပြုပြင်ပြောင်းလဲရေး လမ်းမကြီး
အောင်ဇော် သြဂုတ် ၃၊ ၂၀၀၇


ပြီးခဲ့သော ဇွန်လက ဘေဂျင်းမြို့တွင် အမေရိကန်အစိုးရ ထိပ်တန်းအရာရှိတဦးနှင့် မြန်မာဝန်ကြီးအဖွဲ့တဖွဲ့တို့ ဖြစ်တောင့် ဖြစ်ခဲ တွေ့ဆုံဆွေးနွေးမှုတခု ဖြစ်ခဲ့သည်။ ဤအစည်းအဝေးက အမေရိကန်-မြန်မာဆက်ဆံရေး မူဝါဒ ပိုင်းတွင် ပြောင်းလဲမှု တစ်စုံတရာ ဖြစ်လာနိုင်ဖွယ်ရှိနေသည်ကို အချက်ပြနေသကဲ့သို့ ရှိခဲ့သည်။


အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ တွမ်ကေစီ (Tom Casey) ၏ အဆိုအရ နှစ်ဘက်စလုံး က ထင်မြင်ယူဆချက်များကို လွတ်လပ်ပွင့်လင်းစွာ ဆွေးနွေးခဲ့ကြပြီး စစ်အစိုးရ၏ တောင်းဆိုချက်ကြောင့် ဤအစည်းအဝေး ဖြစ်ပေါ်လာရခြင်း ဖြစ်သည်ဟုလည်း ဆိုသည်။ မြန်မာဝန်ကြီးများအဖို့ အရှေ့အာရှနှင့် ပစိဖိတ် ရေးရာ လက်ထောက် ဒု-နိုင်ငံခြားရေးဝန်ကြီး အဲရစ် ဂျွန် (Eric John) နှင့်တွေဆုံရသည်ကိုလည်း ၀မ်းပန်းတသာ ရှိပုံရသည်။
ဆွေးနွေးပွဲအကြောင်းအရာများနှင့် ပတ်သက်၍ တစ်စုံတရာ ထုတ်ဖေါ်ခြင်း မရှိသော်ငြားလည်း တတ်အပ် ခန့်မှန်း၍ရနိုင် သည်မှာ ဒေါ်အောင်ဆန်းစုကြည်နှင့် အခြားသောနိုင်ငံရေးအကျဉ်းသားများကို ဆက်လက် ထိန်းသိမ်းထားမှု၊ အမေရိကန်၏ ဒဏ်ခတ်ပိတ်ဆို့အရေးယူမှုနှင့် မြန်မာနိုင်ငံ၏ အထွေထွေနိုင်ငံရေးအခြေအနေများကို ဆွေးနွေးကြလိမ့်မည်ဆိုသည်ကို ပြောနိုင်ပါသည်။
သို့သော်လည်း နှစ်ဘက်စလုံးက အစည်းအဝေးပြုလုပ်မည့်နေရာကို အဘယ်ကြောင့် ဘေဂျင်းအား ရွေးချယ်ရပါသနည်း။ ဤမေးခွန်းက စိတ်ဝင်စားဖွယ် ဖြစ်နေသေးသည်။ အစည်းအဝေးအပြီး သတင်းစာရှင်းလင်းပွဲတွင် တွမ် ကေစီက “ခင်ဗျားတို့ သိကြတဲ့အတိုင်းပဲလေ၊ မြန်မာအစိုးရက ကျနော်တို့ကို သူတို့နဲတွေ့ဖို့ မကြာခဏ ကမ်းလှမ်း လာတာတွေ ရှိပါတယ်။ မြန်မာနိုင်ငံအတွင်းမှာပဲ သူတို့နဲ့တွေ့ဖို့ ကမ်းလှမ်းတာတွေလည်း ရှိပါတယ်။ ကျနော်တို့ ရေရှည်ကိုင်စွဲလာတဲ့ မူဝါဒက ဒေါ်အောင်ဆန်းစုကြည်နဲ့ ကျနော်တို့ကို တွေ့ခွင့်မပေးဘူးဆိုရင် ကျနော်တို့သံရုံးရဲ့ အရာရှိတွေနဲ့ တွေ့ဆုံနေတာကလွဲလို့ မြန်မာနိုင်ငံအတွင်းမှာ မတွေ့နိုင်ပါဘူး” ဟု တုံ့ပြန်ပြောဆိုခဲ့ပါသည်။
ဤအချက်အရ သေချာနေသောကိစ္စမှာ အမေရိကန်-မြန်မာဆက်ဆံရေးတွင် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး ကိစ္စသည် အဓိကသော့ချက်တခုအဖြစ် ဆက်လက်ရှိနေသေးခြင်း ဖြစ်သည်။ အကယ်၍ နေပြည်တော်ရှိ မြန်မာစစ်အစိုးရက နိုဘဲလ်ဆုရှင်ကို လွှတ်ပေး၍့ တိုင်းပြည်၏ အမျိုးသား ပြန်လည်ရင်ကြားစေ့ရေး လုပ်ငန်းစဉ်တွင် ပါဝင်ခွင့်ပြုမည်ဟု ဆုံးဖြတ် လိုက်ပါက မြန်မာနိုင်ငံအပေါ်ထားရှိသော အမေရိကန်အစိုးရ၏ မူဝါဒ များ ပြန်လည်၍ သုံးသပ် ပြောင်းလဲသွားနိုင်ဖွယ်ရာ ရှိပါသည်။ ၁၉၉၅ ခုနှစ်တွင် ဒေါ်အောင်ဆန်းစုကြည်ကို ပထမအကြိမ် ပြန်လွှတ်ပေးခဲ့စဉ်ကလည်း သမ္မတကလင်တန် အစိုးရက ချီးကျူးထောမနာပြု၍ မူဝါဒရေးရာ ပြန်လည်သုံးသပ်ခြင်းပြုရန်ပင် တောင်းဆိုခဲ့ပါသေးသည်။
သို့သော်လည်း ဘေဂျင်းတွင် ပြုလုပ်ခဲ့သောအစည်းအဝေးကိုယ်နှိုက်ကပင် ထူးခြားသောအဆင့် ဖြစ်နေသည်။ မြန်မာ နိုင်ငံ၏ နိုင်ငံရေးပြဿနာများကို ဖြေရှင်းရာတွင် တရုတ်အစိုးရက အဓိကကျသော သော့ကိုကိုင်ထား ကြောင်း ၀ါရှင်တန်က စတင်နားလည်သဘောပေါက်လာသည်လည်း ဖြစ်နိုင်ပါသည်။
မြန်မာနိုင်ငံအတွက် ပင်မ စီးပွားဖက်ဖြစ်သူနှင့် လက်နက် အဓိကရောင်းချနေသူ တရုတ်နိုင်ငံသည် မြန်မာနိုင်ငံ အပေါ် သြဇာညောင်းမည်ဆိုသည့်အချက်က သံသယရှိစရာ မလိုလှပါ။ တဘက်တွင်လည်း ဆွေမျိုးပေါက်ဖော် ဆက်ဆံရေးမှ တဆင့် ၎င်း၏တိတ်တဆိတ်သံတမန်ဆက်ဆံရေးနည်းလမ်းများကို ကျင့်သုံးလျှက် ရှိနေနိုင်ပါသည်။
ယခု ဖော်ပြလာသော သင်္ကေတ အချက်ပြများအတွက် လုံးဝ အကောက်အယူ မှားယွင်းစရာ မရှိပါ။ သတင်းများအရ တရုတ်အစိုးရက အခြေခံဥပဒေမူကြမ်းရေးဆွဲရေးလုပ်ငန်းစဉ်အား အမြန်အဆုံးသတ်ရန် စစ်အစိုးရအား ကြိတ်၍ ဖိအား ပေးခဲ့ပြီး ပိုအရေးကြီးသော အချက်မှာ တရုတ်အစိုးရအရာရှိများက မြန်မာနိုင်ငံမှ တိုင်းရင်းသား ခေါင်းဆောင်များနှင့်လည်း တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်နေခြင်းပင် ဖြစ်သည်။ ထင်ရှားသောအချက်မှာ ၎င်း၏ ကုန်သွယ်ရေးနှင့် စီးပွားရေး အကျိုးအမြတ်များအတွက် မြန်မာနိုင်ငံအတွင်း နိုင်ငံရေးအရတည်ငြိမ်မှုကို တရုတ် အစိုးရက လိုလားလျှက် ရှိနေပါသည်။
တရုတ်အစိုးရအနေဖြင့် အမေရိကန်-မြန်မာဆွေးနွေးပွဲကို အိမ်ရှင်အဖြစ် လက်ခံကျင်းပပေးရခြင်းကို ကျေနပ်နှစ် သက်မှု ရှိကောင်း ရှိနိုင်ပါသည်။ အလားတူပင် မြောက်ကိုရီးယားအရေးအတွက်လည်း ခြောက်နိုင်ငံဆွေးနွေးပွဲ အား အိမ်ရှင်အဖြစ် လက်ခံကျင်းပပေးနေပါသည်။ သို့အတွက်ကြောင့် ၀ါရှင်တန်က မြန်မာအစိုးရနှင့် စကားပြော စရာနေရာအဖြစ် ဘေဂျင်းအား ရွေးချယ်ခြင်းမှာလည်း မှန်ကန်သည့် ရွေးချယ်မှုဟု ဆိုရပါလိမ့်မည်။
သို့သော်လည်း မြန်မာနိုင်ငံ၏ အိမ်နီးချင်းများဖြစ်ကြသည့် တရုတ်၊ အိန္ဒိယနိုင်ငံ၊ ရုရှနိုင်ငံနှင့် အာဆီယံအဖွဲ့ဝင် နိုင်ငံများက မြန်မာစစ်အစိုးရအပေါ် ဆက်လက်ထောက်ခံ ပံ့ပိုးပေးနေကြဆဲ ဖြစ်သည့်အတွက် အမေရိကန်အစိုးရ အဖို့ စိတ်ပျက်ဖွယ် လည်း ဖြစ်ပါသည်။ ဂျပန်သည် မြန်မာနိုင်ငံသို့ အထောက်အပံ့ အများဆုံးပေးနေသော နိုင်ငံ ဖြစ်သော်လည်း နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုများ ဖြစ်ပေါ်လာရေးအတွက် ဖိအားသုံးရန်ကိစ္စကိုမူ စိတ်မ၀င်စား လှပါ။ ဖိအားသုံးရန် ဂျပန်နိုင်ငံက အစဉ်သဖြင့် ငြင်းပယ်နေခဲ့ပါသည်။
ထို့အပြင် အခြားအချက်တခုမှာ ပြီးခဲ့သည့် ဇန်န၀ါရီလက ကုလသမဂ္ဂ လုံခြုံရေးကောင်စီ၌ မြန်မာပြည်အရေးနှင့် ပတ်သက်၍ ဆုံးဖြတ်ချက်တခု ချမှတ်နိုင်ရန် အမေရိကန်အစိုးရ၏ ကြိုးပမ်းအားထုတ်မှုကို တရုတ်နှင့် ရုရှနိုင်ငံ တို့က ပူးပေါင်း၍ ဗီတိုသုံးကာ ပိတ်ဆို့ခဲ့ပါသေးသည်။
မြန်မာနိုင်ငံ၏ အိမ်နီးချင်းနိုင်ငံများက တိုင်းပြည်တွင်းရှိ ဓာတ်ငွေ့သိုက်ကြီးများ၊ ရေနံတွင်းများ သူရရေး၊ ငါရရေး အတွက် လက်ရှိအုပ်စိုးနေသော စစ်ဗိုလ်ချုပ်ကြီးများနှင့် ပလူးပလဲပြု၍ အပြိုင်အဆိုင် ကြိုးပမ်းနေချိန်တွင် အမေရိကန် အစိုးရအဖို့ ပို၍ အထီးကျန်လာရပါသည်။ နိုင်ငံတကာ ဝေဖန်ပြစ်တင်မှုများ တိုးမြှင့်ရင်ဆိုင်နေရသော် လည်း ဤနိုင်ငံများ၏ နိုင်ငံရေးနှင့် စီးပွားရေးအရ ပံ့ပိုးအားပေးနေမှုများက စစ်အစိုးရကို အားတက်စေကာ ပိုမို အတင့်ရဲလာစေပါသည်။
မြန်မာနိုင်ငံအတွင်း အပြုသဘောဆောင်သည့် နိုင်ငံရေးအပြောင်းအလဲများ ဖြစ်လာစေရန် မြင်တွေ့လိုသော ရည်ရွယ်ချက် များ တရုတ်အစိုးရ၏ အကျိုးစီးပွားတွင် ရှိနိုင်-မရှိနိုင် ဆိုသည်ကို ၀ါရှင်တန်က စောင့်ကြည့်လေ့လာနေ ပါသည်။ ထို့အပြင် မြန်မာနိုင်ငံနှင့် ရှည်လျားစွာထိစပ်နေသော တောင်ပိုင်းနယ်စပ်တွင် ငြိမ်းချမ်း၍ စီးပွားဖြစ်နေသည်ကိုလည်း တရုတ် အစိုးရက မြင်တွေ့လိုပါသည်။
ခန့်မှန်းကြိုပြောရခက်သော စစ်အစိုးရ၏ သမိုင်းကြောင်းကိုအခြေခံ၍ ပြန်လည်သုံးသပ်ပါက အမေရိကန်နှင့် မြန်မာ နှစ်နိုင်ငံအကြား ဆက်ဆံရေးသည် ဆက်လက်၍ ခက်ခဲကြမ်းတမ်းနေဦးမည်ဟု သုံးသပ်နိုင်ပါသည်။ နှစ်ဘက်စလုံးက ကွဲလွဲသော ရည်မှန်းချက်များကို ဆက်လက် ဆုပ်ကိုင်နေသည်နှင့်အညီ ပုံမှန်ဆက်ဆံရေးကို လည်း ဖြတ်လမ်းဖြင့် လွယ်လွယ်ကူကူနှင့် ရနိုင်ဦးမည် မဟုတ်ပေ။
အကယ်၍ စစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှုးကြီးသန်းရွှေကသာ ၀ါရှင်တန်နှင့် ဆက်ဆံရေး တိုးတက်ကောင်းမွန် လိုသည်ဆိုပါက အကောင်အထည်ရှိသည့် ပြုပြင်ပြောင်းလဲမှုများကို လုပ်ဆောင်ရန်လိုပြီး တရုတ်ပြည်ကဲ့သို့ သော ကြားနိုင်ငံများကို အသုံးပြုခြင်းကို ရပ်တန်းက ရပ်ပစ်ရမည်ဆိုသည်ကိုလည်း သူ့အနေနှင့် နားလည်ရပါ လိမ့်မည်။ ပြုပြင်ပြောင်းလဲမှုမပါသော ဆက်ဆံရေးတိုးတက်ရန် ကြိုးပမ်းခြင်းသည် အောင်မြင်မှုမရနိုင်သကဲ့သို့ အရှုံးဖြင့် နိဂုံးချုပ်ရမည်ကိုလည်း သူ သိရပါလိမ့်မည်။
၁၉၉၇ ခုနှစ်က စစ်အစိုးရနှင့် စီးပွားရေးသမားတချို့တို့က ၀ါရှင်တန် ဒီစီ အခြေစိုက် ဂျပ်ဖာဆန် ဝေါ်တာမန်း အင်တာ နေရှင်နယ် (Jefferson Waterman International) လော်ဘီ အုပ်စုတစုအား ငှားရမ်း၍ နိုင်ငံတကာ မျက်နှာစာတွင် သိက္ခာတက်ရေးအတွက် မလုပ်စဘူး ကြိုးပမ်းခဲ့ပါသေးသည်။
၂၀၀၂ ခုနှစ်နှောင်းပိုင်းတွင်လည်း မြန်မာနိုင်ငံက ၀ါရှင်တန် အခြေစိုက် လော်ဘီကုမ္ပဏီတခုဖြစ်သော ဒီစီအိုင် အဖွဲ့ (DCI Group) အား ငှားရမ်း၍ ၎င်း၏ လူ့အခွင့်အရေးချိုးဖောက်မှုများနှင့် ဒေါ်အောင်ဆန်းစုကြည်အား ဆက်လက် ထိန်းသိမ်း ထားမှုတို့ကြောင့် ဘုရှ် အစိုးရ၏ ပြစ်တင်ပြောဆိုမှုများမှ ကင်းဝေးစေရန်နှင့် အမေရိကန် နိုင်ငံ၏ ပိတ်ဆို့ပြစ်ဒဏ်ခတ်မှု ပြန်ရုပ်သိမ်းပေးရန်အတွက် ဆောင်ရွက်ခဲ့ပါသေးသည်။ သို့သော်လည်း ဤ ကြိုးပမ်းချက်များ မအောင်မြင်ခဲ့ကြပါ။ အမေရိကန်အစိုးရက မြန်မာနိုင်ငံအပေါ်ထားရှိသည့် မူဝါဒကို မယိမ်းမယိုင် ဆက်လက်ဆုပ်ကိုင် ကျင့်သုံးခဲ့ပါသည်။
အမေရိကန်ပြည်ထောင်စု၏ မြန်မာနိုင်ငံဆိုင်ရာ မူဝါဒသည် မပြောင်းမလဲ ဆက်လက်ရှိနေနိုင်ပါသည်။ ကလင်တန် အစိုးရ လက်ထက်ကတည်းက အဓိက အချက် ၃- ခု အပေါ်တွင် အာရုံစိုက်၍ မြန်မာနိုင်ငံနှင့် ဆက်ဆံရေးတွင် ကျင့်သုံးလာ ခဲ့ပါသည်။ ၎င်းတို့မှာ လူ့အခွင့်အရေး၊ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးနှင့် မြန်မာ နိုင်ငံတွင်း မူးယစ်ဆေး ရောင်းဝယ် ဖောက်ကားနေသည့်ကိစ္စများ ဖြစ်ပါသည်။
သမ္မတ ဂျော့ ဒဗလျူ ဘုရှ်က မြန်မာပြည်ကိစ္စအပေါ်တွင် ပို၍ ပြင်းပြင်းထန်ထန် ရပ်တည်ဆောင်ရွက်ခဲ့ပါသည်။ ၂၀၀၅ ခုနှစ်တွင် အိမ်ဖြူတော် သမ္မတရုံးခန်း၌ မြန်မာ့ ဒီမိုကရေစီအရေး ဆောင်ရွက်နေသူ ရှမ်းအမျိုးသမီးငယ် နန်းချမ်တောင်း ကိုပင် ဖိတ်ခေါ်၍ တနာရီနီးပါးကြာ လက်ခံတွေ့ဆုံခဲ့ပါသည်။
အမေရိကန်အစိုးရအနေဖြင့် လက်ရှိ ရှိနေဆဲ အစဉ်အလာကို ချိုးဖျက်ပစ်ရန် မလွယ်လှပါ။ ထို့အပြင် မြန်မာနိုင်ငံ စစ်အစိုးရ နှင့် ပူးပေါင်း၍ မြန်မာအတိုက်အခံများကို လက်တွဲဖြုတ်စွန့်ပစ်လိုက်ရန် အလားအလာလည်း မရှိလှပါ။ နိုင်ငံခြားရေးဝန်ကြီး ကွန်ဒိုလီဇာ ရိုက်စ်ကလည်း မြန်မာစစ်အစိုးရကို “အာဏာရှင် မင်းဆိုးမင်းညစ်များ၏ ခံကတုတ်” အတွင်းရှိ အာဏာရှင် ခြောက်ဦးအနက်မှ တဦးအဖြစ် သုံးနှုံးဖော်ပြခဲ့ပါသေးသည်။
ပို၍ ဖြစ်နိုင်သည်မှာ အမေရိကန်ပြည်ထောင်စု အစိုးရအနေဖြင့် မြန်မာနိုင်ငံအပေါ်တင်းမာသော မူဝါဒများကိုသာ ဆက်လက်၍ ကိုင်စွဲကျင့်သုံးနေဖွယ် ရှိပါသည်။ ပြစ်ဒဏ်ခတ် ပိတ်ဆို့ခြင်း၊ ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် နိုင်ငံရေး အကျဉ်းသားများ လွတ်မြောက်ရေးအတွက် မရပ်မနား ဆက်လက် ကြိုးပမ်းနေခြင်း စသည့်တို့ကို ဆက်လက်လုပ်ဆောင် နေဖွယ် ရှိပါသည်။ ၀ါရှင်တန်အနေဖြင့် ထွက်ပေါက်အဖြစ် မြင်သည်မှာ စစ်အုပ်စုက လက်ရှိ ကျင်းပနေသော အမျိုးသား ညီလာခံကို နိုင်ငံရေးအရ အဓိပ္ပာယ်ရှိသော တွေ့ဆုံဆွေးနွေးမှုများ ဖြစ်လာစေ ရန် စစ်မှန်သော ကိုယ်စားပြုပါဝင်မှု ရှိလာစေရန် လိုလားနေပါသည်။ ဤတွေ့ဆုံဆွေးနွေးမှုများမှတဆင့် နောက်ဆုံးတွင် အမျိုးသားပြန်လည်ရင်ကြားစေ့ရေးသို့ ဦးတည်စေသော အစည်းအဝေးတခုအဖြစ် ၀ါရှင်တန်က မြင်တွေ့လိုပါသည်။
သို့သော်လည်း ဘေဂျင်းအစည်းအဝေးကို ကြည့်ခြင်းအားဖြင့် အမေရိကန်အစိုးရသည် တွေ့ဆုံဆွေးနွေးပွဲအတွက် အခြား ဖြစ်နိုင်ဖွယ် နည်းလမ်းများကိုလည်း ရှာဖွေကြိုးစားနေသည်ကို တွေ့နိုင်ပါသည်။ လက်တွေ့ကျသည့် နိုင်ငံရေး ဘ၀အပြင် တွင် နေထိုင်၍ မဖြစ်နိုင်ဘဲ ဤဆေးနည်းကိုပင် သင့်သလိုပြန်သုံးလာသည်ကို တွေ့ရပါလိမ့် မည်။ အထူးသဖြင့် မြန်မာ နိုင်ငံ၏အရေးပါသော အိမ်နီးနားချင်းနိုင်ငံများ၏အခန်းကဏ္ဍကို ပစ်ပယ်ထား၍ မရနိုင်ကြောင်း အမေရိကန်ပြည်ထောင်စုက သဘောပေါက်ပါသည်။
အလားတူ ကမ္ဘာ့ကုလသမဂ္ဂအနေဖြင့်လည်း ထိုချဉ်းကပ်မှုအတိုင်း ခြေလှမ်းလာဖွယ် ရှိပါသည်။ အမေရိကန်-မြန်မာ အစည်းအဝေးအပြီး ရက်သတ္တပတ် ၂ ပတ်အကြာတွင် ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် ဘန်ကီ မွန်၏ မြန်မာ နိုင်ငံဆိုင်ရာ အထူးအကြံပေးအရာရှိ အီဗရာဟင် ဂန်ဘာရီကလည်း ဘေဂျင်းသို့ သွား ရောက်လည်ပတ်၍ တရုတ်နိုင်ငံ၏ နိုင်ငံခြားရေးဝန်ကြီးဌာန အရာရှိများနှင့် တွေ့ဆုံခဲ့ပါသည်။
ဂန်ဘာရီနှင့် အစည်းအဝေးအပြီးတွင် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ကျင်ဂန် (Qin Gan) က “အိမ်နီးချင်းဖြစ်တဲ့ မြန်မာနိုင်ငံမှာ တည်ငြိမ်မှု၊ စီးပွားရေးအရ ဖွံ့ဖြိုးတိုးတက်မှု၊ တိုင်းရင်းသားလူမျိုးစုများနဲ့ ပြေလည်မှုရှိတဲ့ သဟဇာတဖြစ်တဲ့ အခြေအနေရှိလာလိမ့်မယ်လို့ တရုတ်နိုင်ငံက မျှော်လင့်ကြောင်း” ပြောဆိုခဲ့ ပါသည်။
ဤဖော်ပြချက်သည် တရုတ်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံ၏ ပြည်တွင်းရေးအပေါ် ၀င်ရောက်စွက်ဖက်လိမ့်မည် မဟုတ် ဟူသော ရှင်းလင်းသည့် ဖော်ပြချက်တခုဖြစ်ပြီး ကြားနေကျ ရင်းနှီးနေသော စကားတခုလည်း ဖြစ်သည်။ သို့သော်လည်း ဤသတင်းစကားကပင် ၀ါရှင်တန် ဒီစီနှင့် နေပြည်တော်ရှိ အစိုးရများအတွက်လည်း သတိချပ် ဖွယ် အခြေအနေကို ဖော်ပြနေပါသည်။
အချုပ်ဆိုရသော် လက်ရှိအခြေအနေအတိုင်းသာဆိုပါက မြန်မာနိုင်ငံအတွင်း နိုင်ငံရေးပြုပြင်ပြောင်းလဲရေး အတွက် လမ်းကြောင်းသည် ဖြောင့်မတ်နေဖွယ် မရှိ။ တရုတ်နိုင်ငံတွင်းမှ ဖြတ်၍ဖောက်သွားရဖွယ် ရှိမည် ဖြစ်ပေသည်။ ။
၂၀၀၇ ခုနှစ် သြဂုတ်လထုတ် ဧရာဝတီ မဂ္ဂဇင်းမှ Aung Zaw ရေးသော Burma’s Road to Reform Runs through China (Editor’s Perspective) ကို ဆီလျော်အောင် ပြန်ဆိုပါသည်။။


No comments: