Showing posts with label poem. Show all posts
Showing posts with label poem. Show all posts

Friday, November 30, 2007

poem for PPT by linletkyalsin.blogspot.com

0 comments




အနာဂတ်မဲ့ တိုင်းပြည်ရဲ့ အဖမဲ့ အိမ်ယာမဲ့ ကြယ်စင်တစ်စင်း
ကိုမွှေး



ဖြူဖြူသင်းရေ …

လူချင်းတော့ မတွေ့ဖူးပေမယ့်

ရင်နင့်အောင် စာနာတယ်ဟဲ့ နှမရဲ့။

ဒို့ပြည် ဒို့မြေမှာ

ဒို့တတွေဟာ

နာကျင်မှုတွေ လည်ပတ်နေတဲ့

သွေးကြောတွေနဲ့ ချစ်သူတွေကိုလည်း

ဆုံးရှုံးခဲ့ရပေါ့။



သမီးတယောက်အတွက် အဖေဆိုတာ

ငါးတကောင်အတွက် ရေပါကွယ်

စာနာတယ်ဆိုတဲ့ စကားတွေနဲ့

ရွှေပြည်အေး တရားတွေ ပဲ့တင်ထပ်

နေတတ်ကြတဲ့ လောကကြီးမှာ

အဖေ့ နောက်ဆုံးခရီး

သမီးမျက်ရည်စက်

ရင်ကွဲပက်လက် အမေ

သမီးရေ … မင့်အဖေကို မြင်လှည့်ပါဦးကွဲ့လို့မှ

ငိုတတ်ပါဦးတော့မတဲ့လား။



မှန်ခေါင်းထဲမှာ

အမှန်တရားကို မြတ်နိုးသူ အိပ်စက်တယ်…

သမီးပျောက်ဆုံးသွားသူ အိပ်စက်တယ်…

သမီးကို အားကိုးသူတွေရဲ့ မျှော်လင့်ချက်တွေ အိပ်စက်တယ်…

မနိုးခြင်းတွေနဲ့လေ……

သူ့သေဆုံးခြင်းကို သေဆုံးခြင်းတိတ်တိတ်

သက်ပျောက် သပိတ်သွတ်

မြေချ ဂူသွင်း ဥပေက္ခာပြုခြင်းတွေနဲ့

မျက်ရည်တွေ တခဏကျလို့

ငါတို့ နေမြဲတိုင်း…

စားမြဲတိုင်း…

သွားမြဲတိုင်း …

နေရဲကြတယ်ဆိုရင်…

ဝင်သွားတဲ့နေ ထာဝရ ပျောက်ဆုံးပါစေ…။



ဖြူဖြူသင်းရေ

လူလူချင်း ရက်စက်

ဘ၀ကိုဖျက် အလှကိုဖျက်

အသက်ကိုသတ် ရပ်ရွာကိုမီးတင်

မိခင်ကို ယုတ်မာ ဖခင်ကို ထောင်သွင်း

ငရဲပြင်းတွေ ထွန်းကားတဲ့ မြေသားပေါ်မှာမှ

ပရဟိတ အသိတရားနဲ့ လူဖြစ်ချင်သတဲ့လား။



အဖေ…

မသေခင် မိနစ်ပိုင်းလေးမှာ

မျက်ရည်ဝိုင်း ပက်လက်မော့ငေး

အဖေ့ကလေးတွေ လက်ကလေးတွေကို ဆုပ်ကိုင်လို့

သမီးအလိမ္မာကို ရှာတဲ့အခါ

သူ့ခမျာ သောကတွေနဲ့ …

သမီးရေ … မလာနဲ့ သမီးရဲ့

အဖေ့နောက်ဆုံးခရီးမှာ

ဟောဒီ ငါ့သမီးလေး …

ဘေးကင်းရန်ကွာ ပုန်းနိုင်ပါစေကွယ်

သွားရတော့မယ်သမီး ဖွဖွလေး ငြီးရင်း

နောက်ဆုံးသက်ပြင်းနဲ့ ငြိမ်သက်

နှုတ်တောင်မဆက်သွားရ

အဲဒီထာဝရခွဲခွာခြင်း ကာလမှာ…

နာကျင်လိုက်ပါ ဖြူဖြူသင်းရေ…

အဲဒီမျက်ရည်တွေ စီးဆင်း လူသားဆန်ခြင်းနဲ့

ငါတို့မြေ ငါတို့ရေအတွက် ……။ ။


ကိုမွှေး/ Saturday, November 24, 2007


(စစ်အာဏာရှင်၏ ဖမ်းဆီးနှိပ်စက်မည့် ဘေးမှ ပုန်းရှောင်နေရသူ
မဖြူဖြူသင်းနှင့် မိသားစုအား ထပ်တူထပ်မျှ စာနာမှုဖြင့် …)





Posted by LIN LET KYAL SIN at 12:01 AM

Labels: Poems


1 comments:
ညီလင်းသစ် said...
ကြေကွဲခြင်းတွေ တနင့်တပိုးနဲ့ နာကျင်ရတဲ့ ကဗျာလေးပါ။

5:34 AM
http://linletkyalsin.blogspot.com/2007/11/blog-post_24.html

poem from biggestthu.blogspot.com

0 comments




အဖေသို့ . . .

နွေဦးရာသီမှာ အဖေဟာ
သမီးအတွက် အရိပ်ကောင်းပြီး
အေးချမ်းစွာနားခိုနိုင်တဲ့ သစ်ပင်ကြီးတစ်ပင်ပေါ့။

မိုးဦးရာသီမှာ အဖေဟာ
မိုးဒဏ်၊လေဒဏ် မခံရအောင်
ကြိုးစားအကာအကွယ်ပေးနေသော
ခိုင်ခံတောင့်တင်းတဲ့ အိမ်ကြီးတစ်အိမ်ပေါ့။

ဆောင်းဦးရာသီမှာ အဖေဟာ
အေးခဲမှု၊အေးစက်မှုတွေ ပပျောက်အောင်
အစွမ်းကုန်နွေးထွေးမှုတွေ ပေးနေတဲမီးလင်းဖိုကြီးပေါ့။

သစ်ပင်လိုအေးချမ်းတဲ့ အဖေ
တံတိုင်းလို့ခိုင်ခဲ့တဲ့ အဖေ
မီးလင်းဖိုလို့နွေးထွေးတဲ့ အဖေ။

အဖေ့ရဲ့ နောက်ဆုံးအသက်ရှုသံတောင်ကြားခွင့်မရှိ
အဖေ့ရဲ့ နောက်ဆုံးနွေးထွေးတဲ့အကြည့်တောင်မခံလိုက်ရ
အဖေ့ကို နောက်ဆုံးနှုတ်ဆက်စကား၊နောက်ဆုံးနှုတ်ဆက်အပြုံး
အဖေ့ရဲ့ နောက်ဆုံးမျှော်လင့်ချက်ကလေးတွေကိုတောင်မမြင်လိုက်နိုင်ခဲ့
အဖေ့ရဲ့ နောက်ဆုံး . . . နောက်ဆုံး . . . သမီးကိုနားလည်နိုင်ပါစေ။

*မဖြူဖြူသင်းနှင့် တမလွန်ကို ရောက်ရှိသွားသော သူ့ဖခင်အတွက် ခံစားနားလည်မှုနှင့် ရေးသားဂုဏ်ပြုလိုက်ရပါသည်။*


Comments
သစ်ပင်လိုအေးချမ်းတဲ့ အဖေ
တံတိုင်းလို့ခိုင်ခဲ့တဲ့ အဖေ
မီးလင်းဖိုလို့နွေးထွေးတဲ့ အဖေ။

အပေါ်မှာ တစ်ပိုဒ်ချင်းရေးခဲ့ပြီး နောက်တစ်ပိုဒ်မှာ အဲလို ပြန်စုစည်းပေးလိုက်တဲ့ ရေးဟန်လေးက သိပ်ကို သေသပ်လှပပါတယ်.

ခံစားချက်တွေပေးစွမ်းနိုင်တဲ့ ကဗျာကောင်းလေးတစ်ပုဒ်ပါပဲ. မဖြူဖြူသင်း ဖတ်ခွင့်ရစေချင်ပါတယ်

ခင်မင်လေးစားလျက်

ရန်အောင်
November 22, 2007 1:57 AM


ကောင်းကင်ကို said...

ကဗျာလေးက ထိတယ်ဗျာ။ ကရုဏာ ရသကိုပေးစွမ်။တယ်။ မဖြူဖြူသင်း ဖတ်ခွင့်ကြုံပါစေဗျာ။ ဒီလို အဖြစ်မျိုးတွေ ပပျောက်ပါစေ။
November 28, 2007 4:52 AM
http://biggestthu.blogspot.com/2007/11/blog-post_8483.html


Ma Thadar's poem for PPT

0 comments





ချစ်သမီးဖြူသို့  ..အဖေ့ ၏စာ


ဇာတိ ဇရာ ဗျာဓိ မရဏ.

လူဆိုတာ သေကြ
ကွေးသောလက်တို့ မဆန့် မီ..
ဆန့်သောလက်တို့ မကွေးမီ
မီးဇာကုန် ဆီ ခမ်း…မပြန်လမ်း ကိုသွားကြ
ဒါဓမ္မတာဘဲ..သမီးရယ်..
အဖေသွားနှင့်လို့ သမီး အားမငယ်။

ငယ်စဉ် ပုလုကွေး.အိပ်ရာဝင်ချိန်လေး
အဖေပုံပြောတဲ့အခါ..ရွှေမင်းသမီး ပုံပြင်များထက်
အများအပေါ် ကြင်နာတတ်သော
လူထုအပေါ်စောင့်ရှောက်တတ်သော
ရဲရင်ြ့မင့်မား သူရဲကောင်းများပုံပြင်သာ
နှစ်သက်စွာနားထောင်လိုတဲ့ သမီး။
အော်..တဖြေးဖြေး ကြီးပြင်း အရွယ်ရောက်
လူလားတောင် မြောက်ခဲ့ပြီ။

မတရားမှန်ရင်..မိဘပင်.
ရဲ့ဝံ့စွာမှန်ရာ ပြောဆိုတတ်တဲ့သမီး
ပြတ်သား ရိုးသား ကြင်နာ
စာနာ ဂရုဏာ..နှလုံးသား
ဒီသမီးကလေး မွေးထားမိတဲ့အတွက်
ဘ၀အတွက် အကောင်းဆုံး ဆုလာဘ်
အဖေ ကျေနပ်ပါတယ်။

လူတော် ထူးချွန်ဖို့ အရေး။
ကြိုးစားရင် ဖြစ်စေနိုင်ညား
လူတော်တိုင်း လူကောင်း မဖြစ်
လူကောင်းဆိုတာ ပင်ကိုယ်ဗီဇ.
အသွေးထဲ အသားထဲ.နှလုံးသားထဲကလာ
ကြင်နာမှုဆိုတာ ဟန်ဆောင်အတုလုပ်မရပါ။

အဖေ့ဥယျာဉ်က မျိုးစေ့ကောင်း၊
ဗီဇ ကောင်းသော သစ်တပင်၊
အဖေ့အားသွန်.ပေါင်းသင်ပျိုးထောင်ခဲ့သမျှ
စိမ်းရွက်ဝေလွင်.အရိပ်ကောင်း
ငှက်အပေါင်းတို့ နားခိုရာမြေ
ပဒေသာ.အေးရိပ်ဆာယာ။

အများချစ်သော အဖေ့သမီး ဖြူ
အဖေလေ.သံသရာအတွက် ဒီသာဓုယူ
ရွှင်လန်း ချမ်းမြေ့
ကောင်းရာဘ၀ ရွက်လွင့်သူ။

အဖေ့ရဲ့ နောက်ဆုံးနေ့ များ.
သမီး မပြုစုလိုက်ရလို့ များ။
နောင်တပွါး..ကြောင့်ကြ မများနဲ့ ။
အဖေ့ကိုယ်စား..ကယ်ရာမဲ့ ငိုကြွေးသူ၊
တွယ်ရာမဲ့ အားငယ်သူ၊
ချိနဲ့ သူ နာကျင်သူ။
ပူဆွေးသူ အဖေါ်မဲ့သူ။
ဂီလာနလူသားများစွာအတွက်
သမီးရဲ့ အကြင်နာလက်
သူတို့ ဘ၀ဆက်နိုင်ပါစေ။

မငိုနဲ့ သမီး..
နှလုံးသားကြီးမြင့်တဲ့ချစ်သမီး၊
တုနှိုင်းမဲ့ အကြင်နာ၊
လူသားအပေါ်စာနာ၊
ဂရုဏာများနဲ့ နတ်သမီး၊
အဖေလက်ပေါ်၌ကြီးခဲ့
ဒီဘ၀..အဖေသေပျော်ခဲ့ပြီ။

မသဒ္ဓါ (၁၁။၁၉။၂၀၀၇)
ညီမလေးဖြူဖြုသင်းသို့ 

http://thadar.blogspot.com/2007/11/blog-post_19.html


phyu phyu thing's poem on her daddy

0 comments

ဒီဗွီဘီမှာတွေ့တဲ့ မဖြူဖြူသင်းရဲ့ ကဗျာ။

Friday, August 10, 2007

tartay min wai's poem

0 comments


ရွှေဘုန်းလူ ရဲ့
ကဗျာရှည်



၁။ ရွှေဘုန်းလူရဲ့ ကျောင်းဖွင့်ချိန် ကဗျာရှည် ဘလော့ဂ်တွေမှာ တင်ထားကြတယ်။ စာလုံးအကျအပေါက်တွေ တွေ့ရတယ်။ တ၊ တစ်၊ တို့၊ ဒို့ ဆိုတဲ့ အသုံးအနှုန်းကတော့ ကိုယ့်မူနဲ့ကိုယ် ပြင်ကြတာဖြစ်မယ်၊ တခြားအပြောင်းအလဲတွေကတော့ ပြန်မစစ်မိတာဖြစ်မှာပါ။ ဥပမာ သွေးမိုး နဲ့ မိုးသွေး။
ဝိညာဉ် လို့ ရေးတာလည်း တွေ့ရ။ ၀ိဥာဉ် ဖြစ်ရမယ်။ ကျနော်လည်း ဇော်ဂျီဝမ်းဖောင့်သုံးပြီး ညလေး ကို မရိုက်တတ်တော့ ကိုပဲ သုံးနေရတယ်။ ညလေး ဘယ်လိုရိုက်ရမလဲ သင်ပေးကြပါဦး။

၂။ မိုးမခအယ်ဒီတာတစ်ယောက်ဆီက ပီဒီအက်ဖ်ဖိုင် နဲ့ ကဗျာစာအုပ် တစ်အုပ် အီးမေးလ်နဲ့ရောက်လာတယ်။ အရေးတော်ပုံမှထွက်လာသော ၀ိဥာဉ်များ၏ပုံရိပ်များ တဲ့။ အဲဒီကဗျာရှည်အပါအ၀င် ကဗျာ ၇ ပုဒ်လောက် ပါတယ်။ ၁၉၉၀ နဲ့ ၁၉၉၄ အကြား ထုတ်တဲ့စာအုပ်လေးလို့ ယူဆရတယ်။ ရက်စွဲမတွေ့ရပါ။ ရွှေဘုန်းလူ ထိန်းသိမ်းခံနေရဆဲ။ မင်းကိုနိုင် ထိန်းသိမ်းခံနေရဆဲ ဆိုတဲ့ စကားလုံးတွေတော့ တွေ့ရတယ်။ အဲဒီစာအုပ်လေးကို မိုးမခမှာ မကြာခင် တင်မယ်လို့ ယူဆရတယ်။

၃။ တာရာမင်းဝေ ခေါ် ရွှေဘုန်းလူရဲ့ ငယ်လက်ရာ ကျောင်းဖွင့်ချိန်ကဗျာကို အဲဒီစာအုပ်လေးနဲ့ ပြန်တိုက်ကြည့်ပြီး တင်ပေးလိုက်ပါတယ်။ ကျနော် ထပ်ပြီး စစ်ဆေးတယ်ဆိုပေမယ့်လည်း အကျအပေါက်တွေ ရှိဦးမှာပါ။ နောက်နေ့ ထပ်စစ်ပြီး ထပ်တွေ့ရင် ထပ်ပြင်တာပေါ့။ ဘာခက်တာမှတ်လို့။ စကားပြေမှာ သတ်ပုံမှား အကျအပေါက်များတာထက် ကဗျာမှာ မှားတာ ပိုပြီး အကျည်းတန်တယ်လို့ ဆိုကြတယ်။ နို့ပေမယ့် ဘလော့ဂါဆိုတာ အကူအညီတောင်းစရာ ကွန်ပြူတာစာရေး မရှိ၊ လက်ထောက်ဝန်ထမ်းမရှိ၊ စာပြင်ဆရာမရှိ၊ လုပ်ဖော်ကိုင်ဖက် အယ်ဒီတာမရှိ။ သတ်ပုံကျမ်းစာအုပ်လည်း ရှိချင်မှရှိမယ်။ အချိန်လည်း အလုံအလောက် ရှိချင်မှရှိမယ်။

၎။ လေရှည်မိတာ ခွင့်လွတ်ပါ။ ကဲ - -အောက်က Read more ကို သွားနှိပ်ပြီး ကဗျာ ဖတ်လိုက် ရွတ်လိုက်ကြပါဦး။ ကဗျာဆရာကိုပုည၊ သီချင်းတွေရေးတဲ့ မောင်သူရတို့ကတော့ အသံထွက်ပြီး ဖတ်ကြရွတ်ကြမယ်ထင်တယ်။ ဒီကဗျာနဲ့ သူတို့အသံနဲ့ လိုက်မှလိုက်ဗျာ။


ကျောင်းဖွင့်ချိန်

(၁)
ငါတို့ကျောင်းတော်ကြီးရဲ့
မော်ကွန်းထိန်းသိမ်းရေးအခန်းထဲမှာ
ဟစ်တလာ့ရုပ်ထုကို
လူတစ်စုထုဆစ်နေကြတယ်။
သူတို့ဟာ ...
ရုပ်တုရှေ့မှာ ကျိန်စာတွေရွတ်ဖတ်
မျက်ရည်စက်တွေကို မီးရှို့ပူဇော်
ဆိုင်ရာနိုက်ဖြူလျော်လျော်တွေ သွန်းကြဲပက်ချ
ဟစ်တလာ့ပါးစပ်ထဲက
ကျည်ဆန်တစ်တောင့် အန်ထွက်ကျလာတယ်။
သူတို့ဟာ ...
ကျောက်သင်ပုန်းပေါ်မှာ အဲဒီကျည်ဆံနဲ့
“ကျောင်းဖွင့်ပြီ” ဆိုတဲ့ စာကိုရေး
သွေးစွန်းလက်တွေနဲ့ ပျူငှာစွာ
ဖိတ်ခေါ်ကြပါပြီ။

(၂)
ငါတို့ကျောင်းတော်ကြီးရဲ့
ဟောင်းနွမ်းနေတဲ့ အခန်းလွတ်တစ်ခုဟာ
တဖြည်းဖြည်း နှစ်ငါးဆယ်လောက် ပြန်ငယ်ရွယ်သွားတယ်၊
အရင်က မမြင်ရတဲ့ ဟိုတုန်းက အရိပ်တွေ
နံရံတွေ၊ ခုံတန်းလျားတွေဆီက လွန့်လူးထ
အဲဒါ ... “အောင်ဆန်း” တို့၊ “ကျော်ငြိမ်း” တို့၊ “သိန်းဖေ” တို့၊ “ညိုမြ” တို့ရဲ့
ဝိညာဉ်တွေပဲ ...
ဗမာပြည်လွတ်လပ်ရေးကို သူတို့မြတ်နိုး
ဗမာပြည်လွတ်လပ်ရေးအတွက် သူတို့ရုန်းကန်
အာဏာရှင်ကို ဖီဆန်ခဲ့ကြတယ်။
ခု ... သူတို့ရဲ့ ၀ိညာဉ်ရိပ်တွေဟာ
“ကမ္ဘာမကြေဘူး ... ... ...
ငါတို့သွေးနဲ့ ရေးထိုးခဲ့တဲ့ မော်ကွန်းတေး ...”
သီချင်းလေးကို နားဆင်ရင်း
ရာဇ၀င်ရဲ့ တကျော့ပြန်စိမ်ခေါ်ပွဲကို
မျက်ရည်တ၀ဲဝဲနဲ့ စောင့်ကြည့်နေပါတယ်။

(၃)
ငါတို့ကျောင်းတော်ကြီးရဲ့
ဒီဘက်ခေတ် ၁၉၈၇ - ၈၈ နှစ်များထဲမှာပါ
တက္ကသိုလ်စာကြည့်တိုက်ထဲမှာ
ဖြူဝါးဝါးအရိပ်တချို့
စာထိုင်ဖတ်နေကြတယ်။
တချို့ဖတ်တာ .. ကဗျာစာအုပ်
တချို့ဖတ်တာ .. ကျောင်းစာအုပ်
တချို့ဖတ်တာ .. သမိုင်းစာအုပ်
တချို့ဖတ်တာ .. နိုင်ငံရေးစာအုပ်
ရုတ်တရက်
အဖြူရိပ်တစ်ခုဟာ ထိုင်ရာကထ
“ဗမာပြည်ကို ကယ်တင်ရတော့မယ်”
နောက်ထပ် အဖြူရိပ်တစ်ခု စာအုပ်ပိတ်
“ဗမာပြည်ကို ကယ်တင်ရတော့မယ်
ဗမာပြည်ကို ထိတ်တုံးချွတ်ပေးရမယ်”
သူတို့ဟာ တိတ်ဆိတ်စွာ
အခန်းပြင်ကို ထွက်သွားကြပါတော့တယ်။
စာကြည့်တိုက်ရဲ့ စာအုပ်ပိတ်သံများ
လွယ်အိတ်လွယ်သံများ
ဖိနပ်စီးသံများ အဆုံးမှာ
နောက်ထပ် အဖြူရိပ်တစ်ခု ထပ်ထွက် ...
... ... နောက်ထပ် ... ...
... ... နောက်ထပ် ... ...

(၄)
ငါတို့ကျောင်းတော်ကြီးရဲ့
စာမသင်ဖြစ်တဲ့ စာသင်ခန်းတစ်ခုမှာ
အရိုးစုတစ်အုပ် အစည်းအဝေးလုပ်နေတယ်။
အရိုးစုတစ်ခုက ... ထိုင်ရာမှ ဖြည်းညှင်းစွာထ
“ကျွန်တော်တို့ တော်လှန်ရေး
အာဏာရှင်တွေ နောက်ဆုံးနေ့အထိ - - ”
စသည်ဖြင့် ပြောကြား
အားလုံးငြိမ်သက်နားထောင်နေကြတယ်။
အခန်းထဲမှာ
အကျဉ်းထောင်က ပြေးထွက်လာတဲ့
ဗိုလ်ချုပ်ရဲ့ မိန့်ခွန်းတွေ
သတ္တိဗုံးကို နှောင်ထုံးခတ်
ပတ်ကြားအက်နေတဲံ ရန်သူ့မျက်နှာတွေ
အဲဒီမှာ ... အရိုးစုတစ်ခုက လက်သီးဆုပ်
သူ့နှုတ်က တိုးတိုးဖွဖွလေးပြော
“တောက အဖေနဲ့အမေတော့
ကျွန်တော့်ကို မျှော်နေကြတော့မယ်ဗျာ- - - ”
ကြေကွဲစွာ သူ့မျက်လုံးပေါက်ထဲက
မျက်ရည်ဖြူတစ်စက်
စီးသက်ကျလာတယ်။

(၅)
ငါတို့ကျောင်းတော်ကြီးရဲ့
ပရ၀ုဏ် အ၀င်အထွက်လမ်းတွေမှာ
အချုပ်ကားပြာပြာကြီးတွေ
ဒရကြမ်းနှင်နေကြတယ်။
အဲဒီကားကြီးတွေထဲမှာ
“ကမ္ဘာမကြေ၊ ဗမာပြေ .. ဒါဒို့ပြေ
ဒါဒို့ပြေ .. ဒို့ပိုင်တဲ့ မြေ” ဆိုတဲ့
တေးသံသာဟာ
ညီညာစွာ ပဲ့တင်ပေါ်ထွက်
ကျောင်းသားလက်တွေ သွေးစိမ့်ယိုစီးခဲ့ပြီ
အချုပ်ကားပြာပြာကြီးတွေရဲ့ ဦးထိပ်မှာ
သူတို့ရဲ့ တံဆိပ် ... သူတို့ရဲ့အလံ
ဦးခေါင်းခွံမှာ အရိုးနှစ်ချောင်း ကန့်လန့်ဖြတ်ထားတဲ့ သဏ္ဍန်သာ ဖြစ်တယ်။
ကျောင်းခေါင်းလောင်းအိုကြီးဟာ
ထွက်ခွာသွားတဲ့ အချုပ်ကားကြီးနောက်
ပြေးလိုက် ခလုပ်တိုက်ပြီး လဲပြိုကျ
ချိုလွင်ရှတတဲ့ ခေါင်းလောင်းသံထွက်ရမယ့်အစား
“သားရေ .. အမေ လိုက်ရှာနေတယ်လေ .. သားရေ”
ဆိုတဲ့ ငိုရှိုက်ညည်းတွားသံအဖြစ်နဲ့သာ
ရာဇ၀င်တုန်ခါအောင် မြည်ဟီးလာခဲ့တယ်။

(၆)
ငါတို့ကျောင်းတော်ကြီးရဲ့
နီမောင်းသောလမ်းကြီး၊ လမ်းငယ်များမှာ
ဒေါင်းအလံ တလူလူ လွှင့်ထူလို့
ကျောင်းသားတွေ ချီလာပါပြီ
ရင်တအုံလုံးပွင့်ထွက်နေတဲ့ ကျောင်းသားက
ရှေ့ဆုံးကအလံကိုင်ပြီး
သွေးတပွက်ပွက်အန်ထွက်နေတဲ့
ကျောင်းသားတွေက
နောက်က ချီတက်လိုက်ပါလာတယ်။
“ဒီမိုကရေစီရရှိရေး ... ဒို့အရေး”
“အာဏာရှင်စနစ်ကျဆုံးရေး ... ဒို့အရေး” တဲ့။
ကိုယ့်ကိုယ်ကိုယ် တစ်ခါတည်း အသုဘချရင်း
တိုက်ပွဲဝင်ခဲ့ကြရတဲ့ ငါတို့ရဲ့တော်လှန်ရေး
ဘယ်တော့မှ ... အရှုံးမပေးဘူးဟေ့ ...
သေနတ်သံတစ်ချက်ဖောက်ရင်
ရာဇပလ္လင်မီးဟုန်းဟုန်းတောက်သွားမယ် ...
နောက်ဆုံးနေ့အထိ ...
နောက်ဆုံးနေ့အထိ ...

(၇)
ငိုက်မြည်းနေတဲ့ အင်းလျားရေပြင်ဟာ
ရုတ်တရက် ရဲရဲနီစွေးသွားတယ်။
ချက်ခြင်းပဲ ရေငွေ့တွေပျံတက်
ကောင်းကင်ထက်မှာ တိမ်အဖြစ် မိုးစက်ခို
ကျောင်းတော်ကြီးကို သွေးမိုးတွေ ပြန်ရွာချ
လျှပ်တွေပြက်၊ မိုးတွေခြိမ်း ... ... ...
ဒိန်းဒုံး ဆူညံသွားတယ် ...
အဲဒီအခါ ... ကျောင်းတော်မှာ ...
ပန်းတွေ ဖျတ်ကနဲ ပွင့်ကြ
ငှက်ဆိုးတွေ ဝေါကနဲ ထပျံကြ
သစ်ရွက်တွေ တလက်လက်တောက်ပကြ
ခုံတန်းလျားတွေ အုတ်ဂူအဖြစ်ပြောင်းလဲကြ
မြေကြီးတွေ တုန်ခါတော်လဲကြ
ဒို့အရေး .. ဒို့အရေး .. ဒို့အရေး .. ဒို့အရေး
ကြွေးကြော်သံတွေနဲ့
ဗမာပြည်ကြီး တ၀ုန်းဝုန်းရုန်းကန်
နိုးထပြီး နောက်ဆုံးငြိမ်သက်သွားတဲ့အခါ
ငါတို့ရဲ့ကျောင်းတော်ကြီးဟာ ... ...
တလဲ့လဲ့ တ၀င်းဝင်း
သွေးနီရောင် တောက်ပကာ ...
အာဇာနည် သူရဲကောင်းတို့ရဲ့
ဂူဗိမာန်ကြီးပမာသာ တည်ရှိနေပါတော့တယ် ...။

(၈)
ကျောင်းသားတွေနဲ့ ကျောင်းတော်ကြီးကြား
ခု ... သွေးပင်လယ်ကြီးခြားနေပါပြီ ...
“ကျောင်းဖွင့်ပြီ...” ဆိုတဲ့ အာဏာရှင်တွေဟာ
သွေးပင်လယ်ကြီးကို ကျော်နင်း
ထုံးတံတားကြီးကို ကျော်ခင်းပေးတယ်။
တချို့တွေက ကျောင်းတက်လာကြလိမ့်မယ် ...
အဲဒီထဲက တချို့ဟာ ...
“အကြောင်းကြောင်းကြောင့်ပါ...” လို့
စိတ်မကောင်းစွာပြောရင်း ...
ထုံးတံတားကို လျှောက်နင်း ...
ကျောင်းခန်းအတွင်း ၀တ္တရားအရ၀င်ထိုင်
ငါတို့ ... နားလည်ခွင့်လွှတ်နိုင်ပါတယ် ...
တချို့ကတော့ ...
“ဂုဏ်တုဂုဏ်ပြိုင်” ကောင်းကြောင်းပြောရင်း
ထုံးနံ့သင်းတဲ့ ပန်းခင်းကိုဖြတ် ...
ရည်းစားထားဖို့ ကျောင်းပြန်တက်လိမ့်မယ်။
အဲဒီလို ... လူစားတွေကိုတော့ ...
ငါတို့က ခွင့်လွှတ်သည့်တိုင်အောင်
ရာဇ၀င်က ခွင့်မလွှတ်သရွေ့
သူတို့ဟာ ... သမိုင်းမှာ ...
“သစ္စာဖောက်” များသာဖြစ်တယ်။

(၉)
ကျောင်းသားနဲ့ကျောင်း
တနေ့တော့ ပေါင်းရမှာပဲ
ငါတို့တွေ သွေးပင်လယ်ကို ဖြတ်ကူးပြီး
ကျောင်းကြီးဆီ အရောက်သွားကြမယ်။
သွေးပင်လယ်ကြီးဟာ
တငွေ့ငွေ့ပူခြစ် ဆူပွက်
ထက်ကောင်းကင် မုန်တိုင်းတို့ အစပျိုး
သွေးလှိုင်းတံပိုး တ၀ုန်းဝုန်းပြင်းထန်
ငါတို့တွေ လှည့်မပြန်ဘူး၊
ငါတို့ထဲက တချို့ဟာ ...
ကိုယ့်အရိုးကိုယ်ချိုး လှေအဖြစ်ထွင်းထု
ငါတို့အထဲက တချို့ဟာ ...
ကိုယ့်အသားကိုယ်လှီး လှေနံရံအဖြစ် ခင်းရိုက်
ငါတို့အထဲက တချို့ဟာ ...
ကိုယ့်လက်ဖ၀ါး ကိုယ်ရိုက်ဖြတ်
လှေရွက်အဖြစ် စပ်ချုပ်
မုန်တိုင်းကို ခွဲဝင်
သွေးပင်လယ်ကို ဖြတ်စီး
ကျောင်းတော်ကြီးဆီသွားဖို့
လုပ်နေတယ်...။

(၁၀)
နောက်ဆုံးမှာ ...
ဒေါင်းအလံကို ... ဗြောင်းဆန်အောင် လွှင့်ထူရင်း
အမှန်တရားတစ်ခုထံ
ငါတို့ သစ္စာအဓိဌာန်ပြု
အို ... သူရဲကောင်းတို့
အို ... ကျဆုံးခဲ့လေသော
ဒီမိုကရေစီ တိုက်ပွဲဝင်
သူငယ်ချင်းဟောင်း ...
သူရဲကောင်းတို့
ထာဝစဉ်မပျက်ပြယ်နိုင်လောက်အောင်
မြင့်မြတ်စွာ ကျဆုံးခဲ့သော ...
သင်တို့၏၀ိညာဉ်တန်ခိုးတော်များသည်
ငါတို့၏ရှေ့နောက်ဝဲယာ ...
ထက်အောက်ဝန်းကျင်၌
ပျံ့နှံ့တည်ရှိကြကုန်တော့၏။
ထိုသော ...
သင်တို့၏၀ိညာဉ်တန်ခိုးတော်များသည်
ငါတို့၏ခန္ဓာကိုယ်နေရာအနှံ့အပြားသို့
ထိုးဖောက်ယိုစိမ့်စီးဝင်ကာ
ရဲရင့်ခြင်းမှာ ငါတို့အားဖြစ်တည်စေတော့၏။
အို ... သူရဲကောင်းတို့
အို ... ကျဆုံးလေသော
ဒီမိုကရေစီတိုက်ပွဲဝင်
သူငယ်ချင်းဟောင်း သူရဲကောင်းတို့
ဗမာပြည်ကို ရှိခိုးကာ
ဤသွေးပင်လယ်အား
ငါတို့ ဖြတ်ကူးအံ့
မိုးလုံးပြည်ကောင်းချီးသြဘာပေးသံများကြားမှာ
ငါတို့၏ အရေးတော်ပုံ အောင်မြင်ပါစေသတည်း။ ။