Friday, August 3, 2007

Ten Burmese die in car accident in Malaysia

မလေးရှားမှ ယာဉ်တိုက်မှုတွင် သေဆုံးသွားသူများကိစ္စ မြန်မာသံရုံးက တာဝန်မယူ
မဇ္ဈိမသတင်းဌာန သြဂုတ် ၂ ရက်၊ ၂၀၀၇ ခုနှစ်။


ထိုင်း-မလေးရှား နှစ်နိုင်ငံ နယ်စပ် အဝေးပြေး လမ်းမပေါ်တွင် မကြာသေးခင်က ကားတိုက်မှုကြောင့် သေဆုံးသွားသည့် မြန်မာနိုင်ငံသား ၉ ဦးနှင့် ပတ်သက်၍ မလေးရှားရှိ မြန်မာသံရုံးသို့ အကြောင်းကြားထားသော်လည်း သံရုံးမှ တစုံတရာ တာဝန်ယူ ဆောင်ရွက်ပေးခြင်း မရှိသေးကြောင်း သိရသည်။


ပြီးခဲ့သည့် ဇူလိုင်လ ၂၄ ရက်နေ့က ထိုင်းနိုင်ငံမှ ၀င်ရောက်လာသော မြန်မာနိုင်ငံသား ၁၃ ဦးကို တင်ဆောင်လာသည့် မော်တော်ယဉ်သည် မလေးရှား နိုင်ငံ သာဟန် ပြည်နယ် အဝေးပြေး လမ်းမကြီးတွင် ကုန်ကားတစီးနှင့် ခေါင်းချင်းဆိုင်၍ ယာဉ်တိုက်မှု ဖြစ်ပွားခဲ့ရာတွင် မြန်မာနိုင်ငံသား ၉ ဦး ပွဲချင်းပြီး သေဆုံးသွားသဖြင့် သူတို့နှင့် ပတ်သက်၍ မလေးရှားရှိ မြန်မာများက မြန်မာ သံရုံးသို့ အသိပေး အကြောင်းကြား ခဲ့သော်လည်း သံရုံးက ယနေ့ထိ တစုံတရာ ဆောင်ရွက်မှု မရှိသေးခြင်း ဖြစ်သည်။
“မြန်မာသံရုံးက မလေးရှား အစိုးရနဲ့ တိုင်ပင်နေတယ်။ တနိုင်ငံနဲ့ တနိုင်ငံ ဆက်ဆံမှုတွေ ထိခိုက် လာနိုင်တယ်၊ အခု လောလောဆယ် ဘာမှ မလုပ်ပေးနိုင်သေးဘူးလို့ သံရုံးက ကျနော်တို့ကို ပြန်ပြောပြတယ်” ဟု မလေးရှားရောက် ကချင် လူငယ်တဦးက မဇ္ဈိမကို ပြောသည်။
အဆိုပါ ယာဉ်တိုက်မှုတွင် မြန်မာနိုင်ငံမှ အသက် ၁၉ နှစ်အရွယ် အမျိုးသမီး ၂ ဦး၊ အမျိုးသား ၇ ဦး ပွဲချင်းပြီး သေဆုံးခဲ့ကာ ကားမောင်းသူ မလေးရှားနိုင်ငံသား ၂ ဦးလည်း သေဆုံးခဲ့ကြောင်းနှင့် မြန်မာနိုင်ငံသား ၄ ဦးသည် ဒေသ ဆေးရုံကြီး တခုဖြစ်သော Temer Loh ဆေးရုံကြီးတွင် ဆေးဝါး ကုသမှု ခံယူနေရဆဲ ဖြစ်သည်ဟု သိရသည်။
မလေးရှားရောက် မြန်မာများက သေဆုံးသူများ၏ အလောင်းကို သဂြုင်္ီလ်ခွင့် ရရန်အတွက် ဆေးရုံတွင် သွားရောက် တောင်းဆိုရာ မြန်မာသံရုံး၏ ထောက်ခံစာ မပါသဖြင့် မပေးနိုင်ကြောင်း ရဲများက တုံ့ပြန် ပြောဆိုခဲ့သည်ဟု အဆိုပါ ကချင်လူငယ်က ဆက်ပြောသည်။
ယာဉ်တိုက်မှု အတွင်း သေဆုံးသွားသော မြန်မာနိုင်ငံသားများသည် မလေးရှားတွင် အလုပ်အကိုင် ရှာဖွေရန် အတွက် ထိုင်းနိုင်ငံမှ ခိုးဝင် လာကြသူများ ဖြစ်ပြီး ကားခအဖြစ် တဦးလျှင် မလေးရှားငွေ ၂၅၀၀ ရင်းကစ် ပေးရသည်ဟု သိရသည်။မလေးရှား နိုင်ငံသို့ ရောက်ရှိ နေထိုင်သူ မြန်မာနိုင်ငံသား ၁ သိန်းခန့် ရှိပြီး ထိုင်းနိုင်ငံရောက် မြန်မာများသည် လုပ်အားခ ပိုမို ရရှိသော မလေးရှား နိုင်ငံသို့ ပွဲစားများ၏ အကူအညီဖြင့် ခိုးဝင်လေ့ ရှိပြီး နေ့စဉ် ၀င်ရောက်နေသော မြန်မာနိုင်ငံသား အရေအတွက်သည် အနည်းဆုံး လူဦးရေ ၅၀ ခန့် ရှိကြောင်း သိရသည်။။


No comments: