Tuesday, July 3, 2007

daughter journal Kyaw passes away

0 comments

ကွယ်လွန်သူ ဆရာမကြီး ခင်လေးမြင့်အတွက် ရက်လည်ဆွမ်းကပ်လှူ
ကိုစိုး | ဧရာဝတီ | ဇူလိုင် ၂၊ ၂၀၀၇

စာရေးဆရာကြီးများဖြစ်သော ဂျာနယ်ကျော် ဦးချစ်မောင်နှင့် ဂျာနယ်ကျော်မမလေး တို့၏ သမီး အသက် ၆၈ နှစ်ရှိ စာရေးဆရာမကြီး ခင်လေးမြင့် (၁၉၃၉ - ၂၀၀၇) သည် ဇွန်လ ၂၆ ရက်နေ့က ရန်ကုန်မြို့တွင် ကွယ်လွန်သွားခဲ့ပြီး ယနေ့တွင် ရက်လည် ဆွမ်းကပ်သည်။

ဆရာမကြီးအတွက် ရက်လည်ဆွမ်းကို ဆရာမကြီး၏ မောင်တဦးဖြစ်သူ ဦးသိန်းတန် (ကွယ်လွန်) ၏သား ဦးသိန်းစိုး (သီဟရတနာ စာပေ) က ဦးစီးပြီး ကပ်လှူခြင်းဖြစ်သည်။

ကျနော်တို့ ထုံးတမ်းစဉ်လာအရ သံဃာတော်တွေကို ရက်လည်ဆွမ်း ကပ်လှူပါတယ်၊ တခြား ထူးထူးခြားခြား အစီအစဉ်တော့ မရှိပါဘူး”ဟု ဦးသိန်းစိုးက ပြောသည်။

ဆရာမကြီးသည် ကျောက်ကပ်၊ ဆီးချိုနှင့် နှလုံးရောဂါများကို ခံစားနေရပြီး ပြီးခဲ့သည့် အင်္ဂါနေ့က ရန်ကုန်မြို့ရှိ အာရှ
တော်ဝင် ဆေးခန်းသို့ ဆေးကုသရန်သွားရောက်စဉ် လမ်းခရီး၌ပင် ကွယ်လွန်သွားခဲ့သည်ဟု ၎င်းက ပြောသည်။

သူ့မှာ သားသမီးကလည်းမရှိဘူး၊ ကျနော်တို့ရဲ့ အဒေါ်အကြီးလည်း ဖြစ်တယ်၊ သူဟာ ကျနော်တို့ရဲ့ အမေတယောက် လိုပါပဲ”ဟု ဦးသိန်းစိုးက အမှတ်တရ ပြောသည်။

စာပေအနုပညာနှင့် ပတ်သက်ပြီး ဂျာနယ်ကျော် မျိုးဆက်သည် တထောင့်တနေရာက တာဝန်ကျေကြသူများဖြစ်သည်ဟု ဆရာမကြီး၏ မင်းသားလေး စာအုပ်အညွှန်းရေးခဲ့သူ ရန်ကုန်မြို့က စာရေးဆရာတဦးကလည်း ပြော သည်။

ဆရာ မိုးဟိန်းက အင်္ဂလိပ်ဘာသာ ကျွမ်းကျင်သူဖြစ်လို့ အင်္ဂလိပ်လို ကဗျာရေးနိုင်တယ်၊ ဆရာမကြီးက ပြင်သစ်ဘာသာ ကျွမ်းကျင်တဲ့အတွက် ပြသစ်စာပေကို မြန်မာဘာသာကို ပြန်ဆိုပေးနိုင်ခဲ့တယ်၊ ဒါကြောင့် ဂျာနယ်ကျော်ရဲ့ မျိုးဆက်အနေနဲ့ တာဝန်ကျေတယ်လို့ မြင်တယ်၊ ဆရာမကြီးက ပြင်သစ်စာပေကနေ တိုက်ရိုက်ပြန်ဆိုပေးတဲ့ အတွက်လည်း ပြင်သစ်စာပေနဲ့ ပတ်သက်ရင် ကျနော်တို့အပေါ်မှာ ကျေးဇူးရှိတယ်”ဟု အထက်ပါ စာရေးဆရာက ပြောသည်။

ဆရာမကြီးမှာ သမီးအကြီးဆုံးဖြစ်ပြီး မွေးချင်း ဦးသိန်းတန် (ကွယ်လွန်) နှင့် စာရေးဆရာ မိုးဟိန်းဟူသော မောင်၂ ဦး ရှိသည်။

ဆရာမကြီးသည် ပြင်သစ်ပြည် ဆိုဘွန်း တက္ကသိုလ်မှ ပြင်သစ်စာပေ ၀ိဇ္ဖာဘွဲ့ကို ဂုဏ်ထူးဖြင့် ဆွတ်ခူးရရှိခဲ့သူတဦး ဖြစ်သည်။

အဆိုပါ ဆိုဘွန်းတက္ကသိုလ်တွင် ပြင်သစ် စာရေးဆရာကြီး စန်တက် ဇူပေရီ၏ ဘ၀ကို ကျမ်းပြုခဲ့ပြီး မြန်မာပြည် ပြန်ရောက်သောအခါ ဆရာကြီး ကျေးဇူးကို အောက်မေ့သောအားဖြင့် ဆရာကြီး၏ မင်းသားလေး (The Little Prince) ၀တ္ထုကို ဘာသာပြန်ဆိုခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

ဆရာမကြီး ခင်လေးမြင့် ရေးသားပြုစုခဲ့သော စာအုပ်များမှာ ပြင်သစ်ဘာသာမှ မင်းသားလေး၊ ၂၀ ရာစု ပြင်သစ် ခေတ်ပေါ် ၀တ္ထုတိုများ၊ အိပ်မက်ဆန်သော ဘ၀ ပြဇာတ်၊ ပြင်သစ် သဒ္ဒါ တို့ကို မြန်မာဘာသာသို့ ပြန်ဆိုခဲ့ပြီး မိခင်ဖြစ်သူ ဂျာနယ်ကျော် မမလေး၏ မုန်း၍မဟူနှင့် သွေးစာအုပ်တို့ကို မြန်မာဘာသာမှ ပြင်သစ်ဘာသာသို့ ပြန်ဆိုခဲ့သည်။ ကွယ်လွန်ချိန်တွင် ဂျာနယ်ကျော်မမလေး၏ ၀တ္ထုတိုများကို ပြန်ဆိုနေဆဲဖြစ်ကြောင်း သိရသည်။


from the PPT blogger

0 comments

HIV activist PPT ( a long feature in irrawaddy org )

0 comments

သတင်းဆောင်းပါး

မဖြူဖြူသင်းကို ကူညီပါ
နိုမီမန်း / ရန်ကုန် | ဇူလိုင် ၃၊ ၂၀၀၇ ခုနှစ်

အချိန်က မနက် ၉ နာရီရှိပြီ။ မဖြူဖြူသင်းက ရန်ကုန်ရှိ သူမနှင့် အခြားသော အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် အဖွဲ့ဝင်များ တည်ထောင်ထားသည့် ကိုယ်ခံအားကျရောဂါ ဝေနာရှင်များအတွက် နောက်ထပ်ကယ်ဆယ်ရေး ရိပ်မြုံတခုကို သွားရောက် ကြည့်တော့မည့် အချိန်လည်းဖြစ်သည်။ ဤအရပ်တွင်ရှိသော အခြားကယ်ဆယ်ကူညီရေး အဖွဲ့များနှင့် မတူညီသောအချက် မှာ သူမတွင် ဖိုးဝီး ပါဂျဲရိုကားမရှိသည့် အတွက်ကြောင့် ဘတ်စ်ကားပေါ်သို့ပင် တိုးဝှေ့တက်ရသည်။ သူမ၏တနေ့တာ အချိန်အများစုသည် လူနာများထားသည့် ကယ်ဆယ်ရေးရိပ်မြုံများနှင့် ဆေးရုံအကြား ပြေးလွှားရင်းဖြင့် လမ်းပေါ်၌သာ အချိန်ကုန်နေရသည်။ တကယ်တော့ လူနာများကို ပြုစုစောင့်ရှောက်ဖို့ အချိန်ပိုရသင့်သည်က အမှန်။

သူတို့က လူနာများအတွက် ရိပ်မြုံအဆောင်ဟု ဆိုသည်။ အမှန်တော့ ကြက်ဝက်များကို လှောင်ထားသည့်ခြံထက် အနည်းငယ်သာ ပိုသည်။ လျှပ်စစ်မီး မရှိ။ ရေပိုက်မရှိ။ နောက်ဆုံး ကုတင်အိပ်ရာများပင်မရှိ။ ပုံမှန်အားဖြင့် လူနာ ၁၅ ယောက်ခန့် ရှိနေတတ်ပြီး ဖျာကြမ်းများပေါ်တွင် ကျောချင်းကပ် အိပ်ကြရ သည်။ စားသောက်ရန်အတွက်ကိုတော့ မီးသွေးဖိုတွင်စုပေါင်း၍ ချက်ပြုတ်စားကြရသည်။ သို့သော်လည်း ပြင်ပက သူတို့ဝယ်စား ရန်မတတ်နိုင်သော အစားအသောက်များကို ချက်ပြုတ်၍ လာလှူကြသည့်အခါများလည်း မြိန်မြိန်စားရတတ်သည်။

မဖြူဖြူသင်းက ဆေးရုံမှသူယူလာသည့် ဆေးဝေပေးသည်။ သူမ အလုပ်က ဤမျှမက။ ဆေးဝေပေးနေသည့်အချိန်၌ လူနာများကို နှစ်သိမ့်အားပေးရသည်။ သူတို့၏ ကျဆင်းနေသော စိတ်အင်အား ကို မြှင့်တင်ပေးရသည်။ ဝေးလံသော ကျေးလက်ရှိ မိသားစုကို ချန်ထားရစ်ခဲ့ရသူများအတွက် အိမ်အလွမ်းဝေဒနာကို ကုစားပေး ရသည်။ ထိုသူများကလည်း သူတို့ဒေသများတွင် ဆက်လက်နေထိုင်ပါက ကျန်းမာရေးစောင့်ရှောက်မှု မရနိုင်သောကြောင့် ဤနေရာသို့ ခိုလှုံလာရခြင်းလည်း ဖြစ်သည်။

သူမ၏ အသံကနူးညံ့သော်လည်း သြဇာပေးနိုင်သည့် အရိပ်သဲ့သဲ့ လွှမ်းနေသည်။ ဤအသံက ယုံကြည်မှုကိုပေးနိုင်သလို နှစ်သိမ့်အားပေးနိုင်သည့် မေတ္တာဓာတ်လည်းပါသည်။ လူနာများက သူတို့ထိုင်နေကြရာ ဖျာများမှ ရွှေ့လာ၍ သူမအနားတွင် လာရောက်စုရုံးကြသည်။ ပုံပြောသူအနား ၀ိုင်းလာသည့် ကလေးများသဖွယ်။ ဤသည်က သူမ၏ နိစ္စဓူဝ အလုပ်ဖြစ်သည်။ သူမကိုယ်တိုင်အတွက် အပန်းဖြေအနားယူချိန်ပင်မရှိ။ နောက်ဆုံး သူမနေထိုင်ရာ အိမ်သည်ပင် ခိုလှုံရာစခန်းဂေဟာ ဖြစ်နေပြီ။

မဖြူဖြူသင်းက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) တွင် ယခုတိုင် တက်ကြွစွာ ပါဝင်လှုပ်ရှားနေသေးသူ တဦးလည်းဖြစ်သည်။ ၁၉၈၈ ခုနှစ် လူထုအုံကြွမှုကတည်းက ပါဝင်လှုပ်ရှားလာခဲ့သူလည်း ဖြစ်သည်။ အခြားတက်ကြွ လှုပ်ရှားသူများကဲ့သို့ပင် သူမလည်း အာဏာပိုင်များလက်တွင် အကျဉ်းချခံခဲ့ရသည်။ နှိပ်စက်ညှဉ်းပန်း ခံခဲ့ရဖူးသည်။

၂၀၀၀ ခုနှစ် စက်တင်ဘာလတွင် ရန်ကုန်ဘူတာကြီးရှေ့၌ ဒေါ်အောင်ဆန်းစုကြည်၏ခရီးစဉ်ကို လိုက်ပို့နှုတ်ဆက်ရန် စောင့်ဆိုင်းနေကြသော ပါတီအဖွဲ့ဝင်များအထဲတွင် သူမလည်း တဦးအပါအ၀င် ဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်လာခါစ အထက်မြန်မာပြည် ခရီးထွက်ရန် ကြိုးပမ်းစဉ်ကာလလည်း ဖြစ်သည်။ ထိုစဉ် လုံခြုံရေးအထူးရဲများက ၀င်ရောက်လာပြီး ဤလူအုပ်ကို ဖြိုခွဲသည်။ လူများကို ဖမ်းဆီးကာ မျက်နှာဖုံးစွပ်၍ ကားငယ်များဖြင့် တင်ခေါ်သွားသည်။ နောက်တော့ နာမည်ဆိုးဖြင့် ကျော်ကြားသော အင်းစိန်အကျဉ်းထောင်တွင်းသို့ ပို့၍ ထောင်သွင်းအကျဉ်းချသည်။ သူမလည်း ဤသို့ထောင်ချခံရသူများတွင် တဦးအပါအ၀င်။

ကျမနဲ့ အတူအခြား အမျိုးသမီး ၂ ယောက်လည်း ရှိနေတယ်” မဖြူဖြူသင်းက ဤအဖြစ်အပျက်ကို ပြန်ပြောင်းပြောပြသည်။ “၃ ရက်လောက် ကျမတို့ကို သီးခြားခွဲပြီး ချုပ်ထားတယ်။ ချုပ်ထားတဲ့အခန်းက ပြူတင်းပေါက်မရှိတဲ့ အခန်းကျဉ်းမျိုး။ ဘာအလင်းရောင်မှ မရှိဘူး။ ဒီတော့ ကျမတို့လည်း နေ့လား၊ ညလား ကွဲကွဲပြားပြား မသိနိုင်ဘူး။ အိမ်သာလည်း အခန်း ထဲမှာ မရှိဘူး။ ကျမတို့လည်း ကိုယ့်အညစ်အကြေးတွေကြားထဲမှာ ဒီလိုပဲလှဲနေရတာပဲ။ တခါတခါ ကြိုတင်သတိပေး တာမျိုးမရှိဘဲ ခေါ်ထုတ်ပြီး စစ်ကြောရေး လုပ်သေးတယ်”။

နောက်ဆုံး အာဏာပိုင်များက ခုံရုံးတခုကို ဖြစ်ကတတ်ဆန်းစီစဉ်၍ သူမတို့ကို ထောင်ချခဲ့သည်။ ပြစ်ဒဏ်က ရက်ကာလ အကန့်အသတ်မရှိ။ ထိုအချိန်က သူမက အခြားအမျိုးသမီးများနှင့်အတူ အခန်းတခုတွင် နေရသည်။ “ကျမတို့ ဒီလိုပဲ ကိုယ်လက် ကျန်းမာရေး လေ့ကျင့်ခန်းတွေလုပ်ပြီး အသက်ရှင်နိုင်အောင် ကြိုးပမ်းရတယ်။ ဘုရားစာတွေ ဆိုတယ်။ အဲဒီအကြောင်း ဆွေးနွေးကြတယ်။ အိုင်စီအာစီ (အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီအဖွဲ့) က ထောင်တွေကို လာလည်မယ် ဆိုတဲ့ ကောလာဟလကြားတော့ ကျမတို့မျှော်လင့်ချက်တွေ ပြန်တက်လာတယ်။ ဒီတခုပဲ ပြင်ပကမ္ဘာနဲ့ ကျမတို့ပြန်ဆက်ဆံ နိုင်မယ့် အခွင့်အရေးရှိတယ်။ ဒါပေမယ့် လက်တွေ့ ဖြစ်မလာခဲ့ဘူး”။ နောက်ဆုံး လေးလနှင့် လေးရက်ကြာ အချုပ်ခံရပြီး နောက် သူမ ပြန်လွတ်လာခဲ့သည်။

ထိုအချိန်မှစ၍ သူမ၏ ခံယူချက်က ပိုခိုင်မာလာခဲ့သည်။ အခြား အန်အယ်လ်ဒီအဖွဲ့ဝင်များ ခံယူထားကြသလို ဆယ်စုနှစ်တခု ကျော်ကြာလာသည့်အခြေအနေတွင် တိုင်းပြည်၏ လူမှုရေးပြဿနာများက ပိုကြီးထွားလာသည်။ အကျပ်အတည်းက ပိုပြင်းထန်လာသည်။ ဤအခြေအနေတွင် ဤလူမှုရေး ကပ်ဒုက္ခကြောင့် ဒုက္ခခံစားနေရသူများကို ကူညီပေးရန် သူတို့ ဆုံးဖြတ်မိကြသည်။

၁၉၉၀ ခုနှစ် ကာလများက စစ်အစိုးရက တိုင်းပြည်အတွင်း ကိုယ်ခံအားကျရောဂါ (အိပ်ခ်ျအိုင်ဗွီ) နှင့် ပတ်သက်၍ ပြဿနာ ရှိနေသည်ဟု ၀န်မခံလိုသေး။ ဘူးခံနေသည်။ ဤပြဿနာ၏ အရေးတကြီး ကြီးထွားလာနေပုံကိုလည်း မျက်စိမှိတ်ထား သည်။ ၁၉၉၃ ခုနှစ် မတိုင်မီကာလအထိ ကွန်ဒုံးအစွပ် ဆောင်ထားရန်ဆိုသည်မှာ တရားမ၀င်သော ကိစ္စဖြစ်သည်။ မကြာ သေးမီကာလအထိ ကွန်ဒုံးအစွပ်ဆောင်ထားသူကို တွေ့ပါက ပြည့်တန်ဆာဟု ယူဆနေတတ်ကြသေးသည်။

မြန်မာစစ်ဗိုလ်ချုပ်များက မကြာခဏဆိုသလို ပြောလေ့ရှိသည်။ “မြန်မာပြည်သူတို့သည် လက်မထပ်ခင် လိင်မကျူးလွန်ကြ၊ အိမ်ထောင်ပြင်ပ လိင်မှုများကိုလည်း ရှောင်ရှားကြသည်”ဟု စွဲစွဲမြဲမြဲ ပြောနေဆဲပင် ဖြစ်သည်။ ရောဂါကူးစက်ခံရသူ များလာ သည်နှင့်အမျှ နောက်ဆုံးသူတို့ကိုယ်တိုင် ပြန်စဉ်းစားလာကြရသည်။ ရန်ကုန်တွင် ဤကိစ္စကိုဆောင်ရွက်ရန်အတွက် နိုင်ငံ ရပ်ခြား အစိုးရမဟုတ်သောအဖွဲ့ (အန်ဂျီအို) များကိုလည်း ရုံးဖွင့်လှုပ်ရှားခွင့် ပြုလာခဲ့ရသည်။ တချို့ သော အစီရင်ခံစာ များက ဖော်ပြကြသည်မှာ နောက်ဆုံး တိုင်းပြည်ကိုအုပ်ချုပ်နေသော ထိပ်ပိုင်းပုဂ္ဂိုလ်များ၏ မိသားစုဝင်များအတွင်း၌ ရောဂါကူးစက်ပြန့်ပွားလာပြီးနောက်ပိုင်းမှ ခွင့်ပြုလာခဲ့ခြင်း ဖြစ်သည်ဟုလည်း ဆိုကြသည်။

အန်အယ်လ်ဒီအဖွဲ့ဝင်များက သူတို့ကိုယ်ပိုင် အိပ်ခ်ျအိုင်ဗွီဝေဒနာရှင်များကို စောင့်ရှောက်ပေးမည့် ကြိုတင်ကာကွယ်ရေး အတွက် ပညာပေးမည့်နေရာကလေးကို ၂၀၀၂ ခုနှစ်တွင် စတင်ထူထောင်လာခဲ့သည်။ ကုလသမဂ္ဂက ပေးသော ၃ ပတ် သင်တန်းပြီးနောက် စတင်ထူထောင်ခဲ့ခြင်း ဖြစ်သည်။ ရှားရှားပါးပါး ဤတကြိမ်သာသူတို့ သင်တန်းရခဲ့ဖူးခြင်းလည်း ဖြစ်သည်။

ယခုတော့ ရွှေဂုံတိုင်ရှိ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရုံးကလည်း ဂိတ်တံခါးဝက ဆေးကွာမွဲခြောက်၍ သမံတလင်းအခင်း များကလည်း သံညှိတက်သလို စွန်းထင်းနီကျန် ဖြစ်နေခဲ့ပြီ။ ရွေးကောက်တင်မြှောက်ခံထားရသော နိုင်ငံရေးပါတီတခု၏
ဌာနချုပ်ရုံးနှင့်မတူ။ ကားဂိုဒေါင်တခုနှင့်သာ ပိုတူနေတော့သည်။ မှောင်မှိုင်း ညစ်ထေးနေသော အတွင်းပိုင်းတွင်တော့ အိုဟောင်းနေသော ပရိဘောဂပစ္စည်းများသာရှိသည်။ ကွန်ပြူတာဆို၍ မရှိဘူးထင်သည်။ မမြင်ရ။

နံရံတဘက်တွင်တော့ ဒေါ်အောင်ဆန်းစုကြည်၏ဆေးရောင်စုံရုပ်ပုံကားချပ်ကို ချိတ်ထားသည်။ ပုံကများစွာငယ်ရွယ်နုပျိုပြီး ခွန်အားအပြည့်ကာလမျိုးအသွင် ဆောင်နေသည်။ ၂၀၀၃ ခုနှစ်တွင် စာရေးသူကိုယ်တိုင်တွေ့၍လက်ဆွဲနှုတ်ဆက်ရစဉ် အသွင်နှင့်များစွာကွာခြားခဲ့ပြီ။ မိမိတွေ့စဉ်ကတော့ဒေါ်အောင်ဆန်းစုကြည်ကပိုပိန်သွားပြီးနွမ်းလျပင်ပန်းနေပုံလည်းရသည်။ မိမိ ခဏတာတွေ့ခွင့်ရခဲ့သည့်အချိန်ကတော့ ဒီပဲယင်းလုပ်ကြံမှုကြီး မဖြစ်ခင်ကလေးတွင်ဖြစ်သည်။ နောက်ပိုင်း များမကြာမီ တွင်ပင် ဒေါ်စုပြန်အဖမ်းခံရသည်။ သို့သော်လည်း ဤဌာနချုပ်သည်တခါတရံတွင်တော့ပျားပန်းခတ်လူများဖြင့် စည်ကား လှုပ်ရှားနေတတ်ပြန်သည်။ ထိုအချိန်မျိုးတွင်ဤလူအုပ်ကြားထဲ၌ မဖြူဖြူသင်းကိုရှာတွေ့နိုင်ရန်ပင်ခက်နေတတ်သည်။

ရုံး၏ ကိုယ်ခံအားကျရောဂါ (အိပ်ခ်ျအိုင်ဗွီ/အေအိုင်ဒီအက်စ်)ဌာနက ဘီရိုတလုံးနှင့် ယိုင်နဲ့နေသောစားပွဲတလုံးသာရှိသည်။ ဤနေရာတွင်ပင် ကျနော်တို့ထိုင်၍စကားပြောကြရသည်။ ဤသို့သော ချို့တဲ့စွာရုန်းကန်လှုပ်ရှားနေကြရသည့် အခြေအနေ အောက်၌ပင် အိပ်ခ်ျအိုင်ဗွီ/အေအိုင်ဒီအက်စ် ဝေဒနာရှင်များကိုကူညီပေးနိုင်ရန် နေ့စဉ်စည်းရုံးလှုပ်ရှားနေကြ ရပုံကို မှန်းဆ ကြည့်ရန်ပင် ခက်လှသည်။ မြန်မာနိုင်ငံတလွှားမှလူနာများကိုကူညီပေးနိုင်ရေးအတွက် ဤရုံးက လှုပ်ရှားဆောင်ရွက်နေ ကြရသည်။

လူအများစုအတွက် ဤအန်အယ်လ်ဒီရုံးကိုသာ မျှော်လင့်အားထားရန် ရှိသည်။ ရန်ကုန်ပြင်ပတွင် လူအများအတွက် ကျန်းမာရေးစောင့်ရှောက်မှု ဆိုသည်မှာလည်း မဖြစ်စလောက်။ နိုင်ငံတကာ အဖွဲ့အစည်းများကလည်း နည်းပါးလွန်းပြီး
ဝေးကွာလွန်းလှသည်။ မိသားစုဝင်များနှင့် မိတ်ဆွေများကလည်း ကိုယ်ခံအားကျဝေဒနာရှင်ဆိုလျှင် ကူညီလက်ကမ်းရေး ထက် ကြောက်ရွံ့၍ နောက်ဆုတ်လက်တွန့်သွားတတ်သည်။ မဖြူဖြူသင်းက ရှင်းပြသည်မှာ အခက်ခဲဆုံးသူမ ကြုံနေရသည့် ပြဿနာမှာ စာမတတ်သော အသိပညာနည်းသည့် လူအများစု လူထုကြီးကို ဤရောဂါ၏အဖြစ်မှန်နှင့် ပတ်သက်၍ စည်းရုံးပညာပေးနေရခြင်းပင် ဖြစ်သည်။

အန်အယ်လ်ဒီက စေတနာ့ဝန်ထမ်းအဖြစ်ဆောင်ရွက်ပေးနေသော ကိုယ်ခံအားကျရောဂါကာကွယ်ကုသပေးရေး အစီအစဉ် တွင် လူများကို သွေးစစ်ပေးခြင်းနှင့် ရောဂါသိပြီးသောသူများအား ဗိုင်းရပ်စ်ကို ကုသပေးသည့်ဆေး (Antiretroviral treatment) အခမဲ့ ဖြန့်ဝေပေးခြင်းတို့ ပါသည်။ သူတို့က ရန်ကုန်ရှိ လှိုင်သာယာ၊ အင်းစိန်၊ သာကေတ မြို့နယ်များတွင် နယ်စည်းမခြားဆရာဝန်များအဖွဲ့ (Medicins sans Frontieres) မှ ဖွင့်လှစ်ပေးထားသော ဆေးခန်း () ခုမှ သွားယူလာ၍ ပြန်ပေးရခြင်း ဖြစ်သည်။ ဤမြို့နယ် ၃ ခုသည် ရန်ကုန်မြို့၏ အဆင်းရဲဆုံးသောရပ်ကွက်များဖြစ်ပြီး၊ သွေးစစ်ခံသူ ၁၀ ဦး၌ ၇ ဦးတွင် ပိုးရှိကြောင်း တွေ့နေရသော နေရာများလည်း ဖြစ်သည်။ ကျနော် မဖြူဖြူသင်းနှင့်တွေ့ဆုံ စဉ်က သူမကပျမ်းမျှ တနေ့လျှင် လူနာ ၁၀ ဦးခန့် အနည်းဆုံးလက်ခံတွေ့နေရသည်။

သူမဆောင်ရွက်နေသည့် လုပ်ငန်းများတွင် စစ်အစိုးရတလျှောက်လုံး အငြိုအငြင်များပေးနေခဲ့သည်။ အခက်အခဲမျိုးစုံကြုံ ရသည်။ သူမက တခုခုလုပ်မည်ကြံတိုင်း စစ်အစိုးရက ဖျက်ဆီးပစ်ဖို့၊ တားဆီးဖို့ လုပ်နေသည်။ အန်အယ်လ်ဒီပါတီက လူသားချင်းစာနာ၍ ကူညီစောင့်ရှောက်ပေးသောလုပ်ငန်းများ ကြံရွယ်လုပ်ဆောင်ချက်မှန်သမျှကို စစ်အစိုးရက လိုက်လံ ပိတ်ဆို့နေခဲ့သည်။ ရန်ပုံငွေ လက်ခံမည်ဆိုလျှင်လည်း တရားမ၀င်ဟု ဆိုသည်။ အခြား အကူအညီပေးရေးအဖွဲ့များနှင့် ဆက်သွယ် ဆောင်ရွက်ခွင့်မပြု။ စစ်အစိုးရက သွေးခွဲအုပ်ချုပ်ရေးဗျူဟာကိုလည်း ကျင့်သုံးလိုက်သေးသည်။ အကယ်၍ အကူအညီပေးရေးအဖွဲ့များက စစ်အစိုးရနှင့် “နားလည်မှုစာချွန်လွှာ” ကို လက်မှတ်ရေးထိုးစဉ်ကပင် အတိုက်အခံ ဒီမို ကရေစီအဖွဲ့အစည်းများနှင့် လက်တွဲအလုပ်လုပ်မည် မဟုတ်ကြောင်း အတင်းအကျပ်သဘောတူ လက်မှတ်ရေးထိုးစေ သည်။ အကယ်၍ မလိုက်နာပါက ၎င်းတို့၏အဖွဲ့ လုပ်ငန်းများ မြန်မာနိုင်ငံမှ ရပ်ဆိုင်း နှင်ထုတ်ခံရလိမ့်မည် ဖြစ်သည်။

ဤ “နားလည်မှုစာချွန်လွှာ”ကြောင့် နှစ်ဘက်စလုံးတွင် မယုံသင်္ကာမှုများတိုးလာစေသည်။ အချို့သောအဖွဲ့များက အန်အယ်လ်ဒီကို လုပ်ဆောင်နိုင်စွမ်းမရှိ။ အရည်အချင်းမရှိဟု စွပ်စွဲသည်။ သူတို့ရရှိစုဆောင်းလိုသောဆေးများမှာ များ သောအားဖြင့်စနစ်တကျမသုံးပါကဆိုးကျိုးအာနိသင်ရှိကြောင်းလည်း ပြောသည်။ သို့သော် အန်အယ်လ်ဒီ၏ တက်ကြွ လှုပ်ရှားသည့်လူငယ်ပိုင်းကမူ ဤအကူအညီပေးရေးအဖွဲ့များကိုဖြုန်းတီးနေသည်၊ ခြစားနေသည်ဟု စွပ်စွဲကြ သည်။ သူတို့ က ကွန်ဒုံးအစွပ်ကိစ္စဥပမာပေးကြသည်။ သက်သာဈေးနှုန်းဖြင့်ရောင်းချဖြန့်ဖြူးပေးရမည့်အစား ဈေးကြီးကြီး ဖြင့် ရောင်းနေ ကြသည်။ အမြတ်အစွန်းငွေများကလည်း မသမာသူဝန်ထမ်းများ၏ အိပ်ထဲထည့်နေကြသည်ဟု ပြောကြ သည်။

ပို၍ စိုးရိမ်ဖွယ်ကောင်းသောကိစ္စမှာ အပြောနှင့် ကတိမညီသောကိစ္စများဖြစ်သည်။ သူတို့က မြန်မာနိုင်ငံတွင် အိပ်ခ်ျအိုင်ဗွီ ဝေဒနာရှင်များကို အခမဲ့ကုသပေးနေသည့် အကြီးဆုံးအဖွဲ့ MSF Holland အဖွဲ့ကို စွပ်စွဲကြရာတွင် ဤအဖွဲ့က လုပ်ငန်းများ ပြန်လျှော့ချနေသည်ဟု ဆိုကြသည်။ မဖြူဖြူသင်းက ပြောပြရာတွင် ၂၀၀၇ ခုနှစ် ခရစ္စမတ်ကာလမှစ၍ MSF ဆေးခန်းများ သို့ သူတို့က ညွှန်း၍လွှတ်ပေးလိုက်သော လူနာ ၁၀ ဦးသည် နောက်ဆုံးကုသမှု မရရှိကြဘဲ သေဆုံးခဲ့ကြရကြောင်း ပြောပြ သည်။ ဤသို့ မကုသပေးဘဲ ငြင်းဆိုမှုအတွက် အခြားအကြောင်းပြချက်များလည်း မရှိခဲ့ပါ။

ဤသို့သော သတင်းများနှင့် ငြင်းဆိုမှုများကြောင့် တိုင်းပြည်အတွင်းလုပ်ငန်းများဆောင်ရွက်နေကြသော အန်အယ်လ်ဒီနှင့် အကူအညီပေးရေးအဖွဲ့များ အကြား အကွဲအပြဲက ပိုကြီးမားလာနေသည်။ ဤအခြေအနေကိုလည်း စစ်အစိုးရက လိုလား နေပုံရသည်။ ဤသို့ ဖြစ်ရသည်မှာလည်း စစ်အစိုးရက အန်ဂျီအိုများကို လွတ်လပ်စွာလုပ်ကိုင်ဆောင်ရွက်ခွင့် မပြုသော ကြောင့် ဖြစ်ရသလို၊ လူမှုရေးကူညီမှုများတွင် အန်အယ်လ်ဒီအခန်းကဏ္ဍကိုလည်း စစ်အစိုးရက ခွင့်မပြုလို၊ ဖယ်ကျဉ်ထား လိုသည်။ မည်သို့ပင် ဖြစ်စေ အန်အယ်လ်ဒီပါတီတွင် မြို့နယ်များ၌ ရုံးများ၊ ဆက်သွယ်ရေးကွန်ရက်များ ရှိနေပြီး ထိုသူများ ကလည်း ဒေသဆိုင်ရာလိုအပ်ချက်ကို အလျင်အမြန်တုံ့ပြန် ဆောင်ရွက်ပေးနိုင်သူများ ဖြစ်ကြသည်။ ထိုထက်ပို၍ ဆိုရလျှင် ရွေးကောက်တင်မြှောက်ခံထားရသော အစိုးရဖြစ်ရမည့်သူများဖြစ်ပြီး ကျန်းမာရေးပြုစုစောင့်ရှောက်ပေးမှု အတွက် လုပ်ပိုင် ခွင့်ရှိနေသူများလည်း ဖြစ်သည်။

မဖြူဖြူသင်းက စာရေးသူကို MSF ၏ ဆေးခန်းတခုသို့ ခေါ်သွားခဲ့သည်။ ဆေးခန်းက ၀ါးတဲငယ်တလုံးဖြစ်ပြီး ချောင်ကျ လွန်းလှသည့် မထင်မရှားနေရာတွင် ရှိနေသည်။ ဆေးခန်းကြမ်းခင်းအောက်၌ ၀က်များက သွားလာတူးဆွနေကြပြီး ဆေး ခန်းတွင်းတွင်လည်း မခံမရပ်နိုင်အောင် ပူလောင်လွန်းလှသည်။ ရှေ့တွင်တန်းစီနေသော လူတန်းရှည်ကို မြင်ရသည်။ လူက ၁၀ ယောက်ကျော်ခန့် ရှိမည် တချို့က ပိန်ချုံးနေပြီး မိသားစုဝင်များကို မှီတွဲထားရသည်။ တိုင်များတွင် ခို၍လှဲနေရ သည်။ ဆရာဝန်နှင့် တွေ့ရန် စောင့်ဆိုင်းနေကြသည်။ အမိုးတွင် ချိတ်ဆွဲထားသော အပြာရောင်ပလတ်စတစ်စတခုသာ မိမိတို့ အပါအ၀င် လူနာများအတွက် နေခိုဖို့အရိပ်ရှိသည်။ ပုံရိပ်အားလုံးက စိတ္တဇဆာရီယယ် ပန်းချီကားတချပ်ပမာ။ ဤမြင်ကွင်း ကပင် မြန်မာနိုင်ငံ၏ အိပ်ခ်ျအိုင်ဗွီ/အေအိုင်ဒီအက်စ် တိုက်ဖျက်ရေး ရှေ့တန်းစစ်မျက်နှာ ဖြစ်နေတော့သည်။

အန်အယ်လ်ဒီနှင့် ပူးပေါင်းလုပ်ဆောင်နေကြသော အိပ်ခ်ျအိုင်ဗွီ/အေအိုင်ဒီအက်စ်အရေး လှုပ်ရှားနေသူများကို ပုံမှန်ဆို သလို လျှို့ဝှက်ထောက်လှမ်းရေးများကလည်း တကောက်ကောက်လိုက်နေလေ့ ရှိသည်။ မဖြူဖြူသင်းက ပြောပြသည်မှာ မကြာသေးမီက ဖမ်းဆီးခံရသော လှုပ်ရှားသူများသည်၊ အသေခံဗုံးခွဲတိုက်ခိုက်ရန်အတွက် အကြမ်းဖက်အစုငယ်အဖြစ် လေ့ကျင့်ပေးရန် စုထားသည်ဟူသော စွပ်စွဲချက်ဖြင့် ဖမ်းဆီးခံခဲ့ရခြင်း ဖြစ်သည်။ ယမန်နှစ်က အနီရောင်ဖဲကြိုးဆင်ထား သော လှုပ်ရှားသူများလည်း အဖမ်းခံခဲ့ရသေးသည်။ အကြောင်းက သူတို့မှာ မကြာသေးမီက သေဆုံးခဲ့ရသောသူတို့၏ မိတ်ဆွေတဦးအတွက် အမှတ်တရ ငြိမ်းချမ်းစွာစုဝေးဆုတောင်းခဲ့ကြခြင်းသာ ဖြစ်သည်။ ဖမ်းဆီးရန်လာသော အရာရှိက ပြောသည်မှာ သူတို့ဆင်ထားသော အနီရောင်ဖဲကြိုးများမှာ မူစလင်ဘာသာဝင်များ၏ ရှောစောင်နှင့်တူပြီး သောင်းကျန်းသူ များ၏ အထိမ်းအမှတ်သင်္ကေတဖြစ်သည်ဟုလည်း ပြောခဲ့သေးသည်။ ဤသို့ဖမ်းဆီး ရန်လာခဲ့သော ရဲများကပင် တိတ် တဆိတ် အန်အယ်လ်ဒီအဖွဲ့ဝင်များထံ ချဉ်းကပ်လာ၍ သူတို့တွင်ကိုယ်ခံ အားကျရောဂါ စွဲကပ်နေမည့် အရေးကို စိုးရိမ်ပြီး လာတိုင်ပင်ခဲ့ကြပြန်သေးသည်။ မခက်ပါလား။

နိုင်ငံရပ်ခြား အစိုးရများကလည်း အန်အယ်လ်ဒီနှင့် ဆက်ဆံရမည့်အရေးကို ကြိုးတန်းလမ်းလျှောက်သလို မြင်ကြသည်။ တဘက်တွင် သူတို့က အတိုက်အခံပါတီ၏ ထောက်ခံမှုကို ရလိုကြပြီး သူတို့ထောက်ပံ့ပေးမည့် အစီအစဉ်များအတွက် တရားဝင်မှု ပိုရအောင်၊ ပိုအားကောင်းအောင် ပြုလိုကြသည်။ တဘက်တွင်လည်း တချို့သောသံတမန်များက တက်ကြွ လှုပ်ရှားသူများ၏ နောက်ကွယ်နိုင်ငံရေးရည်ရွယ်ချက်ကို စိုးရိမ်နေကြပြီး လူသားချင်းစာနာကူညီသည့်လုပ်ငန်းများကို အခြေခံ၍ နိုင်ငံရေးအသွင် ပြောင်းပစ်မည်ကို စိုးရိမ်ကြပြန်သည်။

အန်အယ်လ်ဒီနှင့် ပြည်ပ အခြေစိုက် ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုးသားညွန့်ပေါင်းအစိုးရ (အန်စီဂျီယူဘီ) တို့က နိုင်ငံ ရပ်ခြားအကူအညီများနှင့် ပတ်သက်၍ သူတို့၏ ရပ်တည်ချက်ကို ရှင်းရှင်းလင်းလင်း ထုတ်ဖော်ထားကြပြီး ဖြစ်သည်။ သူတို့က ဆိုရာတွင် နိုင်ငံတကာအဖွဲ့အစည်းများအနေဖြင့် ရွေးချယ်တင်မြှောက်ခံထားရသော အန်အယ်လ်ဒီ ပါတီနှင့် သော်လည်းကောင်း၊ တိုင်းရင်းသား လူနည်းစုများနှင့်သော်လည်းကောင်း နီးနီးကပ်ကပ်ပူးပေါင်းဆောင်ရွက်ရန်၊ တိုင်ပင် အကြံရယူရန် ၀တ္တရားတာဝန်ရှိသည်ဟု ဆိုသည်။

ကံဆိုးခဲ့လေသော ဂလိုဘယ်ဖန်းဒ်အဖွဲ့ကပြောရာတွင် သူတို့ရန်ပုံငွေကိစ္စများနှင့် ပတ်သက်၍ အန်အယ်လ်ဒီကို ပြောရေး ဆိုခွင့် အထူးပေးထားသည်ဟု ဆိုသည်။ ဤအတွက်ကြောင့်လည်း သူတို့၏တက်ကြွလှုပ်ရှားသူ များကို အနီးကပ်လေ့ လာစောင့်ကြည့်ခွင့် ပြုထားခဲ့သည်ဟုလည်း ဆိုပါသည်။ ဗြိတိန်နိုင်ငံ၏ နိုင်ငံတကာဖွံ့ဖြိုးရေးဌာန (the Department for International Development) ၏ ၂၀၀၄ ခုနှစ် မြန်မာနိုင်ငံ အစီအစဉ်များတွင် “အစီအစဉ်များနှင့် စီမံချက်များသည် ဖြစ်နိုင်သမျှ လူထုအခြေပြု အရပ်ဘက်လူမှုအဖွဲ့အစည်းများနှင့် ဒီမိုကရေစီ အဖွဲ့အစည်းများသို့ ရှင်းလင်း ပြခြင်း၊ စောင့် ကြည့် ခွင့်ပေးခြင်း၊ လုပ်ဆောင်ခြင်း၊ ပြန်လည်သုံးသပ်ခြင်းများကို အကြံရယူ ဆောင်ရွက်သင့်သည်။ ဤအဖွဲ့ အစည်း များတွင် အန်အယ်လ်ဒီလည်း အပါအ၀င်ဖြစ်သည်” ဟု ရှင်းလင်းစွာရေးသား ဖော်ပြထားခဲ့ပါသည်။ အန်အယ်လ်ဒီပါတီ ဘက်မှ ဆောင်ရွက်နိုင်သော အရေးအကြီးဆုံး လုပ်ငန်းတာဝန်တခု ရှိပါသည်။ ၎င်းမှာ ဤတန်ဖိုးရှိလှ သောရန်ပုံငွေများကို အစိုးရကဖွဲ့ထားပေးသည့်လူမှုရေးအဖွဲ့များလက်သို့ မှားယွင်း မကျရောက်သွားစေရေး ဖြစ်ပါသည်။

မည်သို့ပင် ဖြစ်စေ မဖြူဖြူသင်းအတွက်တော့ အထောက်အပံ့များနှင့် ဆိုင်သော အရှုပ်အထွေးနိုင်ငံရေးကိစ္စများကို ခေါင်း ထဲထည့်ထားရန်အချိန်အနည်းငယ်သာ ရှိပါသည်။ “အခြေအနေတွေက ပိုပိုဆိုးလာနေတယ်”ဟု သူက ပြောသည်။ “ကျမမှာ တလတလကို ဆေးကုဖို့ အရေးတကြီးလိုနေတဲ့ ရောဂါရှင်သစ် ၄၀-၅၀ လောက်တွေ့နေရတယ်။ သူတို့က ရန်ကုန်မှာနေ တာတောင်မှ ဆေးကုဖို့ ဘယ်နေရာမှာမှ ရနိုင်တာမဟုတ်ဘူး။ လူအများက ပညာပေးရေးအပိုင်းမှာချည်းပဲ စိတ်သန်နေ ကြတယ်။ ဆေးကုသဖို့ အပိုင်းမှာကျတော့ မလုံလောက်ဘူး။ ကျမထင်တာကတော့ ဆေးကုသဖို့ကိစ္စက အရင် လာသင့် တယ်ထင်တယ်”ဟု သူ၏အမြင်ကိုပါ ထုတ်ပြောလာသည်။

မြန်မာနိုင်ငံတွင် ကိုယ်ခံအားကျရောဂါခံစားနေရသူ ဝေဒနာရှင်ပေါင်း ၆၀,၀၀၀ ခန့် ရှိနေသည်ဟု ခန့်မှန်းကြပါသည်။ မဖြူဖြူသင်းကစိတ်ပူသည်မှာ ရောဂါကူးစက်ခံနေရသူများ ရန်ကုန်သို့ရွှေ့ပြောင်းနေထိုင်ကြပြီး ဆေးကုသမှုရရန် ကြိုးပမ်း လာကြမည်ဆိုပါက ထိုသူများအရေအတွက် အဆမတန်များလာနိုင်ပါသည်။ ထိုစဉ် သူမနှင့် လုပ်ဖော်ကိုင်ဖက် ကိုရဲက ကြားဖြတ်၍ ၀င်ပြောပါသည်။ “လက်ထပ်တာတွေ ပိုများလာတယ်”။ စာရေးသူက ဘာကိုဆိုလိုမှန်း မသိသော ကြောင့် ပြန်ကြည့်လိုက်သည်။ “ MSF ရဲ့ အစီအစဉ်အောက်မှာက လက်ထပ်ထားတဲ့စုံတွဲဆိုရင် အလားတူ အခမဲ့ဆေးကု သခွင့် ရှိတယ်လို့ ဆိုတယ်။ အခုတော့ လူတိုင်းက လက်ထပ်ကုန်ကြပြီ။” မည်သို့ ဆက်ဖြစ်ကြဦးမည်နည်း၊ မသိတတ်တော့ …။

Naomi Mann ရေးသားသော A Brave and Caring Woman Now Also Needs Help ကို ဆီလျော်အောင် ပြန်ဆို ဖော်ပြပါသည်။

PPThin is willing to cooperate on HIV/Aids ( irrawaddy org )

0 comments

အိပ်ခ်ျအိုင်ဗီ တိုက်ဖျက်ရေးလုပ်ငန်းများကို ပူးပေါင်းဆောင်ရွက်ရန် အသင့်ရှိကြောင်း မဖြူဖြူသင်းပြော
ဧရာဝတီ | ဇူလိုင် ၃၊ ၂၀၀၇

အန်အယ်လ်ဒီပါတီ၏ ကိုယ်ခံအားကျဆင်းမှုရောဂါ ကာကွယ်တိုက်ဖျက်ရေးလုပ်ငန်းများကို ဦးဆောင် လုပ်ကိုင်နေသည့် မဖြူဖြူသင်း ပြန်လည်လွတ်မြောက်လာပြီးနောက် အိပ်ခ်ျအိုင်ဗီရောဂါ တိုက်ဖျက်ရေး လုပ်ငန်းများကို အာဏာပိုင်အပါအ၀င် မည်သည့်အဖွဲ့အစည်းနှင့်မဆို ပူးပေါင်းဆောင်ရွက်ရန် အသင့်ရှိကြောင်း ဧရာဝတီကို ပြောဆိုလိုက်သည်။

ဖြူဖြူသင်း
ဓာတ်ပုံ - AFP

မဖြူဖြူသင်းက “ဒီလုပ်ငန်းတွေကို သူတို့က (အာဏာပိုင်က) မလုပ်လို့ ရပ်နေလို့ မရပါဘူး။ သေဆုံးသွားတာတိုင်းသူပြည်သားတွေပါ။ ဒါကြောင့်မို့ ဖြစ်နိုင်ရင် ဘယ်သူ လုပ်တယ်၊ မလုပ်ဘူးဆိုတာ ခဏထားပြီးတော့ ဘယ်သူနဲ့ဖြစ်ဖြစ်၊ အာဏာပိုင်တွေပဲ ဖြစ်ဖြစ် အားလုံးနဲ့ပူးပေါင်းလုပ်ဆောင်ဖို့ အဆင်သင့် ရှိပါတယ်”ဟု ပြောသည်။

အိပ်ခ်ျအိုင်ဗီ ရောဂါနှင့်ပတ်သက်၍ မြန်မာပြည်၌ သေဆုံးနှုန်းနှင့် ရောဂါဖြစ်ပွားနှုန်း များပြားနေသည်ကို တွေ့ရကြောင်းနှင့် အာဏာပိုင်တို့တွင် အဓိက တာဝန်ရှိကြောင်း လည်း ပြောသည်။

မဖြူဖြူသင်းသည် ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေး လှုပ်ရှားမှုကို ဦးဆောင်ခဲ့သောကြောင့် မေလ ၂၁ ရက်နေ့ ညက အာဏာပိုင်တို့၏ ဖမ်းဆီးခြင်းကိုခံခဲ့ရပြီး ယမန်နေ့ညက ပြန်လည် လွတ်မြောက် ခဲ့သည်။

အာဏာပိုင်တို့က မဖြူဖြူသင်းအား ရန်ကုန်မြို့ရှိ ကျိုက္ကဆံစစ်ကြောရေးစခန်းတွင် ဖမ်းဆီးချုပ်နှောင်ထားခဲ့သည်။ ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရစဉ်က အိပ်ခ်ျအိုင်ဗီ လုပ်ငန်းများကိုလည်း စစ်ဆေးမေးမြန်းသည်ဟု မဖြူဖြူသင်းက ပြောသည်။

ကျမတို့လုပ်နေတဲ့ အိပ်ခ်ျအိုင်ဗီလုပ်ငန်းတွေကို ဘာမှလျှို့ဝှက်ထားစရာ အကြောင်းမရှိဘူး။ အားလုံးလဲ သိပြီးသားပဲ။ သူတို့သာ (အာဏာပိုင်) မသိတာ။ အဲဒါတွေကို သူတို့သိအောင်ရှင်းပြပေးလိုက်တယ်။ အဲဒီ လုပ်ငန်းတွေကိုလဲ တိုးချဲ့လုပ်ဖို့ အစီအစဉ်ရှိတယ်”ဟု မဖြူဖြူသင်းက ပြောသည်။

မဖြူဖြူသင်းသည် သူမအဖမ်းခံရပြီး တလပြည့်သည့်နေ့တွင် ဖမ်းဆီးထားခြင်းနှင့် ပတ်သက်၍ အာဏာပိုင်တို့က ဘာကြောင့်ဖမ်းသည်ကို တစုံတရာပြောဆိုခြင်းမရှိသောကြောင့် ၇ ရက်ကြာအောင် အစာငတ်ခံ ဆန္ဒပြခဲ့သည်ဟုလည်း ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေးလှုပ်ရှားမှုကို လုပ်ဆောင်သောကြောင့် အာဏာပိုင် တို့က အန်အယ်လ်ဒီ လူငယ်အဖွဲ့ဝင် မစုစုနွေးနှင့် မဖြူဖြူသင်းအပါအ၀င် ၅၀ ကျော်ကို ဖမ်းဆီးခဲ့ပြီး ယခုအခါ ပြန်လည် လွတ်မြောက်လာပြီဖြစ်ကြောင်း စုံစမ်းသိရှိရသည်။

PhyuPhyuThin on HitTaing dot org

0 comments

မဖြူဖြူသင်း လွတ်ပြီ

ဇူလိုင် ၂။ HT

အေအက်ဖ်ပီ

အဖမ်းမခံရမီက အိပ်ခ်ျအိုင်ဗီ ဝေဒနာရှင်များနှင့်အတူ တွေ့ရသော မဖြူဖြူသင်း

မေလ ၀တ်ပြုဆုတောင်းပွဲများအတွင်း ဖမ်းဆီးခံခဲ့ရသော မဖြူဖြူသင်းကို ယနေ့ည ၉ နာရီခန့်က ပြန်လွှတ်ပေးလိုက်သည်။

မေလ ၂၁ ရက်နေ့က ဖမ်းဆီးခံရပြီးနောက် ရန်ကုန် စစ်ကြောရေးစခန်းတခုတွင် တလကျော် နေပြီး လွတ်မြောက်လာသော မဖြူဖြူသင်းသည် ၂၀၀၂ခုနှစ်ကတည်းက အိပ်ခ်ျအိုင်ဗီ ဝေဒနာရှင်များကို ကူညီစောင့်ရှောက်ပေးနေသော စေတနာရှင် တဦးလည်း ဖြစ်သည်။ ဝေဒနာရှင်များအား နှစ်သိမ့်အကြံပေး ဆွေးနွေးခြင်း၊ ဆေးခန်းများသို့ ပို့ဆောင်ပေးခြင်း၊ နယ်မှ လာရသော ဝေဒနာရှင် များအတွက် နေရာထိုင်ခင်း စီစဉ်ပေးခြင်းများ တာဝန်ယူ ဆောင်ရွက်ပေးနေသူ ဖြစ်သည်။

`ကျမ ကျန်းမာပါတယ်။ ကျမလူနာတွေနဲ့ နက်ဖြန်တွေ့မယ်´ဟု အဖမ်းခံရစဉ်အတွင်း အစာငတ်ခံ ဆန္ဒပြခဲ့သူ မဖြူဖြူသင်းက ပြောကြားသည်။ သို့သော် ဇွန် ၁၉ ရက်မှ စတင်၍ တပတ်ခန့်ကြာ အစာငတ်ခံ ဆန္ဒပြပြီးနောက် အားပြတ်ကျန်ခဲ့ကြောင်း သိရသည်။

`ကျမတို့ကို စွဲချက်မရှိဘဲ ဘာကြောင့် ဖမ်းထားတာလဲ အသိပေးဖို့ တောင်းဆိုတဲ့အနေနဲ့ အစာငတ်ခံ ဆန္ဒပြတာပါ။ ကျမတို့ကို ဖမ်းတဲ့ အကြောင်းရင်းနဲ့ ကျမတို့ဟာ ဥပဒေကိုချိုးဖောက်သလားဆိုတာကို ပြောဖို့ တောင်းဆိုတာပါ´ဟု မဖြူဖြူသင်းက အေပီသတင်းဌာနကို ပြောကြားသည်။ `နိုင်ငံတကာ အသိုင်းအ၀ိုင်း အပါအ၀င် အားလုံးက အားထုတ်မှုတွေ၊ ဖိအားပေးမှုတွေက အဖမ်းခံရသူတွေအတွက် အမြဲတမ်း အရေးပါပါတယ်´ဟုလည်း ဆက်လက် ပြောဆိုသည်။

ယခင်အပတ်က အမေရိကန် နိုင်ငံခြားရေးဌာနက မဖြူဖြူသင်းအတွက် စိုးရိမ်ပူပန်မိကြောင်း ပြောကြားခဲ့သည်။