Tuesday, October 9, 2007

be quiet for freedom

၁၂ ရက်၊ ၁၂ နာရီတွင် ၁၂ မိနစ်ငြိမ်သက်ကြရန်
ပြည်သူများအား လူငယ်အင်အားစု တိုက်တွန်း

NEJ/ (၉) ရက်အောက်တိုဘာ


- - - - - -ဘတ်စ်ကားဂိတ်က အမိုးအောက်လေးမှာပဲဖြစ်ဖြစ် (၁၂) မိနစ်ငြိမ်ငြိမ်လေးနေပေး - - - - - -



အောက်တိုဘာ (၁၂) ရက်မှစတင်ကာ (၃) ရက်တိတိ နေ့လည် (၁၂) နာရီအချိန်တွင် မြန်မာပြည်သူပြည်သားများအနေဖြင့် ၀မ်းနည်းခြင်းအထိမ်းအမှတ်ကို ပြသရန် မိမိတို့၏နေအိမ်များတွင် (၁၂) မိနစ်တိတိနေပေးကြပါရန်နှင့် မလွဲမရှောင်သာ အပြင်သို့ရောက်ရှိနေပါကလည်း အမိုးအကာများအောက်သို့ ခဏ၀င်ပေးကြပါရန် လူငယ်အင်အားစုအဖွဲ့က ယနေ့ကြေညာချက်ထုတ်ပြန်တိုက်တွန်းလိုက်သည်။

စာပေ၊ ဂီတအနုပညာရှင်များ၊ ၀န်ထမ်းများ၊ ကွန်ပျူတာ ပညာရှင်လူငယ်များနှင့် ကျောင်းသား
လူငယ်များပါဝင်သည့် Generation Wave ခေါ် အကြမ်းမဖက်အမျိုးသားရေးလှုပ်ရှားမှု လူငယ် အင်အားစု (မြန်မာနိုင်ငံ) က ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။

ယင်းအဖွဲ့မှ အဖွဲ့ဝင်တဦးဖြစ်သူ ကိုကျော်ကျော်က “ပြည်သူတွေဟာ ဒီစနစ်ကိုမကြိုက်ဘူး၊ သူတို့ဆန္ဒပြချင်တယ်၊ ဒါပေမယ့် သူတို့ရဲ့ဆန္ဒကို ထုတ်ဖော်ရမှာလည်း သူတို့အရမ်းကြောက်တယ်။ အဲလိုလူမျိုးတွေအတွက် ကျနော်တို့က ကိစ္စတခုကို ပြုလုပ်တာမဟုတ်ဘဲနဲ့ မပြုလုပ်တဲ့အနေနဲ့ ဆန္ဒပြတာပါ၊ အကယ်၍ အလုပ်ကိစ္စတခုခုရှိလို့ အပြင်သွားကြရရင်လည်း (၁၂) နာရီထိုးတဲ့အချိန်မှာ အမိုးအကာအောက်တွေမှာပဲဖြစ်ဖြစ် နောက်ဆုံးဘတ်စ်ကားဂိတ်က အမိုးအောက်လေးမှာပဲဖြစ်ဖြစ် (၁၂) မိနစ်ငြိမ်ငြိမ်လေးနေပေးပို့ပါ” ဟုပြောသည်။

မြန်မာနိုင်ငံတွင် ပြည်သူလူထုတရပ်လုံး၏ အထွေထွေအကျပ်အတည်းအတွက် ငြိမ်းချမ်းစွာမေတ္တာပို့ ဆန္ဒပြနေကြသော ရဟန်းသံဃာ သီလရှင်ဆရာလေးများနှင့် ကျောင်းသားပြည်သူများအား စက်တင်ဘာ (၂၆) ရက်နေ့လည် ၁၂ နာရီအချိန်တွင် စစ်အာဏာရှင်အစိုးရမှ စစ်အင်အားသုံးကာ အကြမ်းဖက်ဖြိုခွင်းခဲ့ကြောင်းကြေညာချက်တွင်ဖော်ပြထားသည်။

ထိုကဲ့သို့ ရက်စက်စွာ ပစ်ခတ်ရိုက်နှက်ဖြိုခွင်းမှုကြောင့် ရဟန်းရှင်လူ ကျောင်းသားပြည်သူ
အာဇာနည်များ၊ စစ်ကြောရေးစခန်းများတွင် ရိုက်နှက်ညှင်းပမ်းမှုများကြောင့် သေဆုံးသွားကြရသူ များအတွက် ရည်စူး၍ မြန်မာပြည်သူပြည်သားများအနေဖြင့် ၀မ်းနည်းခြင်းအထိမ်းအမှတ်ပြုလုပ်ရန် ပန်ကြားရခြင်းဖြစ်ကြောင်းလည်း ဖော်ပြပါရှိသည်။

Generation Wave အုပ်စုသည် လူငယ်များ၏ ရိုက်ခက်မှုလှိုင်းအဖြစ်ပေါ်ထွက်လာသည့် လူငယ်အုပ်စုဖြစ်ပြီး မြန်မာနိုင်ငံတွင် စနစ်တခုပြောင်းရေးအတွက် ကြိုးစားကြခြင်းဖြစ်ကြောင်း ကိုကျော်ကျော်က ပြောသည်။

“ပြည်သူတွေကတော့ ဒီစနစ်ကြီးကို ရွံမုန်းနေတဲ့အဆင့်မှာရှိနေပါတယ်။ ဒါကြောင့်သူတို့အလုပ်နိုင် ဆုံးဖြစ်မယ်ဆိုတဲ့အဆင့်ကို စတာပါ။ နောက်ထပ်ခြေလှမ်းတွေအများကြီးလည်း ဆက်ပြီးလှမ်းအုံး မှာပါ” ဟု၎င်းကပြောသည်။

မူရင်း

khitpyaing.org



No comments: