Tuesday, August 7, 2007

mr. gambari's southeast asia trip

ဂန်ဘာရီ အရှေ့တောင်အာရှ ခရီး စတင်
ဧရာဝတီ သြဂုတ် ၇၊ ၂၀၀၇

ကုလသမဂ္ဂအထွေထွေ အတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် မစ္စတာ အီဗရာဟင် ဂန်ဘာရီသည် မြန်မာ့အရေး ဆွေးနွေးရန်အတွက် အရှေ့တောင် အာရှ ၄ နိုင်ငံ ခရီးစဉ်စတင်ခဲ့ရာ ယမန်နေ့က စင်္ကာပူနိုင်ငံသို့ ရောက်ရှိကြောင်း သိရသည်။


ထို့အပြင် မစ္စတာ ဂန်ဘာရီ၏ ခရီးစဉ်တွင် အရှေ့တောင်အာရှ (အာဆီယံ) ဒေသတွင်း အဓိက နိုင်ငံများဖြစ်သည့် ထိုင်း၊ မလေးရှားနှင့် အင်ဒိုနီးရှား အစိုးရ များနှင့် တွေ့ဆုံဆွေးနွေးမည်ဖြစ်သည်ဟုလည်း ဆိုသည်။

စင်္ကာပူနိုင်ငံသည် သြဂုတ် ၂ ရက်က အကြိမ် ၄၀ မြောက် အာဆီယံ နိုင်ငံခြားရေး ၀န်ကြီးများအစည်းအဝေး ပိတ်ပွဲတွင် အာဆီယံ ဥက္ကဌ နေရာကို ဖိလစ်ပိုင်နိုင်ငံ ထံမှ လွှဲပြောင်းယူခဲ့သည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) ပြောခွင့်ရ ပုဂ္ဂိုလ် ဦးမြင့်သိန်းက “ကျနော်တို့အနေနဲ့ အခုအချိန် မစ္စတာ ဂန်ဘာရီရဲ့ ခရီးစဉ်နဲ့ ပတ်သက်ပြီး ထင်မြင်ချက်မပေးလိုသေးပါဘူး၊ ကျနော်တို့ စောင့်ကြည့်ချင်ပါသေးတယ်”ဟု ပြောသည်။

မစ္စတာ ဂန်ဘာရီသည် မြန်မာနိုင်ငံ၏ အမျိုးသားပြန်လည် ရင်ကြားစေ့ရေး၊ ဒီမိုကရေစီနှင့် လူ့အခွင့်အရေးတို့အတွက် ဆွေးနွေးရန် ပြီးခဲ့သည့် ဇူလိုင်လ အတွင်းကလည်း တရုတ်၊ အိန္ဒိယ၊ ဂျပန်၊ ရုရှနှင့် ဥရောပနိုင်ငံ တချို့သို့ သွားရောက်ခဲ့သေးသည်။

ယခု မစ္စတာ ဂန်ဘာရီ၏ ခရီးစဉ်သည် ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း၏ ညွှန်ကြားချက်ဖြင့် ပြီးခဲ့သည့် မေလ နှောင်းပိုင်းက စတင်ခဲ့ခြင်းဖြစ်သည်။

မစ္စတာ ဂန်ဘာရီသည် ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်ရုံး လက်အောက်ခံ နိုင်ငံရေးဆိုင်ရာဌာနမှဖြစ် ပြီး ၂၀၀၆ ခုနှစ် မေလ နှင့် နိုဝင်ဘာလ တွင် မြန်မာနိုင်ငံသို့ ၂ ကြိမ် သွားရောက်ခဲ့သည်။ ယင်းခရီးစဉ်များအတွင်း စစ်အစိုးရ ထိပ်ပိုင်း ခေါင်းဆောင်များအပါအ၀င် နေအိမ်အကျယ်ချုပ်ကျခံနေရသော မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နှင့်ပါ တွေ့ဆုံခဲ့သည်။

No comments: