Thursday, September 13, 2007

kyaw thu under pressure

ပြည်ပမီဒီယာတွေနဲ့ အင်တာဗျူးမလုပ်ဖို့
ရုပ်ရှင်မင်းသားကျော်သူ တားမြစ်ခံရ

ဒီဗွီဘီ စက်တင်ဘာ ၁၃

“- - - - - မြတ်စွာဘုရားမရှိတဲ့အချိန်မှာ ကျနော်တို့က မြတ်စွာဘုရားရဲ့ကိုယ်စား ကိုးကွယ်နေရတယ်၊ ကျနော်တို့ အမိအဘနဲ့တူပါတယ်၊ အဲဒီတော့ သံဃာတွေကို ထိတာဟာ အမိအဘကို ထိတဲ့ သဘော ခံစားရတဲ့အတွက် ကျနော် အဲဒီဟာ ပြောလိုက်တာပါ- - - - -”


ပြည်ပမီဒီယာများရဲ့ မေးမြန်းချက်တွေကို မဖြေကြားဖို့ နိုင်ငံကျော်ရုပ်ရှင်မင်းသား ကျော်သူကို ရုပ်ရှင်အစည်းအရုံးက ဒီနေ့ ခေါ်ယူသတိပေးပါတယ်။ ပြည်ပမီဒီယာတွေနဲ့ ဖြေကြားခဲ့တာတွေကို နေ့ရက်အတိအကျ အကြောင်းအရာအသေးစိတ် အထောက်အထားများကို ဖတ်ပြပြီး နိုင်ငံရေးလှုပ်ရှားမှုမလုပ်ဖို့ ရုပ်ရှင်အစည်းအရုံး တာဝန်ရှိသူများ က သတိပေးပြောကြားတယ်လို့ ရုပ်ရှင်မင်းသားကျော်သူက ပြောပြပါတယ်။

“နိုင်ငံရေးကိစ္စတွေမလုပ်ဖို့ ကျနော့်ကိုခေါ်ပြီး သတိပေးတယ်၊ ကျနော်ကလည်း ပြောလိုက်ပါတယ်။ ကျနော် ဒါ နိုင်ငံရေးလုပ်တာမဟုတ်ပါဘူး၊ လူမှုရေးသက်သက်၊ လူမှုရေးကိစ္စတွေပဲ ကျနော်ပြော တာပါလို့ ကျနော်ပြန်ပြောလိုက်ပါတယ်၊”

ဗဟန်းမြို့နယ် ၀င်္ကပါလမ်းက ရုပ်ရှင်အစည်းအရုံး ရုံးချုပ်မှာ ခေါ်ယူသတိပေးခဲ့တာဖြစ်ကြောင်း၊ သတိပေးသူများကတော့
ဦးမြင့်သိန်းဖေ၊
ဗိုလ်မှူးရဲဝင်း၊
ဦးဝင်းကြည်၊
ဒါရိုက်တာ (၂) ဦးဖြစ်တဲ့ မလိခစိုးထိုက်အောင်နဲ့
မြင့်စိုး(၀သ) တို့ဖြစ်ကြောင်း ပြောပြပါတယ်၊

ပြည်ပမီဒီယာများကို ဆက်လက်မဖြေကြားဖို့ သတိပေးခံရတဲ့အခါ သူဟာ နိုင်ငံရေးလုပ်သူမဟုတ် ပါဘူးလို့ ပြောထားနှင့်ပြီးဖြစ်ကြောင်း ရုပ်ရှင်မင်းသားကျော်သူက ရှင်းပြပါတယ်၊

“နိုင်ငံရေးလည်း ၀ါသနာမပါပါဘူး၊ နိုင်ငံရေးဆိုတာ ဘာမှန်းလည်းမသိပါဘူး၊ ကျနော်က ပြည်သူတွေ ပေးတဲ့ပိုက်ဆံနဲ့ ကျနော် ရုပ်ရှင်မင်းသားအနေနဲ့ သရုပ်ဆောင်နေရတာ၊ အဲဒီတော့ ပြည်သူတွေဝမ်းနည်းတယ်ဆိုရင် ကျနော်လည်းဝမ်းနည်းရပါတယ်၊ ပြည်သူတွေစိတ်ချမ်းသာရင် ကျနော် လည်းဝမ်းသာရတာပေါ့၊ အဲဒီတော့ ပြည်သူနဲ့အတူ ထပ်တူ ပြည်သူ့ရုပ်ရှင်မင်းသား တယောက်အနေနဲ့ ပြည်သူတွေကိုယ်စား ပြောသင့်ရင်လည်း ပြောရမှာပေါ့ဗျာ၊”

သတိပေးတာကို မလိုက်နာရင် ဘာဖြစ်မယ်လို့ ရုပ်ရှင်အစည်းအရုံးက အတိအကျမပြောပေမယ့် “တခုခုဖြစ်သွားရင် မကောင်းဘူး” လို့ အေးအေးဆေးဆေးပြောကြောင်း ကိုကျော်သူက ပြောပြ ပါတယ်၊
မီဒီယာကို ဖြေကြားတာကြောင့် နာမည်ကျော်အနုပညာရှင် ဇာဂနာ(ကိုသူရ) နည်းတူ ရုပ်ရှင်ရိုက် ကူး သရုပ်ဆောင်ခွင့် ပိတ်ပင်ခံရကောင်း ခံရနိုင်တယ်လို့ ကိုကျော်သူက ပြောပါတယ်။

“ကျနော့်ဇာတ်ကားတွေ ရိုက်ခွင့်မပေးတာတွေ ရှိနိုင်တယ်၊ ရုပ်ရှင်နဲ့ပတ်သက်တဲ့ ဟာတွေမှာ ကျနော့်ကို တားမြစ်ပိတ်ပင်တာတွေတော့ ရှိနိုင်တယ်၊” ကိုကျော်သူက နိုင်ငံရေးလုပ်တာမဟုတ်ဘဲ နာရေးကူညီမှုအသင်းမှာ လူမှုရေးအလုပ်အဖြစ် ဆောင်ရွက်နေတာဖြစ်ကြောင်း၊ ရုပ်ရှင်အစည်းအရုံးဟာလည်း အန်ဂျီအိုအဖွဲ့ဖြစ်တာကြောင့် အန်ဂျီအိုအဖွဲ့ အချင်းချင်း ကိုယ်ချင်းစာလိမ့်မယ်လို့ မျှော်လင့်ကြောင်း ပြောပါတယ်။

သံဃာတော်များ အကြမ်းဖက်ခံရတဲ့ကိစ္စနဲ့ပတ်သက်လို့ မီဒီယာများကို ဖြေကြားခဲ့တာဟာလည်း ဘုရား၊ တရား၊ မိဘနဲ့ တဂိုဏ်းတည်းဖြစ်တဲ့ သံဃာတော်များအတွက် ဗုဒ္ဓအနေနဲ့ ဖြေကြားတာဖြစ်တယ်လို့လည်း ရှင်းပြပါတယ်၊

“ကျနော်က ဗုဒ္ဓဘုရားရဲ့ သားတော်တွေဖြစ်တဲ့ သံဃာတော်တွေကို မြတ်စွာဘုရားမရှိတဲ့အချိန်မှာ ကျနော်တို့က မြတ်စွာဘုရားရဲ့ကိုယ်စား ကိုးကွယ်နေရတယ်၊ ကျနော်တို့ အမိအဘနဲ့တူပါတယ်၊ အဲဒီတော့ သံဃာတွေကို ထိတာဟာ အမိအဘကို ထိတဲ့ သဘော ခံစားရတဲ့အတွက် ကျနော် အဲဒီဟာ ပြောလိုက်တာပါလို့ ကျနော်ပြန်ဖြေလိုက်ပါတယ်။”

( http://burmese.dvb.no/textonly/news.php?id=1883 ကနေ ယူတယ်။)


No comments: