(ဧရာဝတီစာပြောင်)
ချင်းမိုင်ရုက္ခစိုးနှင့် ထွေရာလေးပါး (အပိုင်း - ၁၇၉)
ရန်ကုန်သားတာတေ ဇူလိုင် ၁၈၊ ၂၀၀၇
ဒွိုင်ဆူထေ့တောင်ခြေလမ်းပေါ်မှာ ဖွတ်ချက်ဖွတ်ချက်ဖြင့် ခပ်စုတ်စုတ်ဆိုင်ကယ်တဦး တအိအိမောင်းနှင်လာ၏။ ဆိုင်ကယ်သံက ၀ပ်ထောင့်ငါးရာ ဆောင်းဘောက်စ်ကို အသံကုန်တင်ထားသကဲ့သို့ ကျယ်လောင်လှသော်လည်း စက်ဘီးတအုပ်က ၎င်းအားကျော်တက်သွားသည်။
လှိုင်းကြီးလှေအောက်၊ တောင်ကြီးဖ၀ါးအောက်ဆိုသလို နောက်ဆုံးတော့ ကိုရွှေကြွက်စုတ်၏ မဟာဆိုင်ကယ်စုတ် သည်လည်း လိုရာခရီးပန်းတိုင်သို့ရောက်ပြီ။ ညောင်ပင်နှင့် မလှမ်းမကမ်းတွင် ဆိုင်ကယ်ကို ထိုးရပ်၊ စက်သပ်လိုက်၏။ အင်ဂျင်သံက ချက်ချင်းရပ်မသွား …
ရုက္ခစိုး။ ။ ဘယ်လိုလဲကြွက်စုတ်ရာ မော်တော်ဆိုင်ကယ်အခွင့်အရေး လေ့လာစောင့်ကြည့်ရေးအဖွဲ့ကသာရှိရင် ဆိုင်ကယ်အခွင့်အရေးချိုးဖောက်သူများရီပို့မှာ မင်းနာမည်ထိပ်ဆုံးကပါမှာသေချာတယ်။ တယောက်တည်းလားကွ … မင်းရောင်းရင်းကြီး မပါဘူးလား။ ညီလာခံမှာ သတင်းသွားယူနေပြီထင်တယ်။ သတင်းယူဖို့ဗီဇာထုတ်ပေးတဲ့ထဲမှာ သူတို့လဲပါတယ်လို့ကြားတယ်။
ကြွက်စုတ်က မင်းသားကြီး ဦးကျော်ဟိန်းလေဖြင့် …
ကြွက်စုတ်။ ။ တယောက်တည်းလားမေးတော့ ကိုယ်တယောက်တည်းပါ …။ ဦးရုက္ခစိုးတနေတဲ့ ဖိုးရှုပ် မကြာမီ ရောက်လာပါလိမ့်မယ်ဗျား။ ချင်းမိုင်တက္ကသိုလ်ထဲမှာ ပြေးရင်းလွှားရင်း ဗိုက်ကျအောင် လေ့ကျင့်ခန်း လုပ်နေလေရဲ့။
ရုက္ခစိုး။ ။ စားတုန်းကမတရား ၀ါးထားစားထားပြီး အခုတော့ ၀ိတ်ချဖို့သတိရပြီပေါ့လေ။ ဒါတောင် အားကစား လုပ်တယ်လို့ မထင်ပေါင် …။ တက္ကသိုလ်ကျောင်းသူလေးတွေ ငန်းချင်လို့ အားကစားလုပ်ချင်ယောင် ဆောင်နေတာဖြစ်မှာ။
ကြွက်စုတ်။ ။ ဖြစ်နိုင်တယ်ဗျ။ သူတို့လိုသတင်းထောက်ဆိုတာ သတင်းရဖို့အတွက် ရုပ်တွေဘာတွေဖျက်ပြီး လုပ်ကြတာ ဆိုတော့ ဖိုးရှုပ်လဲ ငန်းချင်လို့လုပ်တာဖြစ်မယ်။
ရုက္ခစိုးကြီးနှင့် ကြွက်စုတ်တို့ အတင်းတုတ်နေသည်မှာ ၎င်းတို့အနားသို့ ဖိုးရှုပ်ရောက်လာသည်ကိုပင် သတိမထားမိကြ။ ဖိုးရှုပ်က သက်သေခံပစ္စည်းများနှင့်အတူဖမ်းမိလိုက်သည့် ရဲအရာရှိအိုက်တင်ဖြင့် …
ဖိုးရှုပ်။ ။ ဟေး … လူတွေလောက်သာ ကွယ်ရာမှာအတင်းပြောတတ်တယ်လို့ထင်ထားတာ လက်စသတ်တော့ ရုက္ခစိုးလဲ လူလိုပါပဲလားဗျ … ဟားဟား။ လူတွေက အိမ်နဲ့နေတယ်၊ ရုက္ခစိုးက သစ်ပင်မှာနေတာပဲကွာတယ်။
ရုက္ခစိုး။ ။ ငါတို့ကလည်း အနောက်မှာမင်းရောက်နေမှန်းမသိလို့ ပြောမိတာပါကွာ။ ဘယ်လိုလဲကွ သတက်လုံး မပြီးတော့ဘူးလို့မှန်းထားတဲ့ ညီလာခံကြီးပြီးတော့မယ်ဆို။ ဘာကြားသေးလဲကွ။
ကြွက်စုတ်။ ။ ကျနော်ကြားတာတော့ အဲဒီညီလာခံကြီးဆက်လုပ်ဖို့ ဘတ်ဂျက်မရှိတော့လို့ အမြန်ဆုံး ပြီးလိုက်ရတာတဲ့ဗျ။ ညီလာခံလာတက်တဲ့ကိုယ်စားလှယ်တွေကလဲ အစားအသောက်ကြီးတဲ့အပြင် အိမ်ပြန်တော့လဲ မိသားစုအတွက် ပါဆယ် စွဲကြတာဆိုတော့ ညီလာခံစရိတ်ကကြီးတယ်။ တနှစ်၊ နှစ်နှစ်ဆိုရင် အကြောင်းမဟုတ်ဘူး နှစ်ပေါင်းများစွာဆိုတော့ ပေါတာကြီးက ညီလာခံနောက်နှစ်ထပ်ကူးရင် ဘတ်ဂျက် ချမပေးတော့ဘူးဆိုလို့ မပြီးချင်ပြီးချင်နဲ့ ပြီးလိုက်ရတာဗျ။
ရုက္ခစိုး။ ။ ဒီနေ့လုပ်တဲ့ ညီလာခံဖွင့်ပွဲမှာ ကိုသိန်းစိန်တို့ ကိုကျော်ဆန်းတို့က ဘာတွေမှာစား … အဲ မှာကြားသွား သေးလဲကွ။
ဖိုးရှုပ်။ ။ သူတို့ချမှတ်ထားတဲ့လမ်းစဉ်တွေကိုမလိုက်နာတဲ့ ညီလာခံကိုယ်စားလှယ်တွေကို ဖမ်းချုပ်ပြီး ဒဏ်ငွေရိုက်မယ်လို့ ခြိမ်းခြောက်တာဗျ။ နောက်ထပ်ညီလာခံတွေထပ်လုပ်ရင်လဲ ဘယ်တော့မှမဖိတ်တော့ဘူးလို့ ပြောတယ်တဲ့ဗျ။
ရုက္ခစိုး။ ။ ဒီနေ့ညီလာခံသွားကြတဲ့ ရန်ကုန်ကသတင်းထောက်တွေကို ကိုကျော်ဆန်းက ဘာတွေ ရွှီးလိုက်သေးလဲ။
ဖိုးရှုပ်။ ။ သတင်းထောက်တွေက ညီလာခံပြီးရင်ဘာလုပ်မလဲဆိုတော့ ရုပ်ရှင်မင်းသားလုပ်မယ်လို့ မှားဖြေသေးတယ်။ နောက်မှရူးချင်ယောင်ဆောင်ပြီး ဆန္ဒခံယူပွဲနဲ့ ရွေးကောက်ပွဲကို ညီလာခံလို မကြာစေရဘူးလို့ ပြောတယ်။ အန်အယ်လ်ဒီကို မဖိတ်တာ နေရာထိုင်ခင်းအခက်အခဲကြောင့်ပါတဲ့ … နောက်လုပ်မယ့် အမျိုးသမီး ညီလာခံကျရင် ဒီထက်ကျယ်တဲ့ခန်းမမှာ လုပ်ဖို့ ပေါတာကြီးကို တင်ပြထားတယ်လို့တောင်ပြောသေးတာ။
ဖိုးရှုပ်ရှင်းပြသည့် နိုင်ငံ့ခေါင်းဆောင်နှစ်ဦး၏ ပြောဆိုချက်များကိုနားထောင်နေသော ဦးရုက္ခစိုးမှာ ရယ်ရလွန်းလို့ နှပ်တွေပါထွက်လာကာ …
ရုက္ခစိုး။ ။ ကောင်းလိုက်တဲ့ မိန့်ခွန်းတွေပါပဲ မောင်ဖိုးရှုပ်ရယ်။ ဒင်းတို့ပြောစကားများဆိုပြီး စာအုပ်ထုတ်ရောင်းလို့ ကတော့ အတော်ရောင်းကောင်းမှာပဲ။ ဒါနဲ့ ကိုသိန်းစိန်ပြောတဲ့ ပြင်ဆင်စရာရှိတာတွေပြင်မယ် ဆိုတာကကောကွာ။
ကြွက်စုတ်။ ။ အဲဒါကတော့ဗျာ အရင်သူတို့ရေးခဲ့သားခဲ့တုန်းက သတ်ပုံမှားတာတို့ဘာတို့ကို ပြောတာဗျ။
ရုက္ခစိုး။ ။ အဲဒါလဲဟုတ်တာပဲကွ။ ဒါနဲ့ ညီလာခံကြောင့်လား မနက်ဖြန်အာဇာနည်နေ့မို့လားမသိဘူး၊ ရန်ကုန်မှာ လုံခြုံရေးအတော်တင်းကြပ်ထားတယ်ဆို။
ကြွက်စုတ်။ ။ ဟုတ်တယ်ဗျ။ ရှစ်မိုင်လမ်းစုံဘက်မှာ မနေ့ကတည်းက ကားတွေကိုစစ်တာဆေးတာတွေ လုပ်နေတယ်။ နောက်ပြီး ပညာရေးဒုဝန်ကြီးက ဖောက်ခွဲရေးသမားတွေရောက်နေတယ် သတိထားပါလို့ မိန်းကလေးကျောင်းတွေမှာ လိုက်ပြောနေတယ်ဗျ။ ဒီဝန်ကြီးက အားနွဲ့တဲ့မိန်းကလေးတွေ ဘေးတွေ့မှာတော့ အတော်စိုးရိမ်ပုံရတယ်။
ဖိုးရှုပ်။ ။ ကျောင်းတွေ၊ ပညာရေးတွေဆိုလို့ အခုရန်ကုန်မှာ ထူးဆန်းတဲ့ အင်္ဂလိပ်စာသင်တန်းတခု အသစ်ဖွင့်ထားတာ သိပြီးကြပြီလား။
အထူးအဆန်းဆို အမြဲစပ်စုလေ့ရှိသော ရုက္ခစိုးကြီးက ဖိုးရှုပ်စကားကြောင့် …
ရုက္ခစိုး။ ။ ပြောစမ်းပါဦးကွ …
ဖိုးရှုပ်။ ။ အခုနောက်တက်တဲ့ ရုပ်ရှင်အစည်းအရုံးက ဗဟိုကော်မတီအသစ်တွေအတွက် ရုပ်ရှင်အစည်းအရုံးမှာ အင်္ဂလိပ်စာသင်တန်း ဖွင့်လိုက်ပြီတဲ့ဗျ။
ကြွက်စုတ်။ ။ သူတို့က အစည်းအရုံးအလုပ်မလုပ်ဘဲ နိုင်ငံခြားမှာ အလုပ်သွားလုပ်ကြမလို့လား။
ရုက္ခစိုး။ ။ ဘယ်ကဟုတ်ရမှာလဲ၊ သူတို့ဗဟိုကော်မတီတဖွဲ့လုံး ဟောလိဝုဒ်မှာ ရုပ်ရှင်သွားရိုက်မှာမို့ ဖြစ်မှာပေါ့ကွ။ နပါ့ ကြွက်စုတ်ရာ။
ဖိုးရှုပ်။ ။ တခုမှမဟုတ်ဘူးဗျ။ ပြန်ကြားရေးဝန်ကြီးက ဗဟိုကော်မတီအဟောင်းတွေတုန်းက နိုင်ငံခြားမှာ ရုပ်ရှင်ပွဲတော် တွေ ၂ ခါ၊ ၃ ခါ လုပ်နိုင်ခဲ့လို့ ချီးမွမ်းခန်းဖွင့်တော့ ဗဟိုကော်မတီအသစ်တွေလဲ နိုင်ငံခြား အဆက်အသွယ်ကောင်းအောင် အင်္ဂလိပ်စာသင်ဖို့ တယောက်ကအကြံပေးတာနဲ့ လုပ်ဖြစ်သွားတာဗျ။
ရုက္ခစိုး။ ။ အဆက်အသွယ်ကောင်းချင်ရင်လဲ ဆက်သွယ်ရေးတာဝန်ခံတယောက် သတ်သတ်မှတ်မှတ်ထားပြီး လုပ်ရင်ရပါတယ်ကွာ။ စာသင်တာတော့ ကောင်းပါတယ်။ ဒါပေမယ့် သူတို့လုပ်ပုံက တမျိုးကြီးပါလား။
ဖိုးရှုပ်။ ။ ဆက်သွယ်ရေးတာဝန်ခံထားတယ်ဗျ။ ဒါပေမယ့်သူကလဲ အီးမေးလ်မသုံးတတ်၊ ကွန်ပျူတာ မသုံးတတ်ဆိုတော့ အခက်တွေ့နေမှာပေါ့။ ဒါတောင် တယောက်က၀င်ပြောသေးတယ်၊ သူ့ဆီမှာ အီးမေးလ်တော့ မရှိဘူး၊ ဂျီမေးလ်ပဲ ရှိတယ်တဲ့ … ဟဲဟဲ။
ရုက္ခစိုးကြီးက ယူကျုံးမရဖြစ်သည့်လေသံဖြင့် …
ရှုက္ခစိုး။ ။ တို့ဆီကလူတွေလဲ သူများနိုင်ငံတွေနဲ့ယှဉ်ရင် အမြဲတမ်းနောက်မှာကျန်နေတော့တာပဲကွာ။ အဲဒါတွေ ပြောကြပြန်တော့လဲ နောက်ဆုံးကျတော့ ဒီဘူတာပဲ ဆိုက်ဦးမှာပဲ။ အုပ်ချုပ်သူတွေရဲ့ စည်းစနစ်မရှိမှုတွေကိုဘဲ ဝေဖန်ကြရဦးမှာပါပဲကွာ။ အခုပဲကြည့်လေ လမ်းပြမြေပုံ ၇ ချက်ရဲ့ ပထမတချက်က ၁၄ နှစ်ကြာအောင်လုပ်ခဲ့ပြီး မလှိမ့်တပတ်နဲ့ ညီလာခံကြီးပြီးတော့မယ်ပြောတယ်။
ဦးရုက္ခစိုး၏စကားကြောင့် ဖိုးရှုပ်နှင့် ကြွက်စုတ်တို့က …
ကြွက်စုတ်+ဖိုးရှုပ်။ ။ ဟုတ်ပါတယ်ခင်ဗျ။ အခုပြီးတာက ပထမတချက်ပဲရှိသေးတာဆိုတော့ နောက်ထပ် ၆ ချက်အတွက် နောက်ထပ် ၈၄ နှစ်ကြာအောင် စောင့်ကြရဦးမယ်ခင်ဗျ။ ။
No comments:
Post a Comment