Tuesday, October 9, 2007

no internet access, no publication

အင်တာနက် ဖြတ်ခဲ့သဖြင့် လုပ်ငန်းအခက်အခဲများကြုံကြရ

NEJ / ၉ အောက်တိုဘာ ၂၀၀၇

“ - - - - - - - အင်တာနက်ပိတ်ထားချိန်မှာ ထုတ်ဝေဖို့ခက်သွားတယ်။ ပြီးခဲ့တဲ့နှစ်ပတ်က ရပ်ထားရတယ် - - - - -”
မြန်မာနိုင်ငံအတွင်း ပြီးခဲ့သည့် စက်တင်ဘာ (၂၈) မှစ၍ ဖြတ်တောက်ထားသည့် အင်တာနက်
လိုင်းကို ယနေ့ပြန်လည်သုံးစွဲနိုင်ပြီဖြစ်သော်လည်း ယင်းသို့ ဖြတ်တောက်ခဲ့မှုကြောင့် လုပ်ငန်း
များ ထိခိုက်ခဲ့ကြောင်း မြို့ခံများထံမှ စုံစမ်းသိရှိရသည်။

သတင်းဂျာနယ်နှင့် အားကစားဂျာနယ် ထုတ်ဝေနေသည့် ဂျာနယ်တိုက်မှ အယ်ဒီတာတဦးက “တိုက်အနေနဲ့ အားကစားနဲ့ နိုင်ငံတကာသတင်းတွေကို အင်တာနက်ကနေ ယူသုံးနေရလို့ အင်တာနက်ပိတ်ထားချိန်မှာ ထုတ်ဝေဖို့ခက်သွားတယ်။ ပြီးခဲ့တဲ့နှစ်ပတ်က ရပ်ထားရတယ်” ဟု ရှင်းပြသည်။

ရန်ကုန်မြို့နှင့် မြန်မာနိုင်ငံတ၀န်း သံဃာတော်များဦးဆောင်သည့်ဆန္ဒပြပွဲများ ဖြစ်ပွားခဲ့သဖြင့် ပြီးခဲ့သည့် အပတ်စဉ်ထုတ် ဂျာနယ်များဖြစ်သည့် Weekly Eleven, First Eleven, Premier
Eleven၊ ရန်ကုန်တိုင်းမ်၊ ဖလားဝါးနယူးစ်၊ သည်ဗွိုက်စ်၊ ပြည်မြန်မာ အပါအ၀င် ဂျာနယ်အများ
အပြား ထုတ်ဝေနိုင်ခြင်းမရှိခဲ့ဟုသိရသည်။

စစ်အစိုးရထံမှ အထူးအခွင့်အရေးရနေသည့် မြန်မာတိုင်းမ်ဂျာနယ် (အင်္ဂလိပ်နှင့် မြန်မာ)၊ ခရိုင်းမ်ဂျာနယ်တို့မှာမူ ပုံမှန်ထွက်နေပြီး အင်တာနက်မှ သတင်းများ ရယူဖော်ပြထားသည်ကို တွေ့ရှိရပြီး မည်သို့မည်ပုံရရှိသည်ကို မသိရှိနိုင်ပေ။

အင်တာနက်လိုင်းများ ပိတ်ထားသောကြောင့် ရန်ကုန်၊ မန္တလေး အင်တာနက်ကဖေး အားလုံး ပိတ်ထားသည့်အပြင် နေအိမ်များမှ ဒိုင်ယယ်အပ်စနစ်နှင့်လည်း မည်သူမျှအသုံးပြု၍ မရကြ
ကြောင်း သိရသည်။

ပြီးခဲ့သည့် ရက်ပိုင်းက အင်တာနက် အသုံးပြုရ ခက်ခဲသူအချို့ကို ထရိတ်ဒါးဟိုတယ်တွင် အခြေစိုက်သည့် ကုလသမဂ္ဂ ယူအန်ဒီပီရုံးမှ အကူအညီပေးနေသည်ဆိုသည့် သတင်းထွက် ပေါ်ခဲ့သဖြင့် စစ်အစိုးရ စသုံးလုံးအဖွဲ့ဝင်များက ၀င်ရောက်စစ်ဆေးခဲ့သေးကြောင်း ထရိတ်ဒါး ဟိုတယ်မှ အမည်မဖော်လိုသူ ၀န်ထမ်းတဦးက ပြောပြသည်။

အဆိုပါ ယူအန်ဒီပီရုံးသည် ဂြိုဟ်တုဆက်သွယ်ရေးစနစ်မှ အင်တာနက် အသုံးပြုရခြင်းဖြစ်ပြီး စစ်အစိုးရ၏ မြန်မာ့ဆက်သွယ်ရေးနှင့် မြန်မာအင်ဖိုတက် ဆာဗာနှစ်ခုစလုံးနှင့် ဆက်စပ်ပတ် သက်ခြင်း မရှိကြောင်း သိရသည်။ စစ်အစိုးရက အင်တာနက်လိုင်းများကို ပြည်ပအဆက်
အသွယ် ဖြတ်တောက်ထားသော်လည်း ပြည်တွင်းအင်ထရာနက်သဘော ခွင့်ပြုထားကြောင်း ကြေညာခဲ့သည်။

ထိုသို့ကြေညာခဲ့သော်လည်း နိုင်ငံခြားထွက်မည့် မြန်မာနိုင်ငံသားများ ပြည်ပထွက်ခွာခွင့်ပုံစံ လျှောက်ထားရသော နေပြည်တော်မှ တင်ထားသည့် D-form ၀က်ဆိုဒ်ကိုလည်း ၀င်ရောက် အသုံးပြု၍မရသောကြောင့် လေဆိပ် လ၀က မှာပင် ဆွေမျိုးရင်းချာတယောက်က အာမခံ
ပေးသည့် စနစ်ကို ကျင့်သုံးကာ ထွက်ခွာခွင့်ပေးနေကြောင်း သိရသည်။

အင်တာနက်လိုင်းများ ဖြတ်တောက်ထားခြင်းကို ဆက်သွယ်ရေးစက်ပစ္စည်းများ ပြုပြင်နေသော ကြောင့်ဟု စစ်အစိုးရက သတင်းထုတ်ပြန်ထားသည်။
ပြီးခဲ့သည့် သံဃာတော်များဆန္ဒပြပွဲအတွင်း ပြည်တွင်းမှရုပ်ပုံများ၊ ဗီဒီယိုဖိုင်များကို အင်တာနက် လိုင်းမှတဆင့် နိုင်ငံတကာသို့ လွယ်ကူလျင်မြန်စွာ ပို့ဆောင်နိုင်ခဲ့သည့်အတွက် စစ်အစိုးရ၏ လူ့အခွင့်အရေးချိုးဖောက်မှုများကို မျက်ဝါးထင်ထင်မြင်ကြရသောကြောင့် ယခုကဲ့သို့ အင်တာနက် အသုံးပြုခွင့် ပိတ်ပင်ထားခြင်းဖြစ်နိုင်သည်ဟု မြန်မာပြည်သူအများက ယုံကြည်နေကြသည်။

မူရင်း

moemaka

No comments: