ရာဇာလီ အစ္စမေးလ်
“- - - ဘယ်လိုကြောင့် ကျမကို သူများတွေနဲ့ထူးပြီး ဆက်ဆံသင့်တာလဲ။ မတရား အကျဉ်းချခံထားရတဲ့ မိခင်တွေကို ဘ၀နောက်ဆုံးအချိန်အထိ ပြန်တွေ့ခွင့်မရတဲ့ သားသမီးတွေ မရေတွက်နိုင် လောက်အောင် ရှိနေချိန်မှာ ကျမရဲ့ကလေးကျမှ ဘယ်လိုကြောင့် ကျမကို တွေ့ခွင့်ရသင့်တာလဲ- - - ”
၂၀၀၆ ခုနှစ် အစောပိုင်းမှာ ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် အဖြစ်ကနေ ကျနော်နုတ်ထွက်ခဲ့ပါတယ်။ အဲဒီအချိန်မတိုင်မီ ၄ နှစ်တာကာလအတွင်း မြန်မာနိုင်ငံကို ကျနော် ၁၄ ကြိမ် သွားရောက်ခဲ့ပါတယ်။
ကျနော့်ရဲ့ ပထမဆုံးခရီးစဉ်က သက္ကရာဇ် ၂၀၀၀ မှာ စတင်ပါတယ်။ ကုလသမဂ္ဂဟာ ကျနော့်ကို ကိုယ်စားလှယ်တဖွဲ့နဲ့အတူ မြန်မာနိုင်ငံကိုသွားဖို့ စေလွှတ်ခဲ့ပါတယ်။ အဲ့ဒီခရီးစဉ်အတွင်း ဒေါ်အောင်ဆန်းစုကြည်၊ အတွင်းရေးမှူး (၁) ဒုတိယ ဗိုလ်ချုပ်ကြီး ခင်ညွန့်တို့နဲ့ တွေ့ဆုံခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည် နဲ့တွေ့ဆုံဖို့ စီစဉ်ပေးတာ ဗိုလ်ချုပ်ကြီးခင်ညွန့်ပါ။ အတော်လေး ပူအိုက်စွတ်စိုတဲ့ မုတ်သုန်ရာသီရဲ့ ဇွန်လလယ်ထဲ ဆိုကြပါစို့။
အစိုးရက စီစဉ်ပေးတဲ့ ကားတစီးနဲ့ တက္ကသိုလ်ရိပ်သာလမ်းက ဒေါ်အောင်ဆန်း စုကြည်နေအိမ်ကို ကျနော် သွားခဲ့ပါတယ်။ ကျနော်တို့ အခန်းတခန်းထဲမှာ သူ့ကို စောင့်ဆိုင်းနေခဲ့တယ်။ အခန်းနံရံပေါ်မှာ သူမရဲ့ ကျဆုံးလေပြီးသော ဖခင်ရဲ့ပုံတူ ပန်းချီကားကြီး ချိတ်ဆွဲထားပါတယ်။ အခန်းထဲထိုင်နေစဉ် တခဏတာရဲ့ ထူးခြား မှုကို ကျနော် သတိပြုမိလိုက်တယ်။ အလွန်ထူးခြားတဲ့ တစုံတခုဟာ ကျနော့်ဘ၀ကို အကျိုးသက်ရောက်တော့မယ်ဆိုတာ ကျနော်သိလိုက်ပါတယ်။
ခဏအကြာမှာ အပြာရောင် ဘလောက်စ်အင်္ကျီနဲ့ မြန်မာထဘီကို ၀တ်ဆင်ထားပြီး ခေါင်းမှာ စပယ်ပန်းတွေပန်ထားတဲ့ သူမဟာ တည်ငြိမ်အေးဆေးတဲ့ဟန်နဲ့ အခန်းထဲကိုဝင်လာတာ အလွန်ကျက်သရေရှိပါတယ်။ မဟာဆန်တဲ့ ခြေလှမ်းတွေနဲ့လို့ ဆိုပါရစေ။ ကုလားထိုင်မှာ နေရာယူကြတော့ ယဉ်ကျေးစွာ ကျနော့်ကို သူ့ရဲ့ညာဘက်မှာ ထိုင်စေပါတယ်။
သူဟာ ထိုင်တဲ့အခါမှာ ခါးကိုမတ်မတ်ထားပြီး ထိုင်တတ်ပါတယ်။ ထိုင်ခုံက နောက်မှီမပါတော့ သတိမထားဘူးဆိုရင် ကြာလာရင် ကျောနာလာပြီး ခွေကျသွားနိုင်တဲ့ ထိုင်ခုံမျိုးဖြစ်ပါတယ်။ ကချေသည်တယောက်လို ခါးကိုမတ်မတ်ထားပြီး ထိုင်နေတဲ့ သူ့အနားထိုင်ရတာ အနေရခက်လှပါတယ်။
ကျနော် သတိလက်လွတ်ပြီး သူထိုင်သလိုမျိုး ထိုင်နေလိုက်တယ်။ ဒါပေမယ့် ပြောဆိုဆွေးနွေးနေစဉ်မှာပဲ အဲဒီတိုက်ပွဲမှာ ကျနော် ရှုံးနိမ့်သွားပြီး ခါးကိုမမတ်နိုင်တော့ပါဘူး။ သူမဟာ ဆွဲဆောင်မှုအပြည့်ရှိတယ်ဆိုတာ သံသယရှိစရာ မလိုပါဘူး။ လေထဲမှာလည်း စပယ်ပန်းရနံတွေ မွှေးပျံ့လို့။ သူနဲ့စကား စပြောတယ်ဆိုရင်ပဲ “ဒေါ်အောင်ဆန်းစုကြည်က သတ္တိရှိသလို စွဲဆောင်မှုလည်းရှိတယ်”လို့ ကျနော်ပြောလိုက်ပါတယ်။
တကယ်တော့ ဒါဟာ စကားအပြောအဆို မတတ်မှုဆိုတာ စဉ်းစားစရာတောင် မလိုပါဘူး။
သူနဲ့တွေ့ဆုံခဲ့ဖူးတဲ့ ကုလသမဂ္ဂ ကိုယ်စားလှယ်တယောက်က ကြိုပြီး သတိပေးခဲ့တာရယ်၊ သူနဲ့ပတ်သက်တဲ့ မှတ်တမ်းတွေကို လေ့လာဖတ်ရှု ကြားသိခဲ့ရ တာတွေအရ သူဟာ အေးစက်စက်နေတတ်သူတယောက်လို့ သိထားပါတယ်။ ဒါပေမယ့် စကားစပြောတယ်ဆိုရင်ပဲ ကျနော်တို့စကားဝိုင်းက စိုပြည်သွားတယ်။
သူနဲ့ ပတ်သက်ပြီး ကြိုတင်တွေးဆ ကောက်ချက်ချခဲ့တာတွေ ဖျောက်လိုက်ပြီး ပွင့်ပွင့်လင်းလင်း ပြောဆိုဆက်ဆံတာဟာ ကျနော့်ကို အထောက်အကူ ဖြစ်စေခဲ့ပါတယ်။
၂ နာရီကြာ စကားပြောပြီးတဲ့ အချိန်အထိ ယုံကြည်ရာကို မယိုင်မလဲ ကိုင်စွဲတတ်သလိုပဲ သူမဟာ တလျှောက်လုံး မတ်မတ်ထိုင်နေခဲ့တယ်။ ရှေ့ဆက်ရမယ့် ဆက်ဆံရေး တခုအတွက်တော့ ကျနော်တို့အကြား အခြေခံတခု တည်ဆောက်နိုင်ခဲ့ပါတယ်။
ဆွေးနွေးပွဲအစမှာ သူနဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ကုလသမဂ္ဂက ဘယ်လောက်အတိုင်းအတာထိ ကူညီနိုင်တယ်၊ အာဆီယံအဖွဲ့ကလည်း မြန်မာ့အရေးပြောဆိုဖို့ ဆန္ဒရှိလာတဲ့အကြောင်းတွေကို ဒေါ်အောင်ဆန်းစုကြည်ဟာ စိတ်ဝင်တစားနဲ့ နားထောင်ခဲ့ပါတယ်။
အာဆီယံနဲ့ပတ်သက်ပြီး သူ့စိတ်ထဲ သိမြင်ခဲ့တဲ့အတိုင်း အခုဖြစ်လာတယ်လို့ ပြောရမှာပါ။ အာဆီယံရဲ့ အကျိုးစီးပွားနဲ့ ရပ်တည်ချက်ဟာ ဟိုမရောက် ဒီမရောက် ဖြစ်နေဆဲပါ။ အပြုသဘောဆောင် ညှိနှိုင်းဆက်ဆံရေးဟာ ဘယ်တုန်းကမှ အပြုသဘောမဆောင်ခဲ့သလို ရေရှည်ညှိနှိုင်းတာလည်း မရှိခဲ့ပါဘူး။
ကုလသမဂ္ဂ နဲ့ပတ်သက်ပြီးလည်း ကျနော်တို့ အတူတကွ ပြန်လည်သုံးသပ်စိစစ်နိုင်ဖို့ ပြဿနာရပ်တွေကို ပွင့်ပွင့်လင်းလင်း သူ့ကို သေချာရှင်းပြခဲ့ပါတယ်။ သူမဟာ တရားဥပဒေစိုးမိုးရေးကို စွဲစွဲမြဲမြဲ ယုံကြည်သူပါ၊ ကုလသမဂ္ဂကလည်း ထိုနည်းတူ ယုံကြည်ပြီး မြန်မာ့အရေးကို ကူညီနေတယ်လို့ သူ မျှော်လင့်ထားပါတယ်။
အဲ့ဒီအတိုင်းဆိုရင် ကုလသမဂ္ဂဟာ လုပ်နိုင် တာထက်လျော့နည်းပြီး လုပ်ဆောင်ခဲ့တယ်လို့ ပြောပါရစေတော့။
အများအားဖြင့် ခရီးစဉ်တိုင်းမှာ သူနဲ့ ၂ ကြိမ် တွေ့ရပါတယ်။ အစိုးရရဲ့ သဘောထားတွေကို နားထောင်ပြီးနောက် သူနဲ့ တကြိမ်တွေ့ရတယ်။ နောက်တခါ အစိုးရနဲ့ ထပ်စကားပြောပြီး တကြိမ်ထပ်တွေ့ရတယ်။ ဆိုတော့ ကျနော်တို့ ဘာတွေ ပြောခဲ့ကြသလဲ။
ကျနော်တို့ရဲ့ ဆွေးနွေးပွဲတွေဟာ ပြန်လည်ရင်ကြားစေ့ရေး၊ တိုင်းရင်းသားပါတီတွေရဲ့ အခွင့်အရေး၊ တပ်မတော်ရဲ့ အနာဂတ်အခန်းကဏ္ဍ စတဲ့ပြဿနာရပ်တွေကို ဆွေးနွေးခဲ့ပါတယ်။
သူနဲ့ ဆွေးနွေးရတဲ့အချိန်တွေကတော့ တကယ့်ကို တန်ဖိုးရှိပါတယ်။ စကားဝိုင်းဟာ ဘ၀အကြောင်း၊ ယဉ်ကျေးမှု၊ လူ့သဘာဝ၊ ဥပဒေနဲ့ မွေးရာပါအခွင့်အရေး စတဲ့ အကြောင်း အရာတွေဆီလည်း ရောက်ရောက်သွားတတ်တယ်။ တတိုင်းပြည်လုံးက အမြတ်တနိုးနဲ့ `အန်တီ´ လို့ ခေါ်ကြတဲ့သူမဟာ တကယ့်ကို စကားပြောနိုင်သူတယောက်ပါ။
သူ့ကို ကျနော် အံ့ဩလေးစားရတယ်။ နှစ်ပေါင်းများစွာ အကျဉ်းကျခံနေရပေမယ့် ကုလသမဂ္ဂနဲ့ ကမ္ဘာကြီးရဲ့ ဖြစ်ပေါ် တိုးတက်မှုတွေ အပါအ၀င် အရာအားလုံးနီးပါးကို မျက်ခြည်မပြတ် လေ့လာထားနိုင်တာကြောင့်ပါ။
အမျိုးသားပြန်လည် သင့်မြတ်ရေးနဲ့ ဒီမိုကရေစီရေးဆီ သွားတဲ့နေရာမှာ ခက်ခဲတဲ့ ညှိနှိုင်းဆွေးနွေးမှုတွေအတွက် အဆင်သင့်ဖြစ်နေရအောင် မြန်မာနိုင်ငံရဲ့ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကို သုံးသပ်နေတယ်လို့တောင် ကျနော့်ကို ပြောပြပါတယ်။
အဲ့ဒီအချိန်မှာ ဗိုလ်ချုပ်ကြီးခင်ညွန့်ဟာ အာဏာရှိနေပြီး မြန်မာနဲ့ ကုလသမဂ္ဂအကြား ဆက်ဆံရေးလိုအပ်ပုံကို တပ်မတော် ထဲမှာ သူ့လောက်နားလည်သူ မရှိပါဘူး။ တပ်မတော်ခေါင်းဆောင်ပိုင်းက တိုင်းပြည်အတွက် ဘာတွေလုပ်နေတယ်ဆိုတာ ကျနော် နားလည်သဘောပေါက်အောင် သူ အကောင်းဆုံး ကြိုးစားရှင်းပြပါတယ်။ သူ့အစိုးရရဲ့ ဟိုဝန်ကြီး ဒီဝန်ကြီးတွေ ကလည်း တိုင်းပြည်မှာ လမ်းတွေ တံတားတွေ ဘယ်လောက် ဖောက်လုပ်တည်ဆောက် ပြီးစီးကြောင်း စတာတွေကို နာရီများစွာ အစီရင်ခံ တင်ပြတဲ့အတွက် ထိုင်ပြီး နားထောင်ခဲ့ရသေးတယ်။
ဗိုလ်ချုပ်ကြီးခင်ညွန့်ဟာ နိုင်ငံခြားရေးဝန်ကြီးဌာနအပါအ၀င် အဆင့်မြင့်အစိုးရအရာရှိတွေနဲ့ စကားပြောခွင့် ပေးခဲ့ပါတယ်။ အဲ့ဒီအခွင့်အရေးကို အမိအရယူပြီး “သံတမန်ဆက်ဆံရေးပိုင်းမှာ ခင်ဗျားတို့ ဘာတွေများမှားယွင်းနေလို့လဲ။ ကမ္ဘောဒီးယား လို နိုင်ငံတောင်မှ ခင်ဗျားတို့ထက် ငွေပိုရနေသေးတယ်။ မြောက်ကိုရီးယားကလည်း အထောက်အပံ့ရတဲ့နေရာမှာ ခင်ဗျား တို့ထက်ပိုပြီး အောင်မြင်တယ်။ ဒါပေမယ့် ခင်ဗျားတို့တော့ ဘယ်လိုဖြစ်တာလဲ။ ဘာများမှားနေလို့လဲ”လို့ သူတို့ကို ကျနော် ပြောလိုက်တယ်။ သူတို့ နည်းနည်းတော့ ကသိကအောင့်ဖြစ်သွားကြတယ်။ အဲဒီလိုဖြစ်အောင်လည်း ကျနော် တမင်လုပ်တာပါ။
ကျနော့်ခရီးစဉ် ရလဒ်တွေအတွက် ဒေါ်အောင်ဆန်းစုကြည်က ကျေနပ်အားရနေပြီး မျှော်လင့်ချက်တွေလည်း မြင့်မားလာ ပါတယ်။ ကျနော့်အလုပ်ကို ကျနော် ကြေညက်အောင် လုပ်တယ်။
တချို့ဖြစ်ရပ်တွေမှာ ကျနော့်အရင် ကုလသမဂ္ဂ ကိုယ်စားလှယ်တွေအနေနဲ့ အစိုးရနဲ့စကားပြောရတာထက် သူနဲ့စကားပြောရတာ ပိုပြီး ခက်ခဲတတ်တာကို တွေ့ခဲ့ရတယ်။
ကျနော့်ရဲ့ ပွင့်ပွင့်လင်းလင်း ပြောဆိုတတ်မှုကတော့ သူမကို သက်တောင့်သက်သာရှိစေပုံပါ။
သူနဲ့ သူချစ်တဲ့ တိုင်းပြည်မှာ ဖြစ်နေတဲ့ ပြဿနာတွေကို ရိုးသားစွာ ဆွေးနွေးပြောဆိုလာတဲ့အထိ ကျနော်တို့အကြား နားလည်မှုရှိလာခဲ့တယ်။
ဒီလိုနဲ့ သူ့ရဲ့ ရုန်းကန်မှုတွေ၊ လုပ်ဆောင်ခဲ့တာတွေကို ကျနော့်ကို ပြောပြခဲ့တယ်။ သူ့အပြောအတိုင်းဆို ကျန်းမာရေး မကောင်းတဲ့မိခင်ကြောင့် မွေးရပ်မြေဆီ အလည်သက်သက်လာခဲ့ပုံ၊ ဒီမိုကရေစီတိုက်ပွဲထဲပါဝင်ဖို့ တွန့်ဆုတ်ခဲ့ပုံ စတဲ့ အင်္ဂလန်က ပြန်လာချိန်မှာ ဖြစ်ပျက်ခဲ့ပုံတွေကို ပြောပြပါတယ်။ ဒါဆိုရင် သူဟာ ဖခင်ခြေရာ နင်းလိုက်မယ်ဟဲ့ဆိုပြီး ရည်ရွယ်ခဲ့ဟန် မရှိပါဘူး။ ဒါပေမယ့် သူဟာ သူ့အဖေသမီးဆိုတာ လုံးဝရှင်းပါတယ်။
ကျနော် မြန်မာစကား မပြောတတ်ပါဘူး။ ကျနော့် ရည်ရွယ်ချက်အတွက်လည်း မြန်မာစကားတတ်ဖို့ မလိုအပ်ပါဘူး။ ဒေါ်အောင်ဆန်းစုကြည်က အင်္ဂလိပ်စကားကို ကျွမ်းကျွမ်းကျင်ကျင် ပြောနိုင်ပါတယ်။ သူ့ကိုမမြင်ရဘဲ ပြောနေတဲ့အသံ ကိုသာကြားရရင် အင်္ဂလိပ်တယောက် စကားပြောနေသလားလို့ ထင်မိမယ်။ မြင်ယောင်ကြည့်လို့ရပါတယ်။ ခပ်မတ်မတ် ကိုယ်နေဟန်ထား၊ ရိုးရာအ၀တ်အစားနဲ့ စပယ်ပန်းတွေ ဝေအောင်ပန်ထားပြီး တော်ဝင်အင်္ဂလိပ်စကားကို ပြောနိုင်သူ၊ ဒါ ညှို့ဓာတ်အပြည့်ပါတဲ့ ထုံးဖွဲ့ထားမှုလေ။
ဒါကို သူ သိပါတယ်။ မဟာဆန်မှု၊ ဗဟုသုတကြွယ်ဝမှုတွေနဲ့အတူ လူတိုင်းကို သူ ညွှတ်စေနိုင်တယ်။ တကယ်လို့ သူသာ မြန်မာနိုင်ငံရဲ့ အမြဲတမ်းဝန်ကြီးချုပ်ဖြစ်လာခဲ့ရင် အာဆီယံနိုင်ငံ ၀န်ကြီးချုပ်တွေကို ဒီမိုကရေစီနဲ့ ဖွံ့ဖြိုးရေးအကြောင်း ဆွေးနွေးငြင်းခုန်ပြီး ၀ံ့ဝံ့ကြွားကြွားနဲ့ အနိုင်ယူနိုင်တယ်လို့ တခါတုန်းက သူ့ကို ကျနော် ပြောခဲ့ဖူးတယ်။
စစ်ခေါင်းဆောင်တွေနဲ့ ဆွေးနွေးနိုင်မယ့်နည်းလမ်းရှာဖို့ သူ့ကို ကျနော် မေတ္တာရပ်ခံခဲ့သလို စစ်ခေါင်းဆောင်တွေကိုလည်း သူနဲ့ဆွေးနွေးဖို့ မေတ္တာရပ်ခံခဲ့ပါတယ်။ ကျနော့်ရဲ့ ဒုတိယခရီးစဉ်မှာ ဗိုလ်ချုပ်မှူးကြီးသန်းရွှေက သူနဲ့ ဆွေးနွေးဖို့ သဘော တူခဲ့ပါတယ်။ အစိုးရကိုယ်စား ဗိုလ်ချုပ်ကြီးခင်ညွန့်က ညှိနှိုင်းဆောင်ရွက်ဖို့ကိုလည်း သဘောတူခဲ့တယ်။
ဒေါ်အောင်ဆန်း စုကြည်နဲ့ ဗိုလ်ချုပ်ကြီးခင်ညွန့်တို့ တိုက်ရိုက်တွေ့ဆုံတာ မရှိပေမယ့် တွေ့ဆုံဆွေးနွေးပွဲဟာ အမှန်တကယ် ဖြစ်ခဲ့ပါတယ်။
စိတ်ဝင်စားစရာကောင်းတာက အဲ့ဒီကိစ္စကို ကျနော့်ကို သူမပြောဘဲထားခဲ့တာပါ။
ကျနော် မြန်မာနိုင်ငံကို အခေါက်ခေါက် အခါခါလာပြီး သူ့ကို လွှတ်ပေးမယ့်အချိန် ရောက်တော့မှ ဗိုလ်ချုပ်ကြီးခင်ညွန်က ကျနော့်ကိုပြောတယ်။ စစ်ခေါင်းဆောင် အားလုံးနဲ့ သူ ညစာစားပွဲမှာ ရိုက်ထားတဲ့ ဓာတ်ပုံတွေကိုလည်း ပြပါတယ်။ ကျနော် အံ့အားသင့်သွားတယ်။
နောက်တနေ့ နေ့လယ်မှာ သူ့ကိုသွားတွေ့တဲ့အခါ စာရင်းရှင်းစရာရှိတယ်လို့ ပြောလိုက်တယ်။ အဲဒီအခါမှာမှ တွေ့ဆုံဆွေးနွေး မှုတချို့ တကယ်ရှိခဲ့ကြောင်း၊ ဒါပေမယ့် ဗိုလ်ချုပ်ကြီးခင်ညွန့်နဲ့ တန်းတူဆွေးနွေးခဲ့ရတာမျိုး မဟုတ်ကြောင်းနဲ့ ကျေနပ်အားရ စရာမရှိကြောင်း ထုတ်ပြောပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ပြောပြချက်အရတော့ စစ်အစိုးရခေါင်းဆောင်တွေနဲ့ ညစာ စားပွဲမှာ ဗိုလ်ချုပ်မှူး ကြီးတယောက်တည်း ဒိုင်ခံပြောသွားတာလို့ သိရတယ်။
စစ်အစိုးရနဲ့ စကားပြောရတာ သူတို့ရဲ့ကိန်းဂဏန်းတွေကို ပဟေဠိ အဖြေညှိနေရတဲ့ အလုပ်ပါ။ “ကျနော်တို့ တံတား ၂၉ စင်း ဆောက်ပြီးသွားပြီ၊ ကျနော်တို့ ဒါတွေလုပ်ပြီးသွားပြီ၊ ဟိုဟာတွေလည်း လုပ်ပြီးသွားပြီ” စသဖြင့် သူတို့ပြောတတ်ကြပါတယ်။
စစ်အစိုးရဆိုတော့ သူတို့ရဲ့ တွေးပုံခေါ်ပုံတွေက အများနဲ့မတူပါဘူး။ အရာအားလုံးကို သူတို့ ချမှတ်ထားတဲ့ ရည်မှန်းချက် တွေအတိုင်း ခပ်ရှင်းရှင်း မြင်ပါတယ်။ ဆိုကြပါစို့ … အစိုးရကောင်းဆိုတာ တင့်ကားတွေကို တနေရာကနေ တနေရာ ရွှေ့တဲ့အလုပ်လို့ နားလည်ထားကြပုံပါ။
တိုင်းပြည်တည်ငြိမ်ရေးနဲ့ တရားဥပဒေစိုးမိုးရေးအတွက် သူတို့ရဲ့လုပ်ဆောင်ချက်တွေ ဘယ်လိုအောင်မြင်နေတယ် ဆိုတဲ့အကြောင်း နားထောင်ပြီးမှဘဲ ကျနော်လည်း အရေးကြီးတဲ့ပြဿနာတွေကို ဆွေးနွေးဖို့ လမ်းစရှာနိုင်တော့တယ်။ သူတို့ပြောတဲ့ ကိန်းဂဏန်းတွေက အမှန်တွေဆိုတာ သေချာပါတယ်။ တကယ်လည်း လမ်းတွေဖောက် တံတားတွေ ဆောက်ပါတယ်။ ဒါပေမယ့် အဲ့ဒီလမ်းတွေဟာ ဘယ်မှာဆုံးမှာလဲ။
ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့တဲ့အခါမှာတော့ ကိန်းဂဏန်းတွေ မဟုတ်တော့ပါဘူး။ သူ အဓိကထားပြောနေတာ နိုင်ငံရေးပါ။ သူ့ရဲ့ အဓိက ရည်မှန်းချက်က မြန်မာနိုင်ငံမှာ ဒီမိုကရေစီရရှိရေး ဖြစ်ပါတယ်။ မြန်မာပြည်သူတွေ ဒီမိုကရေစီနဲ့ ဖွံ့ဖြိုး တိုးတက်မှုကို နားလည်လာပြီး အဲ့ဒီကနေ အကျိုးကျေးဇူး ရရှိခံစားစေချင်တာပါ။ သူတို့ရဲ့ ဘ၀တွေ တိုးတက် ကောင်းမွန်လာပြီး ဥပဒေရဲ့ အကာအကွယ်ကို ရရှိခံစားစေချင်တာပါ။ နိုင်ငံဟာ ဘယ်လောက် နောက်ကျကျန်ရစ် နေပြီဆိုတာ သူသိပါတယ်။
ကျနော် သူ့ကို မေးကြည့်တယ်။ “ခင်ဗျားကို အနောက်လိုလားသူလို့ မြင်ကြ တယ်ဗျ။ အနောက်အုပ်စုက ဖြစ်စေချင်တာ တွေကို လုပ်နေသူ၊ ဒီမိုကရေစီလို့ ခင်ဗျားအော်ပေးတာ၊ အဲဒါ ဘာတွေက စေ့ဆော်ခဲ့တာလဲ။ မြန်မာနိုင်ငံက အဖိနှိပ်ခံ ပြည်သူတွေကို ကူညီဖို့လား၊ ဒါမှမဟုတ် အနောက်အုပ်စုရဲ့ ဆွဲဆောင်မှု တခုလား”လို့ ။ နောက် အဲ့ဒီအချက်ဟာ သူက အာဆီယံနိုင်ငံတွေကို အလေး မထားရတဲ့ အကြောင်းရင်း တခု။ ထိုနည်းတူ သူ့အပေါ်လည်း အာဆီယံက ဘ၀င်မကျတဲ့ အချက် တချက်ဖြစ်တယ်လို့ ကျနော် ပြောလိုက်တယ်။
သူမရဲ့ ရုန်းကန်တိုက်ပွဲဝင်နေမှုဟာ အပြင်လူတွေရဲ့ စေ့ဆော်မှု ကြောင့် မဟုတ်ဘဲ ဒေသတွင်းက လှုပ်ရှားမှုတခုလို့ ကွဲကွဲပြားပြား ရှုမြင်သွားစေသင့်ကြောင်း ကျနော် ပြောခဲ့ပါတယ်။
အဲ့ဒီစွပ်စွဲချက်တွေအားလုံးကို သူ အကြီးအကျယ် ဒေါသထွက်ပါတယ်။ “အာဆီယံဟာ ဘာတွေများ လုပ်ခဲ့ဖူးလို့လဲ။ ကျမ သူတို့ရဲ့ အကူအညီကို ရခဲ့သင့်ပါတယ်။ ဒါပေမယ့် သူတို့ ဘာတွေများလုပ်ခဲ့လို့လဲ။ သူတို့ သံတမန်တွေ ကျမနဲ့ တွေ့ရမှာ ကြောက်နေကြတယ်”လို့ အာဆီယံနဲ့ပတ်သက်ပြီး သူ ပစ်ပစ်ခါခါ ပြောတတ်တယ်။
၂၀၀၃ ခုနှစ် မေလ ၃၀ ရက်မှာ ဖြစ်ပွားခဲ့တဲ့ ဒီပဲယင်းအဖြစ်အပျက်မှာတော့ အာဆီယံက အံ့ဩတုန်လှုပ်ခဲ့ပြီး သူမကိုယ်စား ပြောဆိုမှုတွေ ရှိလာပါတယ်။ အဲ့ဒီဖြစ်ရပ်မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ သူမကို ထောက်ခံတဲ့လူထုဟာ ဒီပဲယင်းမြို့ အနောက် ဘက်က ရွာတရွာအနားမှာ ချုံခိုတိုက်ခိုက်ခြင်း ခံခဲ့ရတယ်။ ဒါပေမယ့် အာဆီယံအဖွဲ့ကြီးရဲ့ မစွက်ဖက်ရေး မူဝါဒက ပိုနေမြဲ ကျားနေမြဲအတိုင်း မြန်မာပြည်သူ အများအပြား ထိခိုက်သေကျေ ပျက်ဆီးနေတာကို ကြည့်နေခဲ့တယ်။
၂၀၀၂ ခုနှစ် သူ့ကို နေအိမ်အကျယ်ချုပ်က လွှတ်ပေးတော့ နားလည်မှုယူခဲ့တဲ့ အချက်တချက်က လူထုကြားထွက်ပြီး တိုင်းပြည်အခြေအနေကို အဆိုးမြင်ဘက်က မပြောဖို့ပါ။ ပြည်သူတွေ ကောင်းကျိုး ဆောင်ကြဉ်းပေးဖို့ အစိုးရကို သူ ကူညီရမှာ ဖြစ်ပါတယ်။
ဒါပေမယ့် ပြောနေတာက ကမ္ဘာကျော် ခေါင်းဆောင်အကြောင်းလေ။ ခင်ဗျားက သူ့ကိုလွှတ်ပေးရင် လူတိုင်းက သူ့ဆီ ရောက်လာတယ်။ လမ်းပေါ်မှာ ဆန္ဒပြမှုတွေ မဖြစ်ပွားအောင် သူ အမြဲဂရုစိုက်ခဲ့တယ်။ ဒါပေမယ့် တိုင်းပြည်မှာ လုပ်စရာတွေ အများကြီးရှိနေပြီး ဘာမှမလုပ်ရသေးပါလားလို့ တခဏအတွင်းမှာပဲ သူ သိမြင်နိုင်ခဲ့တယ်။
လူထုကကူညီဖို့ သူ့ကို မေတ္တာရပ်ခံလာတဲ့အခါ သူ ခရီးထွက်ပြီး နိုင်ငံရေးစကား ပြောလာပါတယ်။ နိုင်ငံရေးသမား ပိုဆန် လာပြီး ရန်ကုန်မြို့ပြင်ကို ခရီးထွက်ပါတယ်။ သူ သွားလေရာ ထောင်ချီတဲ့လူအုပ်ကြီး လိုက်ကြတယ်။ စစ်ခေါင်းဆောင်တွေ စိတ်အနှောင့်အယှက် ဖြစ်ပါတယ်။ စစ်အစိုးရနဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အကြား အရေးပါတဲ့ တွေ့ဆုံဆွေးနွေးမှုတွေ မစဘဲ ဒေါ်အောင်ဆန်းစုကြည်ကို ခရီးထွက်ခွင့်ပြုခဲ့တာဟာ အမှားလို့ စစ်အစိုးရ၀န်ကြီးတဦးကို ကျနော် ပြောခဲ့ဖူးတယ်။
အဲ့ဒီနောက် ဒီပဲယင်းအရေးအခင်းဖြစ်ပြီး သူလည်း အသတ်ခံရလုနီးနီး ဖြစ်ခဲ့ရတယ်။ သူ့ကို ဘယ်လို အဆောင်အယောင်မှ မပေးဘဲ အကျဉ်းထောင်ထဲ ချုပ်ထားခဲ့တယ်။ သူ့ကို ထောင်ထဲထည့်ထားတာ စစ်အစိုးရက ကျနော့်ကို မပြောခဲ့ဘဲ မဖုံးကွယ် နိုင်တဲ့အဆုံးကျမှ ကျနော့်ကို သူနဲ့ တွေ့ခွင့်ပေးတယ်။
သူတို့ ကျနော့်ကိုခေါ်တော့ ကျနော် သွားပါတယ်။ ခရီးစဉ်ဟာ စုံထောက်ဝတ္တုတွေ အတိုင်းပဲ။ သူတို့ ကားတစီးပြီး တစီး၊ ကားမောင်းသမား တယောက်ပြီးတယောက် လဲတယ်။ ကားမောင်းသမား ဘယ်သူဆိုတာ မသိရပါဘူး။ ကားထဲထိုင် လိုက်ရင်း “ဘယ်ကမ္ဘာထဲ ငါရောက်နေမိပါလိမ့်”လို့ တွေးလိုက်မိသေးရဲ့။
ကျနော့်ကို တဆင့်ပြီးတဆင့် ခေါ်သွားလိုက်တာ ကျနော် တယောက်တည်း ငေါင်စင်းစင်းနဲ့။ ကျနော် လုံခြုံမှုမှရှိရဲ့လားလို့တောင် တွေးမိခဲ့တယ်။ နောက်က လိုက်တဲ့ ကားတွေကလည်း မှန်အနက်တွေနဲ့။
အဲ့ဒီနောက် ရုတ်တရက်ဆိုသလိုပဲ ကျနော်တို့ ရောက်ခဲ့ကြတယ်။ အဲ့ဒီနေရာကတော့ အင်းစိန်ဗဟိုအကျဉ်းထောင်ပါပဲ။ အဲ့ဒီ ထောင်ထဲမှာ ရာဇ၀တ်မှုမျိုးစုံ ကျူးလွန်ခဲ့တဲ့ အကျဉ်းသားတွေကို ချုပ်နှောင်ထားပါတယ်။ စိတ်မနှံ့သူလို့ အဓိပ္ပါယ်ရတဲ့ အင်္ဂလိပ် စကားလုံးတလုံးနဲ့ အသံထွက်တူတဲ့ ဒီအကျဉ်းထောင်ရဲ့နာမည်ဟာ ကျနော့်စိတ်ထဲမှာ အမှတ်ထင်ထင်ပါ။
ကားကို ထောင်ထဲမောင်းဝင်လာပြီး ဘယ်ကွေ့လိုက် ညာကွေ့လိုက်နဲ့ နောက်ဆုံးမှာ အုတ်တိုက်လေးတခုဆီ ရောက်လာပါတယ်။
တဲသာသာ အုတ်တိုက်လေးထဲမှာ သူ့ကို ချုပ်ထားတယ်။ အပြင်ဘက်မှာ ရေတွင်းတတွင်းရှိတယ်။ သူ့ကိုတွေ့ဖို့ အထဲဝင် လိုက်တဲ့အချိန် ကျနော် တုန်လှုပ်သွားခဲ့တယ်။ အမြဲတမ်း ကြိုဆိုနှုတ်ဆက်နေကြ သူမရဲ့ အသွင်အပြင်နဲ့ လုံးဝခြားနားနေပြီး မသပ်မရပ်နဲ့ နေထိုင်နေရတာ မြင်လိုက်ရလို့ပါပဲ။
“ကျမ တရားမျှတမှုကို လိုချင်တယ် ရပ်ဇ်”လို့ သူက ကျနော့်ကို ပြောပါတယ်။ အဲ့ဒီနောက် ကျနော့် ဘေးနားမှာရပ်နေတဲ့ စစ်အရာရှိတွေဘက်လှည့်ပြီး “ကျမအိမ်က အင်္ကျီတွေပဲ ကျမလိုချင်တယ်။ ရှင်တို့ပေးတဲ့ အင်္ကျီတွေကို ကျမ မ၀တ်ချင်ဘူး။ ပြီးတော့ ကျမရဲ့ တကိုယ်ရေသုံး ပစ္စည်းတွေလည်း ယူလာပေးပါ”လို့ ပြောလိုက်တယ်။
သူမရဲ့ လူသားဆန်မှုကို ဒီလိုအနေအထားမျိုးနဲ့ သစ္စာဖောက်လိုက်ကြတာတွေ့ရတော့ ကျနော် ထိတ်လန့်မိပါတယ်။ ကျနော့်ကို ထပ်အံ့အားသင့်စေခဲ့တာက “ဖြစ်ခဲ့တာတွေ ပြီးခဲ့ပြီ၊ ပြည်သူလူထုအကျိုးနဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေး အတွက် အစိုးရနဲ့ တွေ့ဆုံဆွေးနွေးဖို့ ကျမဘက်က အဆင်သင့်ရှိတယ်”လို့ သူပြောလိုက်တဲ့စကားပါ။
ဒါနဲ့ ဗိုလ်ချုပ်ကြီး ခင်ညွှန့်ကို ကျနော်ပြန်တွေ့တော့ “ခင်ဗျားတို့ ဘယ်လိုလုပ်လိုက်တာလဲ၊ ဒီကိစ္စနဲ့ပတ်သက်ပြီး ကမ္ဘာကို ကျနော်ဘယ်လို ပြောရမှာလဲ”လို့ ဒေါသလည်းဖြစ် စိတ်မကောင်းလည်းဖြစ်ပြီး ပြောခဲ့ပါတယ်။
သူ့ကို အကျဉ်းထောင်ထဲထည့်ထားတာ ကမ္ဘာကိုမပြောဘဲ ခဏတော့ ကျနော် နှုတ်ဆိတ်နေခဲ့တယ်။ သူ လုံခြုံတဲ့နေရာမှာ ရှိနေပြီး စိတ်ဓာတ်လည်း ကြံ့ခိုင်လျက်ရှိပါတယ်လို့ပဲ ပြောခဲ့ပါတယ်။ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်ကိုတော့ ဒီကိစ္စ အစီရင်ခံခဲ့ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ကို ကျနော် နောက်ဆုံးတွေ့ခွင့်ရတာ ၂၀၀၄ ခုနှစ် မတ်လမှာ ဖြစ်ပါတယ်။ သူ့ကို နေအိမ်ကိုပြန်ပို့ ပေးပြီး အကျယ်ချုပ်ချထားချိန်ပါ။ ဒီပဲယင်းကိစ္စ ဘယ်လိုဖြစ်ခဲ့ဖြစ်ခဲ့ ပြည်သူလုထု အကျိုးအတွက် စစ်ဗိုလ်ချုပ်တွေနဲ့ တွေ့ဆုံဆွေးနွေးဖို့ သူအဆင်သင့်ရှိတယ်ဆိုတာ ထပ်ခါတလဲလဲ ပြောပါတယ်။ လက်ရှိအာဏာကို ချုပ်ကိုင်ထားတဲ့ စစ်ဗိုလ်ချုပ်တွေနဲ့မှသာ ဒီမိုကရေစီရေးကိုလုပ်ဆောင်နိုင်မယ်ဆိုတာကို နားလည်သဘောပေါက်ဖို့ ဒေါ်အောင်ဆန်းစုကြည် အချိန်အတော်ကြာ ဖြတ်သန်းခဲ့ရပါတယ်။
ဒီလို သိမြင်နားလည်လာခြင်းဟာ လွန်ခဲ့တဲ့ အကြိမ် ၂၀ ကျော်က ကျနော်တွေ့ခဲ့ရတဲ့ အလျော့မပေး စည်းကမ်းကြီးပြီး ဩဇာပေးတတ်တဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ယှဉ်ကြည့်ရင် လုံးလုံးလျားလျား ကွာခြားနေပါတော့တယ်။
မြန်မာနိုင်ငံဟာ အိမ်နီးချင်းနိုင်ငံတွေနဲ့ယှဉ်ကြည့်ရင် အတော်လေး ခေတ်နောက်ကျ ကျန်ရစ်နေတာကို သူ အလွန်အမင်း စိုးရိမ်ပူပန် နေပါတယ်။ တခြား တိုင်းရင်းသားအုပ်စုတွေကိုလည်း တန်းတူ နေရာမပေးတဲ့အတွက် စိတ်အနှောင့်အယှက်လည်း ဖြစ်နေပါတယ်။ ဥပမာ ရိုဟင်ဂျာလို ပြဿနာမျိုးပေါ့။
ဒေါ်အောင်ဆန်းစုကြည်ရဲ့ အပြောင်းအလဲတွေကို စစ်ဗိုလ်ချုပ်တွေ အသိအမှတ်ပြုလက်ခံဖို့ နောက်ဆုံးအချိန်ထိ ကျနော် ကြိုးစားပေမယ့် မရခဲ့ပါဘူး။ ဗိုလ်ချုပ်မှူးကြီးသန်းရွှေက သူ့ကို အနောက်အုပ်စုကြိုးဆွဲရာကတဲ့ ရုပ်သေးရုပ်အဖြစ် တံဆိပ် ကပ်ထားဆဲဖြစ်ပြီး မကြာသေးခင်ကတင် ဖြစ်ခဲ့တဲ့ ဖြစ်ရပ်တွေက မြန်မာနိုင်ငံမှာ ရှိမနေစေချင်ဘူးဆိုတာ ပြသတာ ထင်ရှားနေပါတယ်။
ဗိုလ်ချုပ်မှူးကြီးသန်းရွှေက ကျနော့်ကို ဗိုလ်ချုပ်ကြီးခင်ညွှန့်နဲ့ ရင်းနှီးသူအဖြစ် မြင်နေတယ်လို့ ထင်ပါတယ်။ အဲဒါ မှန်ပါတယ်။ ကျနော်တို့ကို အလုပ်အတူလုပ်ဖို့ ခွင့်ပြုခဲ့တာကြောင့် ကျနော်နဲ့သူ ဆက်ဆံရေး တိုးတက်ကောင်းမွန်ခဲ့ပါတယ်။ ကျနော်ဟာ ဗိုလ်ချုပ်ကြီးခင်ညွှန့်နဲ့ စိတ်တူသဘောတူ ဖြစ်တယ်လို့ ယူဆတဲ့အခါကတည်းက သူတို့ ကျနော့်ကို မလိုချင်တော့မှန်း ကျနော်သိပါတယ်။ ဒါကြောင့်လည်း ကုလသမဂ္ဂ အထူးကိုယ်စားလှယ် တာဝန်ကနေ အချိန်ကိုက် နုတ်ထွက်ခဲ့တာပါ။ အခြား တယောက်ယောက်ကို စဉ်းစားဖို့ စစ်အစိုးရကိုလည်း အခွင့်ပေးရာကျမှာပါ။
ဒါပေမယ့် ၀မ်းနည်းစရာတော့ ကောင်းပါတယ်။ ဗိုလ်ချုပ်ကြီးခင်ညွှန့်နဲ့ တိုင်းရင်းသားအုပ်စုတွေ အပါအ၀င် အခြားသူတွေ အကြား အသုံးဝင်တဲ့ အဆက်အသွယ်တွေကို အခြေခံကျကျ တည်ဆောက်ထားနိုင်ခဲ့ပါပြီ။ အဲဒီလူတွေပဲ တနေ့ အာဏာရ လာနိုင်ကောင်း ရလာဦးမှာပါ။ အခုတော့ ဖြစ်ပြီးခဲ့တာတွေကို ပြန်ကြည့်ရင် ဗိုလ်ချုပ်ကြီးခင်ညွှန့် ရဲ့ အခန်းကဏ္ဍနဲ့ သူ ဆက်လက်ရှင်သန်နိုင်အောင်လို့ ကျနော်တို့ လုံလုံလောက်လောက် ဘာမှမလုပ်ပေးခဲ့ဘူး ဆိုတဲ့အချက်ကို ကျနော် မစဉ်းစားဘဲ မနေနိုင်အောင်ဖြစ်ရပါတယ်။ ဒါကြောင့် စစ်တပ်အတွင်းမှာ အင်အားကောင်းကောင်းနဲ့ လုပ်ဆောင်မယ့်သူ မရှိဘဲနဲ့ မြန်မာနိုင်ငံ ပြောင်းလဲမယ့် အလားအလာကို ကျနော်မမြင်ပါဘူး။
မုတ်သုန်ကနေ ဟေမန္တ၊ အဲ့ဒီကနေ သရက်ပွင့်တွေ ဝေဆာတဲ့ ဂိမာန်ရာသီ၊ ရာသီတွေသာပြောင်းသွားပါမယ်၊ ဒေါ်အောင်ဆန်းစုကြည်လည်း အထိန်းသိမ်းခံဘ၀နဲ့ ဆက်လက်နေရဦးမှာပါပဲ။ ဘယ်လောက်ကြာမလဲဆိုတာ ဘုရားသခင်မှသာ သိနိုင်ပါလိမ့်မယ်။ သူ ဘယ်လိုခရီးဆက်မလဲ ကျနော်မသိပါဘူး။ ကျနော် သေသေချာချာ သိနေတာက ဘယ်လိုအခြေအနေမှာဖြစ်ဖြစ် သူ ဘယ်တော့မှ ဦးညွှတ်မှာမဟုတ်ဘူး၊ သူ ရှာဖွေနေတာ တကိုယ်ရေလွတ်လပ်မှု မဟုတ်ဘူး၊ သူ့ လွတ်လပ်မှုဟာ သူချစ်တဲ့ မြန်မာပြည်သူတွေရဲ့ လွတ်လပ်မှုနဲ့ ယှဉ်တွဲနေမှသာ အဲဒီ လွတ်လပ်မှုကို သူ လက်ခံလိမ့်မယ်ဆိုတာပါ။
ကျနော်မှတ်မိနေပါသေးတယ်။ ဒီပဲယင်းအရေးအခင်းနောက်ပိုင်း အကျဉ်းထောင်ထဲ ချုပ်နှောင်ထားချိန်မှာ သူမရဲ့သား အလက်ဇန္ဒြားက မိခင်ကို သွားတွေ့လိုကြောင်း ကျနော့်ကို ဆက်သွယ်ပြောကြားလာပါတယ်။ ဒါနဲ့ ကျနော်လည်း ကြိုးစားပေးမယ်လို့ အကြောင်းပြန်ခဲ့ပါတယ်။
သူနဲ့တွေ့တဲ့အခါ အဲဒီကိစ္စကို မေးကြည့်ပါတယ်။ ထောင်ထဲက တခြားအကျဉ်းသားတွေထက်ပိုပြီး မထူးခြားချင်ဘူးဆိုပြီး ချက်ချင်း ပြတ်ပြတ်သားသား သူ ငြင်းခဲ့ပါတယ်။ “ဘယ်လိုကြောင့် ကျမကို သူများတွေနဲ့ထူးပြီး ဆက်ဆံသင့်တာလဲ။ မတရား အကျဉ်းချခံထားရတဲ့ မိခင်တွေကို ဘ၀နောက်ဆုံးအချိန်အထိ ပြန်တွေ့ခွင့်မရတဲ့ သားသမီးတွေ မရေတွက်နိုင် လောက်အောင် ရှိနေချိန်မှာ ကျမရဲ့ကလေးကျမှ ဘယ်လိုကြောင့် ကျမကို တွေ့ခွင့်ရသင့်တာလဲ”လို့ သူ ပြောခဲ့ပါတယ်။
ဒါ ဒေါ်အောင်ဆန်းစုကြည်ပါပဲ။ ခိုင်မာတဲ့ စည်းမျဉ်းတွေနဲ့ ခံကတုတ်ဖွဲ့ တည်ဆောက်ထားတဲ့ သူမပါ။ ကျနော် ဒီစာကိုရေး နေချိန်မှာတောင်မှ ကိုယ်ဟန် မတ်မတ်၊ တည်တည်ငြိမ်ငြိမ်နဲ့ထိုင်နေတဲ့ သူ့ရဲ့အသွင်ကို မြင်ယောင်နေမိပါတယ်။ တွေ့ဆုံ ဆွေးနွေးပွဲတွေ ဒါမှမဟုတ် အဓိပ္ပာယ်ရှိတဲ့ အပြောင်းအလဲတွေ ဖြစ်လာမယ့်အချိန်ကို စောင့်မျှော်နေရင်းပေါ့။ သူ့ဘက်က အချိန်ရှိတယ်လို့ ယုံကြည် နေပေမယ့် အချိန်က စောင့်ပါ့မလား။ စစ်အစိုးရခေါင်းမာတာနဲ့ အစွမ်းအစမရှိတဲ့ အာဆီယံ အဖွဲ့ကြီးကြောင့် မျှော်လင့်ခြင်းတေးသွားတပုဒ် သီကျူးဖို့မလွယ်ပါဘူး။
ဒါပေမယ့် သူ့ရဲ့ စပယ်ပန်းရနံတွေ ရစ်ဝဲနေဆဲပါ။ သူမဟာ ဘယ်အရာကိုမှ မကြောက်မရွံ့ဘဲ ဖြောင့်မတ်တည်ကြည်စွာနဲ့ နေအိမ်ထဲကနေ ဆက်ပြီးစောင့်နေ ပါလိမ့်မယ်။ မြန်မာပြည်သူတွေလည်း သူနဲ့အတူ စောင့်စားနေပါတယ်။
၂၀၀၀ ခုနှစ် ဧပြီလမှာ ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်သည် ရာဇာလီ အစ္စမေးလ်ကို အထွေထွေအတွင်း ရေးမှူးချုပ်၏ မြန်မာပြည်ဆိုင်ရာ အထူးကိုယ်စားလှယ်အဖြစ်ခန့်အပ်ခဲ့ပြီး ထိုရာထူးကို ၂၀၀၅ ခုနှစ် ဒီဇင်ဘာလအထိ ထမ်းဆောင်ခဲ့သည်။
၂၀၀၇ ခုနှစ် ဧပြီလထုတ် ဧရာဝတီ မဂ္ဂဇင်းမှ Meetings with Aung San Suu Kyi By Razali Ismail ကို ဆီလျော်အောင် ဘာသာပြန်ဆို ဖော်ပြပါသည်။
မူရင်း
irrawaddymedia.com/bur
No comments:
Post a Comment