Monday, December 6, 2010

journalists' donation

ပြည်တွင်းသတင်းထောက်များ HIV ဝေဒနာသည်များအား လှူဒါန်း
ဧရာဝတီ

ပြည်တွင်း ဂျာနယ်များမှ သတင်းထောက်များ စုပေါင်းပြီး HIV/AIDS ကူးစက်ခံ နေရသည့် သုခရိပ်မြုံ လူမှုထောက်ပံ့ရေး စီမံချက် (HHHP) နှင့်  အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) က ကူညီ စောင့်ရှောက်ထားသောဂေဟာများသို့ ငွေကြေး လှူဒါန်းမှု တရပ်ကို ယမန်နေ့က ပြုလုပ်ခဲ့သည်။

သတင်းထောက်နှင့် အယ်ဒီတာ စုစုပေါင်း ၃၀ နီးပါးတို့ သွားရောက်ကြပြီး NLD လူမှုအထောက်အကူပြု အဖွဲ့က စောင့်ရှောက်ထားသည့် တောင်ဒဂုံမြို့နယ်ရှိ ဂေဟာသို့ ကျပ် ၂ သိန်းနှင့် စာရေးဆရာမ သန်းမြင့်အောင် ထူထောင်ထားသည့် HIV/AIDS မိဘမဲ့ ကလေးများဂေဟာ တခု ဖြစ်သော မြောက်ဒဂုံမြို့နယ်မှ HHHP သို့ ကျပ် ၂ သိန်းစီ လှူဒါန်းခဲ့ကြောင်း သတင်းထောက်တဦးက ပြောသည်။

“သတင်းရဖို့ချည်းပဲ လုပ်နေလို့မပြီးဘူးဗျ။ ကိုယ်ရတဲ့ စာမူခတွေနဲ့ လူမှုရေးလုပ်ငန်းတွေ အတွက် အသုံးချသင့်တယ်လေ။ နောက်လည်း သတင်းထောက်တွေ စုပြီး ဒီလို လှူဒါန်းမှုတွေ လုပ်သွားမယ်” ဟု သတင်းဂျာနယ် တစောင်မှ ၀ါရင့် သတင်းထောက်တဦးက ပြောသည်။

ပထမအကြိမ် သတင်းထောက်များ စုပေါင်း၍ လှူဒါန်းပွဲကို မူလက လူ ၅၀ ကျော် သွားရောက်ရန် စီစဉ်ထားကြသော်လည်း တောင်ဒဂုံရှိ ဝေဒနာရှင်များ ပြုစု စောင့်ရှောက်ရေး ဂေဟာကို သွားရောက်ခဲ့သည့် အနုပညာရှင် ၉ ဦးကို အနုပညာ လုပ်ငန်းများ လုပ်ကိုင်ခွင့် ပိတ်ပင်သည်ဆိုသည့် သတင်းများ ထွက်ပေါ်ခဲ့သည့်အတွက် မလိုက်ဘဲ နေခဲ့သူများရှိသဖြင့် ၃၀ ခန့်သာ သွားရောက် ဖြစ်ခဲ့ကြောင်း၊ သို့ရာတွင် မလိုက်ပါသူများလည်း ငွေလှူဒါန်းကြကြောင်း သိရသည်။

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ခဲ့ပြီး အဆိုပါ ဂေဟာသို့ သွားရောက် ကြည့်ရှုခဲ့သည့် နောက်ပိုင်းတွင် ဂီတ အနုပညာရှင်များ၊ ကဗျာဆရာ၊ စာရေးဆရာများ သွားရောက်လှူဒါန်းခဲ့ကြပြီး ယခု သတင်းသမား များသည် တတိယမြောက် အစုအဖွဲ့ တခုဖြစ်သည်။

NLD လူမှု အထောက်အကူပြု အဖွဲ့မှ မဖြူဖြူသင်းက “ကျမမှာ ဝေဒနာရှင်တွေနဲ့ ပတ်သက်ပြီး ရှေ့ဆက်လုပ်စရာတွေ အများကြီးပဲ။ အခုလို မီဒီယာသမားတွေပါ လာရောက်လှူဒါန်း လာတော့ အရမ်းကို အားတက်မိပါတယ်” ဟု ဆိုသည်။

ထိုသို့ သတင်းသမားများ သွားရောက်ခဲ့သဖြင့် စာပေစိစစ်ရေးက ဂျာနယ်တိုက်များနှင့် သွားရောက်ခဲ့သည့် သတင်း ထောက်များကို ဖိအားပေးမှုများ ရှိလာနိုင်သော်လည်း မီဒီယာ သမားများအနေဖြင့် လူမှုရေးလုပ်ငန်း များကို ပြည်သူလူထု ရှေ့မှ ရှေ့ဆောင်လမ်းပြ ဆောင်ရွက်သည့် အနေဖြင့် သွားရောက်ခဲ့ခြင်း ဖြစ်သည်ဟု လှူဒါန်းရာတွင် လိုက်ပါခဲ့သူ သတင်းထောက်တဦးက ပြောသည်။

သတင်းထောက်များ လှူဒါန်းသည့် ငွေများကို မဖြူဖြူသင်းနှင့် NLD လူငယ်တဦးဖြစ်သည့် ကိုရာဇာတို့က လက်ခံခဲ့ပြီး ကျေးဇူးတင်စကား ပြန်လည်ပြောကြားကာ ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့သည်။

“ဒီလိုလာလှူတဲ့အတွက် ကျမတို့အနေနဲ့ အများကြီးဝမ်းသာပါတယ်။ လိုအပ်နေတဲ့သူတွေကို အကူ အညီပေးတယ်ဆိုတာ အန်မတန်မှကို ကောင်းတဲ့အလုပ်ပါ။ ပြည်တွင်း သတင်းထောက်တွေ အနေနဲ့လည်း ဒီလို လာလှူဖို့ကို တော်တော်ကို စွန့်စားပြီးမှလာရတယ်ဆိုတာ သဘောပေါက်ပါတယ်” ဟုမဖြူဖြူသင်းကပြောသည်။

မဖြူဖြူသင်း ဦးစီးသော HIV/AIDS ဝေဒနာသည်များ စောင့်ရှောက်မှုဂေဟာတွင် လူနာများအတွက် တလ ကုန်ကျစရိတ်သည် ကျပ်သိန်း ၆၀ အထက်တွင်ရှိကြောင်း ၎င်းကဆိုသည်။

ရောဂါကူးစက်ခံရသော မိဘမဲ့ ကလေးများ ပြုစုစောင့်ရှောက်ရာ သုခရိပ်မြုံ လူမှုထောက်ပံ့ရေး စီမံချက်ဂေဟာတွင်လည်း တလလျှင် ကျပ် ၁၅သိန်းအထက် ကုန်ကျမှုများရှိကြောင်း ယင်းဂေဟာမှ ဒေါက်တာ စုထားက ပြောသည်။

ဝေဒနာရှင် ၈၀ ကျော် နေထိုင်၍ ဆေးကုသမှု ခံယူလျက်ရှိသော NLD ကစောင့်ရှောက်ထားသည့် တောင်ဒဂုံမြို့နယ်မှ ဂေဟာကို ဒေါ်အောင်ဆန်းစုကြည် လာရောက် အားပေးကြည့်ရှုပြီးနောက်တွင် အာဏာပိုင်များက ဧည့်စာရင်း ဆက်လက် မပေးတော့ဟု ခြိမ်းခြောက်ခဲ့သော်လည်း ယခုအခါ ဧည့်စာရင်း ပုံမှန်ပြန်လည်ခွင့် ပေးနေပြီဟု သိရသည်။

ဧရာဝတီသတင်းထောက် မိုးယံနှင့် ဆက်လင်း ပူးပေါင်း ရေးသားသည်။

No comments: