Sunday, August 12, 2007

u saw lwin by tin moe

ဦးစောလွင် သို့မဟုတ် ဥက္ကဌကြီး
တင်မိုး


ကျွန်တော် ချစ်ခင်လေးစားတဲ့ ရဲဘော်တွေထဲက မန္တလေးတက္ကသိုလ် ကျောင်းသားသမဂ္ဂဥက္ကဌဟောင်း ကိုစောလွင် အကြောင်း ရေးချင်ပါတယ်။

ကျွန်တော်တို့ ၁၉၅၇ - ၅၈ ခုနှစ်မှာ မန္တလေးတက္ကသိုလ်ကျောင်းရောက်တော့ မြန်မာစာဌာနမှာထင်ပါရဲ့ … မွန်မွန်ရည်ရည် တည်တည်ကြည်ကြည်နဲ့ ရုပ်ရည်သန့်သန့် လူငယ်တဦးနဲ့ တွေ့ရပါတယ်။ ဆရာဦးမောင်မောင်တင်က မိတ်ဆက်ပေးလို့ ကျောင်းသားခေါင်းဆောင် ကိုစောလွင်လို့ သိရပါတယ်။

ကိုစောလွင်ကို ကျောင်းသားတိုင်းလိုလိုက `ဥက္ကဌကြီး´လို့ လေးလေးစားစား နှုတ်ဆက်သံကြားရတာနဲ့ ကျောင်းသားသစ် ဖြစ်တဲ့ ကိုသိန်းနိုင် (ဂုဏ်ထူး)နဲ့ ကျွန်တော်တို့ကလဲ `ဥက္ကဌကြီး´လို့ပဲ ခေါ်မိပါတယ်။

တကယ်တော့ သူဟာ တ.က.သ ဥက္ကဌ မဟုတ်သေးပါ။ မိတ္ထီလာ ကိုကျော်စိုးက တ.က.သ ဥက္ကဌဖြစ်ပါတယ်။ ဒါပေမဲ့ ကိုစောလွင်က တက္ကသိုလ်ဗုဒ္ဓဘာသာအသင်း ဥက္ကဌလို့ သိရပါတယ်။ သူ့အမူအရာကလဲ လေးစားဖွယ် အမူအရာရှိပါတယ်။ ဖော်ရွေတယ်၊ ပြုံးရွှင်တယ်၊ ဒါပေမဲ့ သူ့အမူအရာက မကလက်ဘူး၊ တင့်တယ်တယ်။

တရားဓမ္မ ၀ါသနာထုံကြတဲ့ ကျောင်းသူကျောင်းသားတွေနဲ့ ဘာသာရေးကိစ္စများကို တက်တက်ကြွကြွ လုပ်ဆောင်နေတာ တွေ့ရလို့ အဝေးက လေးစားနေမိပါတယ်။

သူက စိန်ပီတာ ကျောင်းသားဟောင်းပါ၊ ဗိုလ်ကျောင်းထွက်ပေါ့။ အဲဒီခေတ်တုန်းက ဗိုလ်ကျောင်းထွက်တွေက သူတို့ အချင်းချင်းပဲ တွဲကြတာများပါတယ်။ စိန်ပီတာ၊ ဖားသားလဖုန်း၊ မေမြို့ စိန့်အဲလဘတ်၊ ကိုးလဂိတ် စတဲ့ ကျောင်းထွက် တွေက များသောအားဖြင့် ဗိုလ်ဆန်ဆန်ဝတ်စားတာ၊ အင်္ဂလိပ်လို ပြောတာများတယ်လို့ထင်တယ်။ ကွန်ဗင့်ကျောင်းသူ တွေကလဲ တမူထူးပါတယ်။ ချောမောလှပသလောက် ခေတ်ဆန်တယ်၊ သွက်လက်တယ်၊ စာတော်တယ်ပေါ့လေ။

ကျွန်တော်တို့ မြင်းခြံ၊ မုံရွာ၊ ရွှေဘို၊ မိတ္ထီလာ၊ ပျော်ဘွယ်၊ ရမည်းသင်း စတဲ့ မြန်မာတော့သူတောသား တက္ကသိုလ်ကျောင်းသူ ကျောင်းသားတွေကလဲ သူ့အုပ်စုနဲ့သူ။ ရေစီးကြောင်းနှစ်ခု သိသိသာသာ စီးဆင်းနေတဲ့ပုံပါပဲ။

ဒါပေမဲ့ ကျောင်းသားအရေးကိစ္စတွေမှာတော့ စည်းစည်းလုံးလုံး ညီညီညွတ်ညွတ် ပါဝင်လှုပ်ရှားတာကို တွေ့ရတယ်။ မြန်မာအသင်း၊ ကလောင်ရှင်အသင်းလိုမှာလဲ တစိတ်ထဲ တ၀မ်းထဲပါဝင်ကြ၊ ပြိုင်ပွဲတွေဝင်ကြနဲ့ ပျော်စရာကြီးပါပဲ။

ကျောင်းသားအခွင့်အရေးတွေ တိုက်ပွဲဝင်ကြတဲ့အခါတော့ ဗိုလ်ကျောင်းထွက်တွေက ခပ်လှမ်းလှမ်းက နေကြတာကို သတိပြုမိပါတယ်။

အဲဒီထဲမှာ စိန်ပီတာကျောင်းထွက်ကိုစောလွင်နဲ့ စိန်ပီတာထွက်ကိုစိန်မြင့်(မောင်မိုးသူ)တို့ကတော့ ကျောင်းသားညီညွတ်ရေး တပ်ဦးက ခေါင်းဆောင်တွေအဖြစ် ထင်ရှားပါတယ်။ အဲ … နောင်အခါ ခရစ်ယန် သာသနာပိုင်ချုပ်ဖြစ်သွားတဲ့ မောင်ပေါက်စည်ခေါ် အန်ဒရူးမြဟန်တို့ကလဲ ကျောင်းသားအရေးဆို ရှေ့တန်းက ခေါင်းဆောင်တွေပေါ့။

ကျွန်တော်တို့ မန်းတက္ကသိုလ်က အဓိကကျောင်းသားခေါင်းဆောင်ကတော့ ၁၉၅၁ ခုကတဲကရောက်နေတဲ့ စစ်ကိုင်းသား မောင်သာနိုးပါ။ သူ့ကိုတော့ မသိသူမရှိ၊ သူကလဲ ရန်ကုန်က ဦးဘကောင်းလိုပဲ မန္တလေးမှာ ဖမ်းစရာရှိရင် ထိပ်ဆုံးကပေါ့။ `ထောင် မကြာမကြာဂိုးရတဲ့ မောင်သာနိုး´လို့ သူ့ကွယ်ရာမှာ နောက်ရဲပါတယ်။

နောက်နှစ်ကျတော့ ကိုစောလွင် တ.က.သ ဥက္ကဌဖြစ်လာ၊ မုံရွာ ဦးတင်ရွှေက အတွင်းရေးမှူးပေါ့။


သမဂ္ဂခေါင်းဆောင်တွေဟာ အနေအထိုင် စည်းကမ်းရှိတယ်။ အမူအကျင့် ယဉ်ကျေးသိမ်မွေ့တယ်။ အုတ်ကြားမြက်ပေါက် ပေါက်လွှတ်ပဲစား အပြုအမူဆိုလို့ လုံးဝမမြင်တွေ့ရ၊ ကြားလဲ မကြားဖူးဘူး။ ဣနြေ္ဒသိက္ခာ အလွန်ရှိကြတယ်။ ဒီအထဲမှာ ဦးစောလွင်ဟာ ကျောင်းသားကျောင်းသူတွေ အပေါ်မှာ ညီရင်း ညီမရင်းများသဖွယ် အစစ ကူညီတယ်။ အခက်အခဲတွေကို ဖြေရှင်းပေးတယ်။ သူကချည်း ဒိုင်ခံအလုပ်လုပ်၊ အနာခံတာ ချည်းပါပဲ။ ထောင်လဲ အကြိမ်ကျတယ်။ အပြုံးမပျက်ဘူး။ ၁၉၈၈၊ သြဂုတ်လဆန်းမှာပဲ မဟာမြတ်မုနိ ဂေါပကလူကြီး၊ သံဃာ့တက္ကသိုလ် အမှုဆောင်လူကြီးအဖြစ်နဲ့ ကွယ်လွန်သွားရှာတယ်။ နှမြောလို့ မဆုံးနိုင်ပါ။




(ဘလော့ဂါမှတ်ချက် - ဒီရုပ်ပုံလွှာကို http://www.irrawaddy.org/bur/bawa2006/October/oct_06_2006.html ကနေ ယူတယ်။ အဟောင်းဆိုပေမယ့် မဖတ်ရသေးသူများအတွက် အသစ်မဟုတ်လား။ ဆရာတင်မိုး အလွမ်းပြေလို့လည်း ပြောနိုင်ပါတယ်။)




No comments: