Wednesday, July 18, 2007

Archeology Dept sues Weekly Eleven ( the news story you should read )


Weekly Eleven ကို ရှေးဟောင်းသုတေသနက တရားစွဲ

ကိုသက် / ဧရာဝတီ ဇူလိုင် ၁၈၊ ၂၀၀၇


ကမ္ဘာလှည့်ခရီးသည်များအားဆွဲဆောင်သည့်အနေဖြင့် ပုဂံဘုရားများပေါ်တွင် ညစာစားပွဲ Temple Dinner များ ကျင်းပ နေသည့်သတင်းကို Weekly Eleven ဂျာနယ်တွင် ဖော်ပြခဲ့သဖြင့် ယဉ်ကျေးမှုဝန်ကြီးဌာနလက်အောက်ခံ ရှေးဟောင်း သုတေသနဦးစီးဌာနက ဂျာနယ်အား တရားစွဲဆိုထားသည်ဟု
တာဝန်ခံအယ်ဒီတာ ဦးဝေဖြိုးက အတည်ပြုပြောဆိုသည်။

ဓာတ်ပုံ - Weekly Eleven Journal၂၀၀၆ ခုနှစ် ဒီဇင်ဘာလထုတ် Weekly Eleven ဂျာနယ် အတွဲ ၂၊ အမှတ် ၁၁ တွင် ပါရှိသည့် သတင်းထောက် ကိုနော်၏ “ပုဂံ ရှေးဟောင်းယဉ်ကျေးမှု နယ်မြေတွင်းရှိ ဂူဘုရားများပေါ်တွင် Temple Dinner ကျင်းပခြင်းသည် အဂါရ၀ပြုမှုများဖြစ်၍ ဒေသခံများ စိုးရိမ်” ဟူသည့်ခေါင်းစဉ်ဖြင့် ဖော်ပြခဲ့ သည့်သတင်းကြောင့် တရားစွဲခံရခြင်း ဖြစ်သည်ဟု ဦးဝေဖြိုးကပြောသည်။

၎င်းသတင်းတွင် “ပြာသာဒ်ကြီးတို့၊ ဓမ္မရံကြီးတို့မှာ နိုင်ငံခြားသားတွေကို Temple Dinner ဆိုပြီး ခရီးသွား လုပ်ငန်းတချို့က ဆွဲဆောင်မှုတရပ် အနေနဲ့ လုပ်ကိုင်နေကြပါတယ်။ အရက်သေစာမပါဘူးဆိုပေမယ့် ၀ိုင်အဆင့်လောက်တော့ ပါကြတာပါပဲ။ နိုင်ငံခြားသားတွေမှာ အထူးသဖြင့် အနောက်နိုင်ငံသားတွေအတွက် Dinner ဆိုတာ တနေ့တာလုံးအတွက် အဓိကစားသောက် အပန်းဖြေပွဲမျိုးပါ။ ယဉ်ကျေးမှုနယ်မြေဖြစ်ပြီးတော့ စေတီပုထိုးတွေပေါ် ဖူးမြော်ဖို့ တက်တာတောင် ၀တ်စားဆင်ယင်မှုတွေ ကန့်သတ်ထားသေးတာကို ဘုရားပေါ်မှာ ညစာစားပွဲ ကျင်းပတာကတော့ ရေရှည်မှာ နိုင်ငံအတွက်ရော၊ ဒေသအတွက်ပါ ဘယ်လိုမှ အဆင်မပြေပါဘူး” ဟုဒေသခံတဦးကပြောဆိုထားကြောင်းကို ဖော်ပြထားသည်။

ဦးဝေဖြိုးက “ဒီသတင်းက မှန်ကန်မှုရှိတဲ့ သတင်းတခုပါ။ ဒီသတင်းကိုတာဝန်ယူပါတယ်။ နောက်တခုက ကျနော်တို့ ဘယ်သူတဦးတယောက်ကိုမှ ထိခိုက်နစ်နာစေလိုတဲ့ ရည်ရွယ်ချက်နဲ့ရေးတာမဟုတ်ပါဘူး။ ကောင်းမွန်တဲ့ရည်ရွယ်ချက်နဲ့ပဲ ရေးသားထားတာပါ” ဟု ဧရာဝတီကိုပြောသည်။
၎င်းအပြင် ထိုသတင်းမဖော်ပြမီ် ပြန်ကြားရေးဌာနက သတ်မှတ်ထားသည့် မူဝါဒများနှင့်အညီ စာပေစိစစ်ရေးတွင် တရားဝင် ခွင့်ပြုချက်ယူပြီးမှ ၎င်းတို့၏ဂျာနယ်တွင် ထည့်သွင်းဖော်ပြခြင်း ဖြစ်သည်ဟုလည်း ပြောသည်။

Weekly Eleven ဂျာနယ်ကို တရားစွဲဆိုခြင်းနှင့်ပတ်သက်၍ နေပြည်တော်ရှိ ရှေးဟောင်းသုတေသနဦးစီးဌာနကို ဧရာဝတီက စုံစမ်းရာ ရန်ကုန်ရုံးခွဲက တရားစွဲဆိုခြင်းဖြစ်သည်ဟု ပြောဆိုသည်။ ရန်ကုန်ရှိ ရှေးဟောင်းသုတေသန ဦးစီးဌာနကိုမူ အဆက်အသွယ်မရရှိသေးပေ။
အမှုကို ရန်ကုန်တိုင်း တာမွေမြို့နယ်တရားရုံး၌ ဇူလိုင်လ ၃၀ ရက်နေ့တွင် အမှုရင်ဆိုင်ကြရမည်ဖြစ်ကြောင်း စုံစမ်းသိရှိ ရသည်။

No comments: