Friday, August 3, 2007

USDA guy tells the truth

မဇ္ဈိမသတင်းဌာန
အထက်လူကြီးအမိန့်ကြောင့် တရားလိုလုပ်ရခြင်းဟု ကြံ့ဖွံ့အတွင်းရေးမှူး ၀န်ခံ
သြဂုတ် ၂ ရက်၊ ၂၀၀၇ ခုနှစ်။

ဖြစ်ရပ်မှန်ကို မသိရှိဘဲ အထက်လူကြီးများ၏ အမိန့်ကြောင့် လွှတ်တော်အမတ် တဦးကို လီဆယ် တရားစွဲဆိုမိခြင်း ဖြစ်ကြောင်း မတ္တရာ မြို့နယ်မှ ကြံ့ဖွံ့ အတွင်းရေးမှူးက ယမန်နေ့က ကျရောက်သည့် ရုံးချိန်းရက်တွင် တရားရုံးတော်၌ ၀န်ခံ ထွက်ဆိုခဲ့သည်။

ဇွန်လ ၁၅ ရက်နေ့က လူထုခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည်နှင့် နိုင်ငံရေး အကျဉ်းသားများ လွတ်မြောက်ရေး ဆုတောင်းပွဲမှ အပြန် မတ္တရာ မြို့နယ် အန်အယ်ဒီ အမတ် ဦးသန်းလွင်ကို အမည်မသိ လူတဦးက သံလက်သီးဖြင့် ထိုးနှက်ပြီး ကြံ့ဖွံ့ရုံးဝင်း အတွင်း ပြေးဝင်သွားသည်ကို တွေ့သဖြင့် ဦးသန်းလွင်နှင့် ဆွေမျိုးသားချင်းများက ထိုးနှက်သွားသူကို အဆိုပါ ရုံးတွင် လာရောက် ရှာဖွေခြင်းသည် ပြည်သူလူထုမှ မိမိတို့ ရုံးကို အထင်အမြင် သေးလာစေရန် ပြုလုပ်ခြင်း ဖြစ်သည်ဟု စွပ်စွဲကာ မြို့နယ် ကြံ့ဖွံ့ အတွင်းရေးမှူး ဦးကျော်မင်းက တရားလိုအဖြစ် အမှုဖွင့် တိုင်ကြားခဲ့ရာမှ ယမန်နေ့က ကျရောက်သည့် ရုံးချိန်းရက်တွင် တရားရုံးတော်၌ သူက ၀န်ခံ ထွက်ဆိုသွားခြင်း ဖြစ်သည်။

“သူ့အကြား မဟုတ်ဘူး။ အထက်ကို ထူးခြားဖြစ်စဉ် တင်တဲ့ အချိန်မှာ အထက်က ကြံ့ခိုင် ဖွံ့ဖြိုးရေး အသင်းကို ပြည်သူလူထု အထင်သေးအောင် ပြောဆိုမှုနဲ့ စွဲချက်တင်ပြီး၊ အမှုဖွင့်ပါလို့ ခိုင်းစေလို့ အမှုဖွင့် တိုင်ကြား ရတာပါလို့ ထွက်ဆို သွားပါတယ်” ဟု တရားခံအဖြစ် စွဲချက် တင်ခံထားရသူ လွှတ်တော်အမတ် ဦးသန်းလွင်က မဇ္ဈိမကို ပြောသည်။

တရားလို ဦးကျော်မင်းက တရားခံများ အဖြစ် စွဲချက် တင်ထားသူ ၉ ဦးမှ ဦးညိုကြီးသည် ကြံ့ဖွံ့ရုံးတွင် ကြိမ်းဝါး ခဲ့သလို၊ မခင်ကြီးနှင့် မခင်လေး ကလည်း ဆဲရေး တိုင်းထွာမှု ပြုခဲ့သည်ကို ကိုယ်တိုင် သိရှိရခြင်း မဟုတ်ဘဲ တဆင့်စကား အရ သိရသည်ဟု ထွက်ဆိုခဲ့ကြောင်းလည်း သိရသည်။ ဦးသန်းလွင်က “ဦးညိုကြီးကလည်း မကြိမ်းဝါးခဲ့ပါဘူး။ မခင်မကြီးနဲ့ မခင်မလေး တို့ကလည်း ဆဲရေး တိုင်းထွာတာ မလုပ်ခဲ့ပါဘူး” ဟု ပြောသည်။ ယခင် ရုံးချိန်းရက်တွင် ဦးကျော်မင်း၏ ထွက်ဆိုချက်များကို တရားရုံးက ဖတ်ကြားပြခဲ့ပြီး ဦးတိုက် လျှောက်ထားချက်ကို ရဲထံ ပြန်လည် ချပေးခဲ့ပြီး ရဲက အမှု ပြန်လည် တည်ဆောက်ကာ ပုဒ်မ ၅၀၆ (ခြိမ်းခြောက် ကြိမ်းဝါးမှု) နှင့် တရား စွဲဆိုခဲ့ခြင်း ဖြစ်သည်။

ယမန်နေ့က တရားရုံးသို့ လာရောက် ကြည့်ရှုကြသည့် တရားခံအဖြစ် စွဲချက် တင်ခံရသူ ၉ ဦးနှင့် ဆက်နွယ်သူများကို အာဏာပိုင်များက ဓာတ်ပုံ ခိုးရိုက်ခဲ့ကြောင်းနှင့် ရုံးတော်တွင် ရဲ အထူးသတင်း တပ်ဖွဲ့ဝင်များ၊ ရဲများ၊ နယ်ထိန်းများ၊ စစ်ဖက်ဆိုင်ရာ လုံခြုံရေး တပ်ဖွဲ့ဝင်များဖြင့် ပြည့်နှက်နေကြောင်း သိရသည်။

တရားလို သက်သေ ၇ ဦးဖြစ်သည့် ကိုလှမြင့် (၁)၊ ကိုလှမြင့် (၂)၊ ကိုဝင်းဦး၊ ကိုအောင်ဖြိုး၊ ကိုလှိုင်သန်း၊ ကိုသန်းမြင့်နှင့် ကိုစိုးအောင် တို့အနက် အဆင်ပြေမည့် သက်သေ ၃ ဦးကို လာမည့် ရုံးချိန်းရက် ဖြစ်သည့် သြဂုတ်လ ၁၄ ရက်တွင် စစ်ဆေး ကြားနာသွားမည် ဖြစ်သည်ဟု တရားသူကြီးက အမိန့် ချမှတ်ခဲ့ကြောင်း သိရသည်။ တရားခံများဘက်မှ ဥပဒေ အကျိုးဆောင်ရန် အန်အယ်ဒီ (ဗဟို) ထံ တောင်းခံခဲ့သည့် အတွက် မန္တလေးမှ တရားရုံးချုပ် ရှေ့နေ ဦးမြတ်သူနှင့် မိတ္ထီလာ မြို့မှ တရားရုံးချုပ် ရှေ့နေ ဦးမြင့်တင် တို့က တာဝန်ယူ ဆောင်ရွက် ပေးနေကြောင်းနှင့် ယမန်နေ့ ရုံးတော်တွင် တရားလို၏ ထွက်ဆိုချက် အရ တရားခံ အဖြစ် စွပ်စွဲခံရသူ တဦး၊ နှစ်ဦးခန့်သာ စွဲချက် တင်ခံရဖွယ် ရှိပြီး ကျန်ရှိသူများကို တရားရှင် ပြန်လွှတ်နိုင်ဖွယ် ရှိကြောင်း အန်အယ်ဒီ အသိုင်းအ၀ိုင်းက ခန့်မှန်း နေကြသည်။။


No comments: