Thursday, December 30, 2010

၂၀၁၁ မှာ သူတို့ ဘာတွေလုပ်ကြမလဲ
ဧရာဝတီ

မဖြူဖြူသင်း (အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လူငယ်တာဝန်ခံ)

ကျမတို့ အဓိကလုပ်တာ နှစ်ပိုင်းရှိတယ်၊ နိုင်ငံရေးပိုင်းနဲ့ လူမှုရေး ဆိုပြီးမှရှိတယ်ပေါ့။ လူမှုရေးနဲ့ ပတ်သက်လို့ အခုလက်ရှိ လုပ်နေတဲ့ အလုပ်တွေကို တိုးချဲ့ပြီး လုပ်သွားဖို့ ရှိတယ်။ တိုးချဲ့တယ်ဆိုတာက အရင်တုန်းက ကျမတို့ဆီမှာ ဆရာဝန်တွေ ဘာတွေမရှိသေးဘူး၊ အခုဆိုရင် ဆရာဝန်တွေပါ ပါလာပြီ။ အန်တီစု လွတ်လာပြီးတဲ့နောက်ပိုင်းမှာ လူနာတော်တော်များ များက ကျမတို့ဆီမှာ ဆေးဝါးကုသမှု ခံယူချင်တဲ့သူတွေပိုများလာတယ်။ အဲဒီအတွက် ကျမတို့ဘက်က တတ်နိုင်သမျှ ကြိုးစားသွားမယ်၊ လူနာတွေအတွက် ဆက်လက် ရပ်တည်သွားမယ်။

နိုင်ငံရေးပိုင်းမှာ ဆိုရင်တော့ ကျမတို့ လိုချင်တဲ့ ပန်းတိုင်ကို မရောက်သေးဘူး။ အန်တီစု၊ အဘ ဦးတင်ဦးတို့ အဘ ဦးဝင်းတင်တို့ရဲ့ ဦးဆောင်မှုနဲ့ ကျမတို့က နောက်လိုက်ကောင်းတွေ အနေနဲ့ ဆက်လက်လုပ်ကိုင်သွားမယ်၊ မြန်မာ နိုင်ငံ ဒီမိုကရေစီ ရရှိရေးကို ဆက်လက်ကြိုးစားသွားမယ်။ နိုင်ငံရေး အကျဉ်းသားတွေ လွတ်မြောက်လာတဲ့အထိ၊ ကျမတို့ လိုချင်တဲ့ ပန်းတိုင်ရောက်တဲ့အထိ ဆက်လက်ကြိုးစားသွားဖို့ ရှိပါတယ်။ ၂၀၁၀ နှစ်ကုန်ပိုင်းမှာ ကျမတို့ မျှော်လင့်တဲ့၊ ကျမတို့ လွတ်မြောက်စေချင်တဲ့သူ လွတ်မြောက်လာတယ်။ လာမယ့် နှစ်သစ်မှာလည်း နောက်ထပ် လွတ်မြောက်မှုတွေနဲ့ အတူ နိုင်ငံသူ နိုင်ငံသားအားလုံး ပျော်ပျော်ရွှင်ရွှင်ဖြစ်နိုင်ဖို့ မျှော်လင့်ပါတယ်။

No comments: