Saturday, October 6, 2007

NEJ article written by burmese bloggers

( ပြည်ပရောက် မြန်မာဘလော့ဂါတစု ရေးတဲ့ဆောင်းပါး တဲ့။ ခေတ်ပြိုင်မှာ ပါလာတယ်။ မနေ့က ရက်စွဲနဲ့ တင်ထားတာပဲ။ အချိန်ရရင် အကုန်ဖတ်။ သိပ်မရရင် အလယ်ပိုင်းကနေ စဖတ်။)

မြန်မာပြည်၏ ဟိုမှာဘက်တွင်

ပြည်ပရောက် မြန်မာဘလော့ဂါတစု

" - - - ဖြစ်ရပ်မှန်တွေ ထုတ်ဖော်နိုင်ဖို့ သတင်းတွေရဖို့အတွက် ဖြန့်ချိဖို့အတွက် ပြည်သူတွေဟာ စွန့်စားဓာတ်ပုံရိုက်ခဲ့ရတယ်။ အင်တာဗျူး တွေ ခိုးကြောင်ခိုးဝှက် ဖြေခဲ့ရတယ်။ ဒါဟာ - - - "





ဒီကနေ့ကတော့ ပြည်တွင်းပြည်ပမှာ နေထိုင်ကြတဲ့ မြန်မာတို့အဖို့ တကယ့်ကို ၀မ်းနည်းစရာ နေ့တနေ့ပါ။ မေတ္တာနဲ့ ဆန္ဒဖော်ထုတ်နေသူတွေကို လက်နက်နဲ့ အဖြေပေးလိုက်တဲ့ ပွဲတခုဟာ တောင်းပန်နေကြတဲ့ကြားထဲကပဲ မြန်မာပြည်မှာ အမှန်တကယ် ဖြစ်သွားခဲ့ပါပြီ။ စဉ်းတောင် မစဉ်းစားဝံ့စရာ လူမဆန်တဲ့ ရက်စက်မှုတွေကို မြန်မာ အာဏာပိုင်တွေက လုပ်ချလိုက်ပါပြီ။

အဖြစ်အပျက်တွေဟာ အရင်လက အစိုးရက လောင်စာဆီ ဈေးနှုန်းတွေကို နေ့ချင်းညချင်း တက်လိုက်တာက အစပြုခဲ့တာပါ။ နောက်တော့ မြန်မာပြည်ရဲ့ နယ်မြို့ကလေး တမြို့ဖြစ်တဲ့ ပခုက္ကူမြို့မှာ ပြည်သူတွေ ဆင်းရဲဒုက္ခ သက်သာစေဖို့အတွက် သံဃာတော်တွေက မေတ္တာပို့ လမ်းလျှောက်ခဲ့ပါတယ်။ အဲဒါကို အာဏာပိုင်တွေက ကြမ်းတမ်းစွာ ကိုင်တွယ်ဖြေရှင်းခဲ့ပါတယ်။ ပထမပိုင်းမှာ သံဃာတော်တွေက အဲဒီလုပ်ရပ်အပေါ် တောင်းပန်ဖို့တောင်းဆိုခဲ့တယ်။ ဒါကို အချိန်တခု ပေးထားတဲ့အထိ အာဏာပိုင်တွေက မလိုက်လျောခဲ့ပါဘူး။ နောက်ပိုင်းမှာတော့ ၈၈ မျိုးဆက် ကျောင်းသားတွေနဲ့ သံဃာတွေ ပူးပေါင်းပြီး ခံစားနေရတဲ့ ပြဿနာတွေရဲ့ ရင်းမြစ်ဖြစ်တဲ့ အချက်တွေကို အတိအလင်း ကြွေးကြော်တောင်းဆိုခဲ့ပါတယ်။ တကယ်တော့ တောင်းဆိုထားတဲ့ အချက်တွေဟာ နိုင်ငံရေးအသွင်ကို အများကြီး နှိမ့်ချထားခဲ့ပါတယ်။ စားဝတ်နေရေးပြေလည်ချင် တယ်။ ဖမ်းထားတဲ့ နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ပေးစေချင်တယ်။ စေ့စပ်ညှိနှိုင်းစေချင်တယ်။ ဒီနေရာမှာ ညှိနှိုင်းမယ်ဆိုတာဟာ စစ်အစိုးရအတွက် အများကြီး လမ်းဖွင့်ပေးခဲ့တာပါ။

ဒီလိုနဲ့ ပြည်သူတွေ ပူုးပေါင်းပါဝင်ကြတဲ့ ဆန္ဒဖော်ထုတ်ပွဲဟာ ကြီးသထက်ကြီး လာပါတယ်။ ၁၉၈၈ ခုနှစ် နောက်ပိုင်းမှာ ဒါဟာ အကြီးကျယ်ဆုံး ဆန္ဒဖော်ထုတ်မှုပါပဲ။ သံဃာတွေက ဦးဆောင် လာတာကတော့ ၈၈ နဲ့မတူတဲ့ ထူးခြားမှုဖြစ်ပါတယ်။ သံဃာတွေ ဘာလို့ဦးဆောင်ရတာလဲဆိုတာ အခု ကမ္ဘာမှာ မေးနေကြတဲ့ မေးခွန်းတခုပါ။ သံဃာတွေဟာ မြန်မာ့နိုင်ငံရေးသမိုင်းမှာ အရေးပါတဲ့ ကဏ္ဍက အမြဲပါဝင်ခဲ့ကြပါတယ်။ ဘာသာရေးအရ ရဟန်းသံဃာဆိုတာ နိုင်ငံရေးမှာ ပါဝင်သင့် မပါဝင်သင့်ဆိုတာတွေ အငြင်းပွားခဲ့ကြပါတယ်။ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း ရဲ့ပြောစကားကို ဒီလိုကိုးကားချင်ပါတယ်။

“... ဆရာတော်၊ သံဃာတော်၊ ဘုန်းတော်ကြီးများသည် အရေးကိစ္စတိုင်းတွင် ကျွန်ုပ်တို့ လူမှု အသိုင်းအ၀န်းကို ရှေ့သို့ချီတက်နိုင်စေရန် ကူညီခဲ့ကြပေသည်။ ဘုန်းတော်ကြီးများ အနေဖြင့်
လူတချို့က လူမှုဝန်းကျင်ကို အန္တရာယ် ပြုလာပြီဆိုရင် သူတို့ကို ကာကွယ်ဖို့၊ သူတို့ကိုယ်တိုင် တရားဥပဒေတွေ ဖြစ်သွားတာကို ကာကွယ်ဖို့ ၊ မကောင်းတဲ့အနာဂါတ် နိမိတ်ဆိုး အကြောင်း
နှိုးဆော် ဟောကြားသင့်ပါတယ် ...”

“... ဆရာတော်၊ သံဃာတော်များဘုရား၊ မေတ္တာထား၍ ပြည်သူအားလုံးတို့၏ စိတ်များကို ကြောက်ရခြင်းမှ ကင်းလွတ်စေရန် (free from fear) လည်းကောင်း၊ အမြင်ကျဉ်း၍ အမြင်လွဲမှုများ၊ လျစ်လျူရှုမှုများနှင့် အယူသည်းမှုများမှ ကင်းဝေးစေရန် လည်းကောင်း၊ ရည်သန်၍
သြ၀ါဒပေးကြားတော်မူပါ။ သူတို့အား ပိုမို မြင့်မြတ်လာစေရန်နှင့် ပိုမိုပျော်ရွှင်ဖွယ်ရာ ဘ၀များ ရရှိစေရန်အတွက် သင်ကြားဆုံးမပေးတော်မူပါ။ ထိုအရာ များသည် အရှင်မြတ်များ၏
အပ်ရာသောဝန်တာများ ဖြစ်သည့်အတွက် လျှောက်ထားအပ်ပါသည် ဘုရား ...”

ဗိုလ်ချုပ်အောင်ဆန်း
၁၉၄၆ ခုနှစ်
ဖဆပလ ညီလာခံ မိန့်ခွန်းမှ ကောက်နုတ်ချက်၊

(မြန်မာဘလော့ဂါ ကိုမောင်ရင်၏ ဖော်ပြမှုမှ ကိုးကားပါသည်။ http://maungyin.blogspot.com/2007/07/blog-post_17.html)

အတိတ်ကသင်ခန်းစာအရ စစ်တပ်က ပစ်ခတ်နှိမ်နင်းလေ့ရှိတာကို သိပေမယ့်လည်း လွတ်လပ်
မှုကို ငတ်မွတ်နေကြတဲ့ ပြည်သူလူထုဟာ ဒါဟာ နောက်ဆုံးအခွင့်အရေး ဖြစ်ကောင်းပါရဲ့လို့ လိုချင်တဲ့အချက်တွေကို ငြိမ်းချမ်းစွာ ဆက်လက်ဖော်ထုတ်ခဲ့ပါတယ်။ ဒီလှုပ်ရှားမှုတွေမှာ ဘယ်သူ တွေပါဝင်လှုပ်ရှားကြသလဲ ဆိုတာကို ကြည့်ရင် သံဃာတွေ သီလရှင်တွေနဲ့အတူ ပြည်သူ့ အနုပညာရှင်တွေ ကျောင်းသားတွေနဲ့ အရပ်သူအရပ်သား ပြည်သူတွေအားလုံး သိန်းနဲ့ချီပြီး ပါဝင်ခဲ့ကြတာကို အထင်အရှား တွေ့ရမှာပါ။

ဒါဟာ ရောင့်ရဲလွယ်တဲ့ ရိုးသားအေးဆေးစွာနေလေ့ရှိတဲ့ မြန်မာ ပြည်သူတွေရဲ့ မခံမရပ်နိုင်တဲ့အဆုံး ရင်ထဲကထွက်ကျလာတဲ့ အသံတွေပါပဲ။ အဲဒီလို ကိုယ်တိုင်စိတ်ရင်းနဲ့ တက်တက်ကြွကြွ ပါဝင်လာ မှုဟာ မိနစ်နဲ့အမျှ သတင်းတွေ တက်လာတဲ့ မြန်မာဘလော့တွေမှာ အထင်အရှားတွေ့ရပါတယ်။ သတင်းမှောင်ချပြီး ဗြောင်လိမ်လေ့ရှိတဲ့ အစိုးရအောက်မှာ ဖြစ်ရပ်မှန်တွေ ထုတ်ဖော်နိုင်ဖို့ သတင်းတွေရဖို့အတွက် ဖြန့်ချိဖို့အတွက် ပြည်သူတွေဟာ စွန့်စားဓာတ်ပုံရိုက်ခဲ့ရတယ်။ အင်တာဗျူး တွေ ခိုးကြောင်ခိုးဝှက် ဖြေခဲ့ရတယ်။ ဒါဟာ ဘယ်သူဘယ်ဝါရဲ့ အလုပ်ခိုင်းစေမှုကြောင့် မဟုတ်ဘဲ တပြားတချပ်မှမရဘဲ လုပ်ခဲ့တာပါ။ သူတို့အတွက် အရိုက်အနှက်ခံရဖို့ ကင်မရာအသိမ်းခံရဖို့ ပိုကံဆိုးရင် သေနတ်မှန်ဖို့ ထောင်ကျဖို့ဆိုတဲ့ စွန့်စားမှုတွေပဲ ရှိပါတယ်။ သတင်းတွေကို မီဒီယာ
တွေထက်စောပြီး ချက်ချင်းတင်နိုင်ခဲ့ပါတယ်။ မီဒီယာကြီးတွေကတောင်မှ သတင်းအဓိက ပြည်သူလူထုဆီက ရတာပါလို့ ပြောခဲ့ကြရပါတယ်။ အဖြစ်မှန်တွေ ကမ္ဘာက သိပါစေတော့၊ မတရားမှုတွေ ဖြေရှင်းနိုင်ပါစေတော့လို့ ပြည်သူတွေကတော့ အတတ်နိုင်ဆုံး ပါဝင်ဆင်နွှဲခဲ့ကြပါပြီ။ ဒီလိုရဲဝံ့သူတွေအပေါ် နိုင်ငံတကာရဲ့ တုံ့ပြန်မှုကတော့ ဘယ်လိုလဲ။

သွေးထွက်သံယိုတွေကတော့ ဖြစ်သွားခဲ့ရပါပြီ။ နိုင်ငံတကာက ဒါကို မဖြစ်အောင် ထိထိ ရောက်ရောက် တားမြစ်နိုင်တဲ့ အကူအညီတွေ အချိန်မီ မပေးနိုင်ခဲ့ဘူးဆိုတာ ထင်ရှားပါတယ်။ စိတ်ပူမိကြောင်း အေးချမ်းစွာ ဖြေရှင်းမယ်လို့ မျှော်လင့်ကြောင်း သဘောထားတွေတော့ ပြောခဲ့ကြပါမယ်။ ကုလသမဂ္ဂ အစည်းအဝေးမှာတော့ မြန်မာနိုင်ငံကို သြဇာလွှမ်းမိုးမှု အကြီးအကျယ်ရှိတယ်ဆိုတဲ့ တရုတ်နိုင်ငံက ဒီလို ထ ကန့်ကွက်ခဲ့ပါတယ်။ ဟုတ်တယ် မြန်မာနိုင်ငံမှာ ပြဿနာတချို့တော့ တက်နေတာပေါ့တဲ့။ ဒါပေမယ့် အဲဒါဟာ ကမ္ဘာ့ ငြိမ်းချမ်းရေးကို ထိခိုက်နိုင်လောက်အောင်တော့ မဟုတ်ပါဘူးတဲ့။ ဒါဟာ ကုလသမဂ္ဂ လုံခြုံရေးကောင်စီရဲ့ အရေးယူမှုအထိ မလိုအပ်ဘူးလို့ဆိုလိုတာပါ။

အခုတော့ တရားမျှတမှု တခုကို လိုချင်လို့ အေးချမ်းစွာ သဘောထား ထုတ်ဖော်နေသူတွေကို ဒီလိုနည်းနဲ့ တုံ့ပြန်ခွင့်ရတယ်လို့ မြန်မာအာဏာပိုင်တွေက ကမ္ဘာ့အလယ်မှာ ပြောင်ပြောင်တင်းတင်း ချပြလိုက်ပါပြီ။ နိုင်ငံတကာရဲ့ စိုးရိမ်ပူပန်မှုသက်သက်နဲ့ ပျော့ပျောင်းစွာ တောင်းပန်မှုတွေဟာ စစ်အစိုးရတခုအတွက် ဂရုစိုက်စရာမဟုတ်ဘူးဆိုတာ ဥပမာ ပေးလိုက်တာပါပဲ။ ယခုလို အခြေ အနေမျိုးမှာတောင် ဒါဟာ မြန်မာပြည်ရဲ့ အိမ်တွင်းရေးသက်သက်ပါလို့ နိုင်ငံတချို့က ဆိုနေဆဲပါ။ တကယ်ပဲလား။ စဉ်းစားစရာပါ။ လက်နက်မဲ့သူတွေကို လက်နက်ရှိသူက အနိုင်ကျင့်တာ တရား နည်းလမ်းကျပါသလား။ စက်တင်ဘာ ၂၇ ရက်နေ့မှာဖြစ်ခဲ့တဲ့ အပြစ်မဲ့ မြန်မာပြည်သူတွေရဲ့ သွေးမြေကျဖြစ်ရပ်ကို နိုင်ငံတကာက ဘယ်လိုတုံ့ပြန်မလဲဆိုတာ စောင့်ကြည့်ရပါတော့မယ်။

(ယခုဆက်လက်၍ ရက်စက်စွာ နှိမ်နင်းမှုများ ဖြစ်ပွားနေပါသည်။ မြန်မာဘလော့ဂါတစုက
မိမိတို့၏ ခံစားချက် အတွေးအမြင်များကို ဆက်လက်ရေးသားသွားပါမည်။)


မူရင်း

khitpyaing.org/articles/




No comments: