Sunday, July 15, 2007

Hanthawaddy, old newspaper in Burma

ပြည်သူတို့၏ စကားပြန် “ဟံသာဝတီ”
မန်းကျော်သူ

ကြာတော့လည်း ကြာခဲ့ပါပြီ။ သို့သော်လည်း ယနေ့ထက်တိုင် ကျွန်တော် မမေ့နိုင်သေး။ သေသောသူ ကြာရင်မေ့ ဆိုပေမယ့်လည်း သည်တနေ့ကိုတော့ အမှတ်ရနေဆဲ။ ရင်ထဲမှာ နှမြောတသနေဆဲ၊ လွမ်းနေဆဲပင်။ ထိုနေ့ကား ၁၉၇၈ ခုနှစ်၊ ဇွန်လ (၃၀) ရက်နေ့။ ပြည်သူ့စကားပြန် “ဟံသာဝတီ” သတင်းစာ ကျွန်တော်တို့ စာဖတ်ပရိသတ်ကို မမျှော်လင့်ဘဲ ထာဝရစွန့်ခွာဖို့ နှုတ်ဆက်သွားသော နေ့ပင်တည်း။

မှတ်မှတ်ရရ ထိုနေ့ နံနက်ခင်းက ကျွန်တော်တို့တသိုက် ၀ိုင်းနေကျ တရုတ်တန်းထိပ် လဖက်ရည် ဆိုင်မှာ ထိုင်နေခဲ့ကြသည်။ စောစောစီးစီး ဟံသာဝတီသတင်းစာရောက်လာတော့ ကျွန်တော်တို့ အထဲမှ ၀ါသနာအိုးတယောက်က ကာတွန်းဖတ်ဖို့ အပြေးအလွှားယူကြည့်လိုက်သည်။ ဟံသာ ၀တီကာတွန်းကလည်း ကာတွန်းဆိုမှ ကာတွန်း။ ဦးဦးဖျားဖျား ကြည့်လိုက်ရရင်ပင် ပိုပြီး အရသာ ရှိသလိုလို။ ထိုသတင်းစာ ကျောဖုံးမှာတော့ “ဟံသာဝတီသတင်းစာကို ၁၉၇၈ ခုနှစ်၊ ဇူလိုင်လ (၁) ရက်၊ (ယနေ့) တွင် ပုံနှိပ်ထုတ်ဝေဖြန့်ချိမှု ရပ်ဆိုင်းလိုက်ပြီဖြစ်ပါကြောင်း” သတင်းပါလာသည်။


တဆိုင်လုံးပွက်လောရိုက်သွားသည်။ အတော်အံ့အားသင့်သွားကြသည်။ များစွာ နှမြောတသ စိတ်မကောင်းခြင်း ဖြစ်ကုန်ကြသည်။ ပြီးခဲ့သည့် စနေနေ့ကပင် “စနေစာပေ၀ိုင်း” ကို ကျွန်တော် တက်ခဲ့သေးသည်။ သည်ကိစ္စ တခွန်းတစပင် မကြားခဲ့။


နောင် ဒိုင်းသံမစဲခင် ပြည်သူ့ရှေ့မှောက်ရောက်စေရမည်ဟူသော ကြွေးကျော်သံဖြင့် ၁၉၆၉ ခုနှစ်၊ အောက်တိုဘာလက စတင်ထွက်ပေါ်လာခဲ့သော မန္တလေးသား “ဟံသာဝတီ”။ စက္ကူက သိပ်မဖြူလှ။ ပုံနှိပ်စက်ကလည်း ခေတ်နောက်ကျတတ။ အခြား နောင်တော် အော့ဖ်ဆက်သတင်းစာများနှင့် ယှဉ်လျှင် ဓာတ်ပုံတွေကလည်း မှိန်ပျပျဖြင့် ထွက်လာခဲ့သော ဟံသာဝတီ။


သို့စေကာမူ ပြည်သူ့ဘ၀ထဲ နက်နက်ရှိုင်းရှိုင်း ၀င်ရောက်၊ အဖြစ်အပျက်မှန် ခေတ်၏ သရုပ်သကန် များကို ခွဲခြမ်းစိတ်ဖြာလေ့လာ၊ ဗြဟ္မစိုရ်တရားများ ထွန်းကားလာရေးကို ရှေ့ရှု၊ အမှန်တရားကို လက်ကိုင်ပြု၊ ပြည်သူလူထုဘက်က သတ္တိရှိရှိ၊ မားမားမတ်မတ် ရပ်တည်၊ အရှိကို အရှိအတိုင်း ရဲရဲဝံ့ဝံ့၊ တိတိကျကျ ထိထိမိမိ ရေးသားတင်ပြလာသည့် “ဟံသာဝတီ”။ ထိုအရည်အချင်းကောင်း များကြောင့် အတော်သြဇာကြီးမားသည့် ပြည်သူလူထုအာဘော်ဖြစ်လာသော “ဟံသာဝတီ” ။ (၁၀) နှစ်ပြည့်လုနီးကာမှ ပျောက်ကွယ်ရတော့မှာပကော။
ဟံသာဝတီအကြောင်းကို ကျွန်တော်တို့တသိုက် ပြန်လည်တသနေလာခဲ့ကြသည်။ ဟံသာဝတီ စာမျက်နှာပေါ်မှ ဆရာတော် ရွှေကိုင်းသား၊ လူထုဦးလှ၊ လူထုဒေါ်အမာ၊ ဆန်းထွန်း(မန်းတက္ကသိုလ်)၊ မြကေတု၊ ရွှေဥဒေါင်း၊ မြမျိုးလွင်၊ ဒေါက်တာသန်းထွန်း၊ သိန်းဖေမြင့်၊ တက်တိုး၊ မောင်မဲ၊ ငွေဥဒေါင်း စသည့် စာပေပညာရှင်ကြီးများ၏ ဆောင်းပါးများအကြောင်း။ ကိုလေး (အင်းဝဂုဏ်ရည်)၊ မောင် သစ်လွင် (လူထု)၊ ကျော်မင်းကျော်၊ မောင်ချစ်ဖွယ် စသည့် စသည်တို့၏ ဆောင်းပါးများ။ တည်တည် တံ့တံ့၊ ခံ့ခံ့ထည်ထည်၊ စကားပရိယာယ် ကြွယ်ကြွယ်ဖြင့် ပြောရဲဆိုရဲရှိလှသည့် အယ်ဒီတာ့အာ ဘော်များ။ နှင်းဦး၊ ကံချွန်၊ ဘိုမောင်၊ တွတ်တွတ်၊ကိုလေး စသူတို့၏ ကာတွန်းများအကြောင်း။


သည့်နောက်တော့ စနေစာပေ၀ိုင်း။ ဟံသာဝတီသတင်းစာတိုက်ရှိ “ဘိုးဝဇီရ” ခန်းမတွင် အယ်ဒီ တာချုပ် ဆရာဦးဝင်းတင်က တာဝန်ခံပြီး စနေနေ့ မွန်းလွဲပိုင်းတိုင်းတွင် ပြုလုပ်နေကျ စာဖတ်ဝိုင်း။ စာပေပညာရှင် တယောက်ယောက်က သူပြုစုလာသည့် “စာတမ်း” ကို ဖတ်ကြားတင်ပြသည်။ တက်ရောက်လာသူများက မေးမြန်းဆွေးနွေးနှီးနှောကြသည်။


စာပေနှင့် အနုပညာရှင်များ၊ မန်းတက္ကသိုလ်မှ ဆရာဆရာမများ၊ ကျောင်းသားကျောင်းသူများ၊ စာပေလေ့လာလိုက်စားသူများ၊ ၀ါသနာရှင်များအတွက် အလွန်အကျိုးပြုသည့် “ဆုံချက်” တခု ဖြစ်သည်။ ကြာတော့ “စနေစာပေ၀ိုင်း” ဟု တွင်လာသည်။ ကြာသာပတေးနေ့ထုတ် ဟံသာ ၀တီသတင်းစာတွင် သည်တပတ် မည်သူက မည်သည့်စာတမ်းကို ဖတ်မည်ဟူသော သတင်း တိုကလေး ပါလာတတ်သည်။ စိတ်ဝင်စားသူများအားလုံး တက်လိုက်ကြရုံသာ။


ဟံသာဝတီ မပိတ်ခင်ကလေးတင် ဆုံမိကြသည်။ နောက်ဆုံးပိတ်ဟု ပြောရတော့မည့် စနေစာပေ ၀ိုင်းသည်ကား ထူးထူးခြားခြား စည်ကာလွန်းလှသည်။ ပရိသတ် (၁၀၀၀) ကျော်ကျော်ဆံ့သည့် “ဘိုးဝဇီရ” ခန်းမ ပြည့်လျှံနေသဖြင့် ဟံသာဝတီက အရေးပေါ်နေရာထိုင်ခင်း လုပ်ပေးရသည်။ နောက်ကျသူများကတော့ ဟံသာဝတီဝိုင်းထဲက မန်ကျည်းပင်ရိပ်အောက်မှာပဲ ထိုင်ကြရသည်။ အပိုစပီကာများ အရေးပေါ်တင်ဆင်ပေး၍ တော်သေးသည်။


ထိုနေ့က ၀ိုင်းသည် ထိုအရင် ရက်သတ္တနှစ်ပတ်ကျော်ကျော်လောက်ကမှ ကွယ်လွန်သွားရှာသူ စာရေးဆရာကြီး၊ သတင်းစာဆရာကြီးနှင့် လွတ်လပ်ရေးတိုက်ပွဲဝင် နိုင်ငံရေးသမားကြီး ဦးသိန်း ဖေမြင့် (သိန်းဖေမြင့်) အကြောင်း စာတမ်းဖတ်ပွဲဖြစ်သည်။ ဦးသိန်းဖေမြင့်ကို အထူးတလည် ဂုဏ်ပြုချီးမြှင့်သောအားဖြင့် ဟံသာဝတီက ကျင်းပပေးသောပွဲဟု ဆိုရမည်။ ထို့ကြောင့်လည်း ပရိသတ် အထူးစည်ကားခြင်းဖြစ်ပုံရသည်။


ဦးသိန်းဖေမြင့်သည် ကွယ်လွန်ကာနီးနှစ်များတွင် စာရေးခွင့်ပင် ပိတ်ပင်ခံထားရရှာသည်။ မဆလ၏ ပထမအကြိမ် ပြည်သူ့လွှတ်တော်က နိုင်ငံတော်ကောင်စီဥက္ကဋ္ဌ (သမ္မတ) ဦးနေ၀င်းအတွက် ၀တ်လဲတော်ဖိုး ကျပ် (၅၀၀၀) အပါအ၀င် အသုံးစရိတ်များ ခွင့်ပြုထားသည့် ဥပဒေ တရပ်ပြဋ္ဌာန်းသည်။


ထိုအချိန်တွင် သတင်းစာဆရာတဦးအဖြစ် လွှတ်တော်တက်ရောက်လေ့လာခွင့်ရသူ ဦးသိန်းဖေမြင့်က “ပြည်သူလူထုနေထိုင်မှုဘ၀ မြှင့်တင်ပေးဖို့၊ ဆိုရှယ်လစ်တော်လှန်ရေးကြီး ဆင်နွှဲနေချိန်မှာ သမ္မတကြီး ၀တ်လဲတော်ဖိုးက အလွန်အရေးကြီးနေမင့်ရော့သလား” ဟု ဗိုလ်တထောင်သတင်းစာမှာ သူရေးနေကျ ပွင့်ပွင့်လင်းလင်း ပြောပါရစေအခန်းမှနေပြီး ဝေဖန်သည်။ အာဏာရှင်ဦးနေ ၀င်းက အမျက်တော်ရှလေသည်။
ဦးသိန်းဖေမြင့်ရေးသမျှ စာတွေ ပုံနှိပ်ထုတ်ဝေခွင့် ပိတ်ပင်ခံရတော့သည်။ ဆရာဦးသိန်းဖေမြင့် ကွယ်လွန်ချိန်သည် အာဏာရှင် ဦးနေ၀င်းက သူ့အပေါ် အမျက်တော်ရှနေချိန်ဖြစ်သည်။
ထိုနေ့က စနေစာပေ၀ိုင်းကို ဟံသာဝတီ အယ်ဒီတာချုပ် ဦးဝင်းတင်က ကိုယ်တိုင် သဘာပတိအဖြစ် ဆောင်ရွက်သည်။ စာတမ်းကလည်း သုံးစောင်။ ဦးသိန်းဖေမြင့်သည် စာရေးဆရာဖြစ်သည်ဟူသော စာတမ်းကို စာရေးဆရာ ချင်းတွင်း ချစ်ဂျေးက ပြုစုထားပြီး ကနဦးဖတ်ကြားသည်။ ဆရာဦးသိန်းဖေ မြင့်၏ စာရေးဆရာဘ၀၊ ရသစာပေဥာဏ် ထူးခြားပြောင်မြောက်လှသည့် ရေးသားဖွဲ့နွဲ့ဟန်တို့ကို ပြည့်ပြည့်စုံစုံ လေ့လာကာ စုစည်းတင်ပြထားသည်။ ဆရာ၏ နာမည်ကျော်ဝတ္ထုတို၊ ၀တ္ထုရှည်များထံမှ ဒိုင်ယာလော့စ်များကိုပါ အချို့နေရာများ၌ ညှပ်၍ညှပ်၍ အာဂုံနှုတ်တိုက်ရွတ်ပြသွားသေးသည်။


အတော်ရသမြောက်သည့် စာတမ်းတခုပါပေ။ ဒုတိယစာတမ်းသည် “ဦးသိန်းဖေမြင့်သည် သတင်းစာဆရာ ဖြစ်သည်” ဟူသော စာတမ်းဖြစ်သည်။ သဘာပတိဦးဝင်းတင်က ကိုယ်တိုင်ပြုစုထားပြီး ကိုယ်တိုင်ဖတ်ကြားတင်သွင်းသည်။ ဦးသိန်းဖေမြင့်အကြောင်းကို နိုင်ငံကျော်သတင်းစာပညာရှင် ဦးဝင်းတင်က ကျယ်ကျယ်ပြန့်ပြန့်၊ ထဲထဲဝင်ဝင် လေ့လာပြီး လေးလေးနက်နက် ဖွင့်ဆိုထားသည်မှာ အတော်ထူးခြားသည်။ သပိတ်မှောက်ကျောင်းသားခေါင်းဆောင်ဘ၀မှသည် လွတ်လပ်ရေးတိုက်ပွဲဝင် သတင်းစာဆရာ။ ဗိုလ်တထောင်သတင်းစာကို တည်ထောင်ခဲ့သူ ကမ္ဘာကျော်သတင်းစာ ဆရာကြီး ဦးသိန်းဖေမြင့်ကို ဘက်ပေါင်းစုံ၊ ထောင့်ပေါင်းစုံမှနေပြီး လေ့လာဆန်းစစ်ကာ ပြည့်ပြည့်စုံစုံ တင်ပြထားနိုင်ပါပေသည်။
ထို့နောက်တွင် “ဦးသိန်းဖေမြင့်သည် နိုင်ငံရေးသမားဖြစ်သည်” ဟူသော စာတမ်းကို သခင် ကျော်စိန်က ပြုစုထားပြီး ကိုယ်တိုင်ဖတ်ကြားသည်။ ဆရာ၏ လုပ်ဖော်ကိုင်ဘက် သခင်ကျော်စိန်က ဦးသိန်းဖေမြင့်ကို သပိတ်မှောက်ကျောင်းသားခေါင်းဆောင်အဖြစ်လည်းကောင်း၊ လွတ်လပ်ရေး တိုက်ပွဲဝင် ရဲဘော်အဖြစ်လည်းကောင်း၊ ဘရောက်ဒါဝါဒကို သယ်ဆောင်လာသူအဖြစ်လည်းကောင်း၊ ၀န်ကြီးအဖြစ်လည်းကောင်း၊ နိုင်ငံရေးအကျဉ်းသမားအဖြစ်လည်းကောင်း၊ ပါတီခေါင်း ဆောင်အဖြစ်လည်းကောင်း၊ နိုင်ငံရေးသမားအဖြစ်ဖြင့် တိုင်းပြည်နှင့်လူမျိုး ကောင်းစားရေးအတွက် ဘ၀တလျှောက်လုံး ကြိုးပမ်းခဲ့ပုံများကို စေ့စေ့စပ်စပ်တင်ပြထားသည်။


မဆလ ပါတီတည်ထောင်စက ဗိုလ်ချုပ်နေ၀င်းက ဦးသိန်းဖေမြင့်ကို လမ်းစဉ်ပါတီ ဗဟိုကော်မတီ ၀င်တနေရာ ပေးခဲ့ဖူးသည်။ ဦးသိန်းဖေမြင့်က ငြင်းပယ်ခဲ့သည်။ သို့ရာတွင် ဦးသိန်းဖေမြင့်သည် ကွယ်လွန်ကာနီးနှစ်များတွင် မဆလပါတီသို့ ပါတီဝင်အဖြစ် ၀င်ရောက်ခဲ့သည်။ ကွယ်လွန်ကာနီး လပိုင်းမျှအလိုတွင် ပါတီဝင် ဦးသိန်းဖေမြင့်က လမ်းစဉ်ပါတီ၏မူဝါဒများ၊ အကောင်အထည်ဖော် နေမှုများအပေါ် ဝေဖန်အကြံပြုထားသော နိုင်ငံရေးသုံးသပ်ချက် စာတမ်းရှည်ကြီးတစောင်ကိုပြုစုကာ ပါတီဥက္ကဋ္ဌ ဦးနေ၀င်းထံ တင်သွင်းခဲ့သည်။ ပါတီဖွဲ့စည်းပုံဥပဒေအရ ပါတီဝင် တဦးချင်းစီ၏ လုပ်ပိုင်ခွင့်ဆိုင်ရာ ပြဋ္ဌာန်းချက်များနှင့်အညီ တင်သွင်းခြင်းဖြစ်သည်။


ကုန်သွယ်ရေး (၉) တွင် အလုပ်လုပ်နေသော သခင်ကျော်စိန်သည် ထိုနှစ်ဆန်းစက မန္တလေးတိုင်း ကုန်သွယ်ရေး (၉) ဦးစီးမှူးအဖြစ် တာဝန်ထမ်းနေရချိန်ဖြစ်သည်။ ထိုစဉ်က ဦးနေ၀င်း၏ ညာလက်ရုံး အဖြစ် ကျော်ကြားသူ ဗိုလ်မှူးချုပ်တင်ဦး (မျက်မှန်ကြီး) နှင့် မကြေမလည်ဖြစ်ကာ နယ်နှင်ခံရခြင်းဟု ဆိုသည်။ သခင်ကျော်စိန်သည် ရန်ကုန်ကိုဆင်းကာ ဦးသိန်းဖေမြင့်၏ ဈာပနအခမ်းအနားကို တက်ရောက်ခဲ့သည်။ ထိုနေ့က ဈာပနပို့ဆောင်သည့်ကိစ္စအပြီး နေအိမ်ပြန်ရောက်တော့ ဦးသိန်း ဖေမြင့်၏ ဇနီး ဆရာမဒေါ်ခင်ကြည်ကြည်က ဆရာ့စာရေးစားပွဲကို ရှင်းလင်းရင်း အံဆွဲတခုထဲမှ အထက်ပါ နိုင်ငံရေးသုံးသပ်ချက်စာတမ်းကို တွေ့သည်။ သခင်ကျော်စိန်ကို ပေးလိုက်သည်။


စာတမ်းဖတ်ပွဲတွင် သခင်ကျော်စိန်က သူမူလပြုစုထားခဲ့သော စာတမ်းကို ဖတ်ကြားပြီးနောက် တဆက်တည်းတွင် “ဦးသိန်းဖေမြင့်သည် တိုင်းပြည်နှင့် လူမျိုး ကောင်းစားစေချင်သည့် စေတနာ အလွန်ထက်သန်လှသူဖြစ်ပုံ၊ သေခါနီးလများထိ နိုင်ငံရေးလုပ်သွားခဲ့သေးပုံ၊ မသေမီ (၃) လ အလိုတွင်ပင် မဆလပါတီ၏ မူဝါဒများ၊ လုပ်ရပ်များကို သေချာစွာလေ့လာစီစစ် ထောက်ပြဝေဖန် ထားသည့် နိုင်ငံရေး စာတမ်းရှည်ကြီးတစောင်ပြုစုပြီး ပါတီဥက္ကဋ္ဌ ဦးနေ၀င်းထံ တင်သွင်းခဲ့သေးပုံ” တို့ကို ဆက်လက်တင်ပြသည်။ ဆရာဦးသိန်းဖေမြင့် စာတမ်းအကြောင်းကို တင်ပြပြီးနောက်တွင် ယင်းစာတမ်းနိဂုံးပိုင်း၌ ဦးသိန်းဖေမြင့်၏ ကောက်ချက်ချထားပုံကိုလည်း သခင်ကျော်စိန်က မူရင်းအတိုင်း ဖတ်ပြသေးသည်။


ဦးသိန်းဖေမြင့်က မဆလ၏ နိုင်ငံရေးမူဝါဒများ၊ လုပ်ငန်းစဉ်များသည် မြန်မာနိုင်ငံ ကြုံတွေ့နေရသော နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးပြဿနာများ၏ အခြေခံအကြောင်းတရားများကို မှန်ကန်စွာ ချဉ်းကပ်နိုင်ခြင်းမရှိ။ ထို့ကြောင့် ကြုံတွေ့နေရသော ပြဿနာများကို မဖြေရှင်းနိုင်ဘဲ ပြဿနာ အသစ်အသစ်များသာ ထပ်ခါထပ်ခါ တိုးပွားစေသည်။ သည်အတိုင်းဆိုလျှင် လမ်းစဉ်ပါတီသည် မကြာမီနှစ်ပိုင်းအတွင်း ပြဿနာများအကြား နစ်မြုပ်ပျောက်ကွယ်သွားလိမ့်မည် စသည်ဖြင့် ဖော်ပြထားသည်။ စာတမ်းဖတ်ပွဲအပြီးတွင် ကျွန်တော်တို့ ပရိသတ်ကြီးက တကယ့်လှိုက်လှိုက် လှဲလှဲသော ပီတိဝေဖြာစိတ်ဖြင့် တခဲနက် လက်ခုပ်သြဘာ ပေးလိုက်ကြသည်။ စာတမ်းဖတ်သံ များကား နားထဲတွင် ပဲ့တင်ထပ်နေဆဲ။


ဆရာကြီး ဦးသိန်းဖေမြင့်၊ ဆရာဦးဝင်းတင်၊ သခင်ကျော်စိန်တို့၏ တိုင်းပြည်အပေါ်ထားရှိသည့် စေတနာ၊ အမှန်ကို ဖော်ထုတ်ရဲသည့်သတ္တိ၊ တာဝန်ခံရဲသည့် ဗျတ္တိတို့ကို တွေ့ရှု ကြည်ညိုစိတ်ဖြင့် ရင်ထဲမှာ ပြည့်ဖြိုးကာ ရိုကျိုး၍ပင်လာသည်။ ပြန်ကာနီး ဆရာဦးဝင်းတင်ကို သွားရောက်နှုတ် ဆက်တော့ ကျွန်တော်တို့ရင်ထဲမှာ လှုပ်ခတ်လာသည့် သဒ္ဒါစိတ်ကို မြိုသိပ်ရလွန်းသဖြင့် မျက်ရည်ကို အနိုင်နိုင်ထိန်းရင်း “ဆရာရယ်” ဟုသာ စိတ်က ဆိုနိုင်တော့သည်။


“ကဲ… တို့အားလုံး နေ့လည်ခင်းကျတော့ ဟံသာဝတီဝိုင်းတော်သားတွေကို သွားတွေ့ပြီး နှုတ်ဆက် လိုက်ကြတာပေါ့ဗျာ” ဟု တယောက်က ပြောလိုက်တော့မှ အတွေးစနှင့် စကားစဖြတ်နိုင်လေ တော့သည်။
ကျွန်တော်တို့ ဟံသာဝတီတိုက်ကိုရောက်တော့ ကျွန်တော်တို့လိုပဲ လာရောက်နှုတ်ဆက်နေသူများနှင့် တော်တော်စည်ကားနေသည်။ ပြန်ထွက်လာသူများကလည်း တဖွဲဖွဲ၊ ၀င်လာသူများကလည်း မစဲသေး။ ရဟန်းသံဃာတော်များလည်း ပါဝင်သည်။ တက္ကသိုလ်ကျောင်းသားများလည်း ပါဝင်သည်။ (၆၀) ကျော်၊ (၇၀) အရွယ် သက်ကြီးရွယ်အိုများလည်း ပါဝင်သည်။ အလွှာစုံ၊ အရွယ်စုံမှ ပရိသတ်များ စုံလင်လှသည်။ ဘယ်သူမှတော့ မပြုံးနိုင်။ လူအတော်များများ မျက်နှာတွင် ၀မ်းနည်း ကြေကွဲနေဟန် ပေါ်နေသည်။ မျက်ရည်စများနှင့်ချည်းပင်။


ကျွန်တော်တို့အဖွဲ့သည် အပေါ်ထပ်အယ်ဒီတာများထဲတွင် အယ်ဒီတာအဖွဲ့ဝင်များကို အရင်နှုတ် ဆက်ပြီးတော့ ဆရာဦးဝင်းတင်အခန်းထဲ ၀င်လိုက်ကြသည်။ အယ်ဒီတာချုပ်ဟုဆိုသော်လည်း ဦးဝင်းတင်အခန်းသည် လုံးဝ အဆောင်အယောင်မရှိ။ ဟိတ်ဟန်မရှိ။ အတားအဆီးမရှိ။ စာဖတ်ပရိသတ်မည်သူမဆို ဥဒဟို ၀င်ထွက် ဆွေးနွေး မေးမြန်းအကြံပေးနိုင်သည်။ အားမနာ တတ်လျှင် (၁) နာရီ၊ (၂) နာရီပြောနေလည်း ဦးဝင်းတင်က စိတ်ရှည်လက်ရှည် နားထောင်နေ တတ်သည်။ အလွန်သဘောထားပြည့်သူပါပေ။


ထိုနေ့က ကျွန်တော်တို့ ၀င်လိုက်တော့ အရွယ်ရနေသူ (၃) ဦးတို့က ဆရာ့စားပွဲရှေ့မှာ ထိုင်လျှက်။ သံဃာတော် (၃) ပါးက နံဘေးက ဆက်တီ ကုလားထိုင်မှာ သီတင်းသုံးလျှက် ခပ်ငယ်ငယ်အရွယ် (၄-၅) ယောက်က ဆရာ့နံဘေးနားမှာ ရပ်လျှက်၊ သူတို့လည်း လာရောက်နှုတ်ဆက်ကြခြင်းပင်။ သံဃာတော်တပါးက “ဒကာကြီးရယ်၊ ဘုန်းကြီးတို့တော့ မျက်စိပိတ်၊ နားပိတ်ဖြစ်ကုန်ပါပြီဗျာ” ဟု ဆိုကာ “ဦးဝင်းတင်ရယ်၊ ကျွန်တော်တို့တော့ နားတွေမျက်စေ့တွေ ကန်းကုန်ပါပြီဗျာ” ဟု အံကြိတ် ပြောရင်း မျက်ရည်ဖြိုင်ဖြိုင် ကျရှာသည်။


ရပ်ကြည့်နေကြသော လူငယ်များနှင့် ကျွန်တော်တို့လည်း မျက်ရည်မဆည်နိုင်ကြ။ နှမြောတသ သည့်စိတ်ဖြင့် ဆို့နင့်နေကြသည်။ ဆရာကား မတုန်မလှုပ်ဖြင့် ကြည့်နေရှာသည်။ အတော်တော့ မြိုသိပ်ထားရပုံပင်။ ထိုနေ့က တနေ့လုံးနီးပါး ဟံသာဝတီသတင်းစာတိုက်မှာ လာရောက်နှုတ်ဆက်သူ စာဖတ်ပရိသတ်များ၏ ငြီးတွားသံ၊ ငိုရှိုက်သံများဖြင့်သာ ပြည့်လျှံနေခဲ့သည်ဟု သတိရ မိသည်။


ဟံသာဝတီပိတ်လိုက်ပြီးနောက် ရက်ပိုင်းမျှအကြာတွင် စနေ၀ိုင်း၏ ဦးသိန်းဖေမြင့် ဂုဏ်ပြုစာတမ်း ဖတ်မှုဖြင့် ဦးဝင်းတင်ကို မဆလပါတီဌာနချုပ်က ခုံအဖွဲ့ လာရောက်စစ်ဆေးသည်ဟု ကြားရသည်။ ဦးဝင်းတင်က ကိစ္စအားလုံးအတွက် သူ့တွင်သာ တာဝန်ရှိသည်ဟု တာဝန်ယူသည်။ သခင်ကျော်စိန် ကလည်း သူ့စာတမ်းအတွက် သူ့တွင်သာ တာဝန်ရှိသည်ဟု တာဝန်ခံသည်။ ဦးဝင်းတင်ကို အယ်ဒီ တာချုပ်ရာထူးတွင် ဆက်မထားတော့ဘဲ သတင်းနှင့် စာနယ်ဇင်းကော်ပိုရေးရှင်း (ရန်ကုန်) တွင် ညွှန်ကြားရေးမှူးရာထူးသို့ ပြောင်းပစ်သည်။ ဦးဝင်းတင်က နှုတ်ထွက်စာတင်သည်ဟု ကြားရသည်။


ဟံသာဝတီ (မန္တလေး) သတင်းစာပျောက်ကွယ်သွားခဲ့လေသည်မှာ (၂၉) နှစ် ရှိခဲ့လေပြီ။ သို့သော် ကျွန်တော်တို့ ပြည်သူလူထုရင်ထဲမှာတော့ “ဟံသာဝတီ” သည် ယနေ့တိုင်ပင် ရှိနေဆဲ။ ပြည်သူတို့၏ စကားပြန်အဖြစ် ချစ်နေမြဲ။ ဟံသာဝတီနှင့်အတူ နိုင်ငံရေးသမား၊ သတင်းစာဆရာ၊ စာရေး ဆရာများဖြစ်ကြသော ဦးသိန်းဖေမြင့်နှင့် ဦးဝင်းတင်တို့၏ တိုင်းပြည်ချစ်စိတ်နှင့် သတ္တိ ဗျတ္တိကား နောင်လာနောက်သားများအတွက် “စံ” နမူနာကောင်းတခုအဖြစ် သမိုင်းတွင်ရစ်နေတော့မည် သာတည်း။

No comments: