Monday, June 25, 2007

Phyu Phyu Thin on www.irrawaddy.org

မဖြူဖြူသင်း လွတ်မြောက်ရေး အိပ်ခ်ျအိုင်ဗီ ဝေဒနာရှင်များ တောင်းဆို

ကိုစိုး ဧရာဝတီ၊ ဇွန် ၂၅၊ ၂၀၀၇


မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားများလွတ်မြောက်ရေး လှုပ်ရှားသော ကြောင့် ဖမ်းဆီးခံထားရသည့် မဖြူဖြူသင်းလွတ်မြောက်ရေးအတွက် အိပ်ခ်ျအိုင်ဗီ ဝေဒနာရှင်များက စုပေါင်းလက်မှတ်ထိုး၍ အာဏာပိုင်များကို တောင်းဆိုကြကြောင်း သိရသည်။


လွန်ခဲ့သည့် မေလကုန်ပိုင်းက စတင် စုဆောင်းထားသည့် ဝေဒနာရှင် ၁၀၀ ကျော်၏ လက်မှတ်များကို ယနေ့တွင် ပြည်ထဲရေးဝန်ကြီးဌာသို့ ပို့ဆောင် တောင်းဆိုခြင်းဖြစ်သည်ဟု ယင်းလှုပ်ရှားမှုကို ဦးဆောင်ပြုလုပ်သူ ဝေဒနာရှင် ကိုတင်ကို က ဧရာဝတီသို့ပြောသည်။
“မဖြူ အစာငတ်ခံဆန္ဒပြနေတာ ၇ ရက်ရှိသွားပြီလို့သိရပါတယ်၊ ဒါကို ကျနော် တို့ သူ့ကျန်းမာရေးအတွက် အလွန် စိုးရိမ်မိပါတယ်၊ မဖြူကို ခဏဆိုပြီးခေါ် သွားတယ်၊ ပြည်ထဲရေးဝန်ကြီးဌာနက ပါတယ်၊ ပြန်ပို့မယ်လို့ ကတိပေးပြီး အခု သူတို့ကတိအတိုင်းမတည်ဘူး၊ အာဏာပိုင်တွေက ပြည်သူလူထုကို အုပ်ချုပ်တဲ့ နေရာမှာ ဥပဒေမဲ့လွန်းတယ်လို့ မြင်တယ်”ဟု ၎င်းက ပြောသည်။
မြန်မာနိုင်ငံတွင် ကျန်းမာရေးဝန်ကြီးဌာနနှင့် အန်ဂျီအိုအဖွဲ့များရှိသော်လည်း
ဝေဒနာရှင်များအနေနှင့် မဖြူဖြူသင်းထံမှ ဆေးဝါးအပြင် စိတ်ဓာတ်ခွန်အားပါ ရရှိသောကြောင့် ဝေဒနာ တ၀က်ခန့် သက်သာရာရသည့်အတွက် မဖြူဖြူသင်း ကို အမြန်ဆုံးပြန်လွှတ်ပေးရန် လိုအပ်သည်ဟုလည်း အသက် ၃၂ နှစ်ရှိ ကိုတင်ကိုက ပြောသည်။
“အခု ကျနော်တို့ ဝေဒနာရှင်တွေ တကယ်လိုအပ်နေတာက ဆေးဝါးအဆင့်က ၅၀ ရာခိုင်နှုန်း၊ စိတ်ဓာတ်ခွန်အားက ၅၀ ရာခိုင်နှုန်း၊ မဖြူဆီက စိတ်ဓာတ်ခွန်အား ရလိုက်တဲ့အတွက် ကျနော်တို့ ဝေဒနာ တ၀က်လောက် ပျောက်သွားတယ်လို့ ခံစားရတယ်၊ ဒါကြောင့် မဖြူက မရှိမဖြစ်လိုအပ်နေတာအမှန်ပဲ၊ ကျနော်တို့ မဖြူနဲ့ အမြန်တွေ့ချင်တယ်”ဟုလည်း ကိုတင်ကိုက ပြောသည်။
မဖြူဖြူသင်းသည် ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေးအတွက် ၀တ်ပြုဆုတောင်းပွဲ များကို ဦးဆောင်ပြုလုပ်သောကြောင့် ပြီးခဲ့သည့် မေလ ၂၁ ရက်က အာဏာပိုင်များ၏ ဖမ်းဆီးမှုကို ခံခဲ့ရခြင်းဖြစ်သည်။
မေလ ၂၂ ရက်မှ ၂၇ ရက်အထိ အိပ်ခ်ျအိုင်ဗီ ဝေဒနာရှင် ၃၀ ကျော်က မဖြူဖြူသင်း လွတ်မြောက်ရေးအတွက် ရန်ကုန်ရှိ တန်ခိုးကြီးဘုရားများတွင် ၀တ်ပြုဆုတောင်းပွဲများကို ပြုလုပ်ခဲ့ရာ ဇွန်လ ၅ ရက်တွင် ၎င်းတို့အထဲမှ ဝေဒနာရှင် ၁၁ ဦးကို အာဏာပိုင်များက ဆေးဝါးကုသပေးရန်ဟု အကြောင်းပြခေါ်ဆောင်ပြီး ထိန်းသိမ်းခဲ့သည်။
လက်ရှိအခြေအနေတွင် မဖြူဖြူသင်းသည် အစာငတ်ခံ ဆန္ဒပြနေသည်ဟု သိရသော်လည်း မည်သို့မျှ အဆက်အသွယ် လုပ်၍ မရကြောင်း မဖြူဖြူသင်း၏ အစ်မဖြစ်သူ မစံပယ်က ပြောသည်။
“မနေ့က ကျမ ရန်ကင်းက ပြည်ထဲရေးရုံးချုပ်ကို သွားတယ်၊ အထဲက လူကြီးနဲ့တောင် ပေးမတွေ့ဘူး၊ ရှေ့မှာစောင့်တဲ့
ဝန်ထမ်းတွေက သူတို့ဘာမှ မသိပါဘူးတဲ့၊ စုံးစမ်းလို့မရဘူး”ဟု မစပယ်က ပြောသည်။
မဖြူဖြူသင်းကို ဖမ်းဆီးထားသည်ဟု ယူဆရသော ကျိုက္ကဆံကွင်းသို့ သွားရောက်စုံစမ်းသော်လည်း အမျိုးသားညီလာခံ ကိုယ်စားလှယ်များ လာရောက်မည်ဖြစ်သောကြောင့် မည်သူ့ကိုမျှ ၀င်ခွင့်မပြုကြောင်း၊ မည်သည့် လူကြီးကိုမျှလည်း ခေါ်ပေး ပြောပေး၍ မရကြောင်း ဂိတ်အစောင့် ၀န်ထမ်းက ပြောဆိုပြန်လွှတ်လိုက်သည်ဟုလည်း သူမက ပြောပြသည်။
“သူ အစာငတ်ခံဆန္ဒပြတယ်ဆိုတာ ၅ ရက်မြောက်တဲ့ နေ့လောက်အထိ တိတိကျကျ သတင်းရပါတယ်၊ အဲဒီ ၅ ရက်မြောက် တဲ့နေ့မှာပဲ သတင်းထွက်သွားတယ်ဆိုပြီးတော့ စောင့်တဲ့ ရဲမေတွေအကုန်လုံးကို လက်မှတ်ထိုးခိုင်းတယ်၊ စောင့်တဲ့လူတွေ လည်း ပြောင်းလိုက်တယ်၊ သူ့ကို ထားတဲ့နေရာလည်း ပြောင်းလိုက်တယ်၊ အဲဒီ ၅ ရက် မြောက်တဲ့နေ့မှာ သူလဲသွားတယ် လို့လည်း သိရတယ်”ဟု မစံပယ်က ပြောဆိုသည်။
မဖြူဖြူသင်းသည် ဇွန်လ ၁၉ ရက် ဒေါ်အောင်ဆန်းစုကြည်မွေးနေ့က စတင်၍ အစာငတ်ခံ ဆန္ဒပြရာ ယနေ့တွင် ၇ ရက် မြောက်နေ့ဖြစ်ပြီး မည်သည့် သတင်းအဆက်အသွယ်မှ မရသည်မှာ ၂ ရက်ရှိပြီဖြစ်သောကြောင့် မိသားစု အနေနှင့် အလွန်အမင်း စိတ်ပူပန်လျှက်ရှိသည်ဟု မစံပယ်က ပြောပြသည်။
မဖြူဖြူသင်းကဲ့သို့ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးလှုပ်ရှားသောကြောင့် မေလအတွင်းက ဖမ်းဆီးခံထားရသူ များထဲက ၁၀ ဦးကလည်း မဖြူဖြူသင်းအစာငတ်ခံ ဆန္ဒပြသည်ဆိုသည့်အတွက် ၎င်းတို့ကလည်း အစာငတ်ခံ ဆန္ဒပြနေ ကြသည်ဟု မဖြူဖြူသင်းနှင့် လုပ်ဖော်ကိုင်ဖက်ဖြစ်သူ ကိုရာဇာက ပြောသည်။
“ဒီနေ့ဆို ၃ ရက် ရှိပြီ၊ ကျနော်သိရသလောက် ကိုထိန်ဝင်း၊ ကိုအောင်သိန်း၊ ကိုနေစိုးတို့ပါတယ်၊ သူတို့က မဖြူဖြူသင်း အဖမ်းမခံရခင် မေလ ၁၆ ရက်နေ့က အဖမ်းခံရတဲ့ လူတွေ၊ ကိုနေဒွန်း၊ ကိုရဲသိန်းနိုင်တို့ ၂ ယောက်က မေ ၁၅ ရက်မှာ မစုစုနွေးနဲ့ အတူ အဖမ်းခံရတာ၊ သူတို့က ဆက်ပြီး ဆန္ဒပြနေကြတယ်”ဟု ၎င်းက ပြောဆိုသည်။
ယခုကဲ့သို့ အာဏာပိုင်များက မဖြူဖြူသင်းကို အသိအမှတ်မပြုဘဲ ပစ်ထားခြင်း၊ မိသားစုနှင့် တွေ့ခွင့်မပေးခြင်းသည် ပြည်သူလူထုကို အလေးမမူ အသိအမှတ်မပြုခြင်းပင် ဖြစ်သည်ဟုလည်း ကိုရာဇာက ပြောသည်။
မဖြူဖြူသင်း အတွက် လူပျောက်တိုင်မည်

ကိုစိုး ဧရာဝတီ၊ ဇွန် ၂၁၊ ၂၀၀၇
မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေး လှုပ်ရှားသူ မဖြူဖြူသင်းကို အာဏာပိုင်များက ဖမ်းဆီးခေါ်ဆောင်သွားပြီးနောက် မည်သို့မျှ အဆက်အသွယ်လုပ်၍ မရသောကြောင့် လူပျောက်တိုင်ကြားရန် စီစဉ်နေသည်ဟု သိရသည်။



အာဏာပိုင်များက မဖြူဖြူသင်းအား ဖမ်းဆီးခေါ်ဆောင်သွားသည်မှာ ယနေ့ တွင် တလရှိပြီဖြစ်သော်လည်း မဖြူဖြုသင်းကို မည်သည့် ဥပဒေပုဒ်မဖြင့် အရေးယူသည်၊ မည်သည့်နေရာတွင် ထားသည်တို့ကို စုံစမ်းမေးမြန်း၍ မရ သောကြောင့် မဖြူဖြူသင်း၏ လုံခြုံရေးကို စိုးရိမ်ရသည့်အတွက် လူပျောက် တိုင်ကြားပြီး ဥပဒေလမ်းကြောင်းအရ ဆက်လက်ဆောင်ရွက်သွားမည်ဟု မဖြူဖြူသင်းနှင့် လုပ်ဖော်ကိုင်ဖက် တဦးဖြစ်သူ ကိုရာဇာ ကပြောသည်။
“တာဝန်ယူပါတယ်၊ ပြန်ပို့ပေးပါမယ်လို့ ပြောသွားတဲ့ လူတွေကိုယ်တိုင် ခြေရာ ပျောက်နေတယ်၊ အဲဒီတော့ မဖြူဖြူသင်း ဘယ်မှာရှိမှန်းမသိရဘူး၊ သေသလား ရှင်သလားလည်း မသိရဘူး၊ ကျန်းမာရေး ကောင်း မကောင်းလည်း မသိရဘူး၊ ဒါ ပျောက်နေတာ၊ စိုးရိမ်စရာပဲပေါ့” ဟု ကိုရာဇာက ပြောသည်။
မဖြူဖြူသင်းကို ဖမ်းဆီးစဉ်ကပါဝင်ခဲ့သူ ပြည်ထဲရေးဌာနက ဒု ရဲမှူး
ဦးဝင်းမောင်နှင့် အထူးသတင်းတပ်ဖွဲ့ (အက်စ်ဘီ) က ကိုကျော်သူလွင်တို့ကို အကြိမ်ကြိမ် ကြိုးစားဆက်သွယ်ရာ ဆက်သွယ်၍မရကြောင်း၊ မဖြူဖြူသင်း၏ မိသားစုကိုလည်း အာဏာပိုင်များက ယခုအချိန်အထိ ဆက်သွယ် အကြောင်း ကြားခြင်း မရှိကြောင်းလည်း ၎င်းကပြောသည်။
မဖြူဖြူသင်းသည် ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေးအတွက် ၀တ်ပြုဆုတောင်းပွဲ များကို ဦးဆောင်ပြုလုပ်သောကြောင့် ပြီးခဲ့သည့် မေလ ၂၁ ရက်က အာဏာပိုင်များ၏ ဖမ်းဆီးမှုကို ခံခဲ့ရခြင်းဖြစ်သည်။
မေလ ၂၂ ရက်မှ ၂၇ ရက်အထိ အိပ်ခ်ျအိုင်ဗီ ဝေဒနာရှင် ၃၀ ကျော်က မဖြူဖြူသင်း လွတ်မြောက်ရေးအတွက် ရန်ကုန်ရှိ တန်ခိုးကြီး ဘုရားများတွင် ၀တ်ပြုဆုတောင်းပွဲများကို ပြုလုပ်ခဲ့ရာ ဇွန်လ ၅ ရက်တွင် ၎င်းတို့အထဲမှ ဝေဒနာရှင် ၁၁ ဦးကို အာဏာပိုင်များက ဆေးဝါးကုသပေးရန်ဟု အကြောင်းပြ ခေါ်ဆောင်ပြီး ထိန်းသိမ်းခဲ့သည်။
မဖြူဖြူသင်း ဖမ်းဆီးခံရသည်ကို ကြားသိရသောကြောင့် ရေးမြို့က အိပ်ခ်ျအိုင်ဗီ ဝေဒနာရှင် အသက် ၃၂ နှစ်ရှိ မခင်ချိုဦး ကလည်း စိုးရိမ်ပူပန်စိတ်ဖြင့် ရန်ကုန်မြို့သို့ ရောက်ရှိလာခဲ့ရသည်ဟု ပြောသည်။
“ကျမလာတာ ဆေးခန်းပြဖို့မဟုတ်ပါဘူး၊ မဖြူဖြူသင်း အဖမ်းခံရတယ်ဆိုလို့ လာတာပါ၊ မဖြူဖြူသင်းကို အမြန်ဆုံး လွှတ်စေချင်ပါတယ်၊ ဘာဖြစ်လို့လည်းဆိုတော့ သူစောင့်ရှောက်ထားတဲ့ လူနာတွေအတွက် မဖြူဖြူသင်းဟာ သိပ်ကို လိုအပ်နေပါတယ်”ဟု မခင်ချိုဦးက ပြောသည်။
ဝေဘာဂီ ဆေးရုံကြီးတွင် အိပ်ခ်ျအိုင်ဗီနှင့်ပင် သေဆုံးသွားခဲ့ရသည့် ခင်ပွန်းသည်နှင့် သူ့ကို မဖြူဖြူသင်းက အစစ အရာရာ ကူညီစောင့်ရှောက်ပေးနေခြင်း ဖြစ်သည်ဟုလည်း မခင်ချိုဦးက ပြောဆိုသည်။
မဖြူဖြူသင်းသည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ)၏ ကိုယ်ခံအား ကျဆင်းမှုရောဂါ ကာကွယ်တိုက်ဖျက်ရေး လုပ်ငန်းများကို ဦးဆောင် လုပ်ကိုင်နေသူတဦး ဖြစ်သည်။
၂၀၀၂ ခုနှစ်က စတင်၍ မဖြူဖြူသင်း ကူညီစောင့်ရှောက်ခဲ့သည့် ဝေဒနာရှင်ပေါင်း၂၀၀၀ ကျော်ရှိပြီး အေဇက်ဂျီနှင့် ဝေဘာဂီ ဆေးရုံတို့က အေအာဗီ ဆေးမပေးတော့၍ အသက်ဆုံးရှုံးနိုင်သည့် လတ်တလော ဝေဒနာရှင် ၂၈ ဦးကို စောင့်ရှောက်ထား ရကြောင်း၊ ဆက်လက်၍လည်း ဝေဒနာရှင်အသစ်များ ရောက်ရှိလာနေကြောင်း ကိုရာဇာက ပြောသည်။
အာဏာပိုင်များက ယခုကဲ့သို့ မဖြူဖြူသင်းကို ဖမ်းဆီးထားသောကြောင့် ၎င်းအပါအ၀င် ကျန်ရှိနေသူ ၃ ဦးမှာ ဝေဒနာရှင်များ စောင့်ရှောက်ရေးလုပ်ငန်းကို ခက်ခဲစွာ လုပ်ကိုင်နေကြရသည်ဟုလည်း ကိုရာဇာက ဆိုသည်။
“ကျနော်ပြောချင်တာက မဖြူဖြူသင်းကို ဖမ်းထားနေချိန်မှာပဲ လူနာ အသစ်တွေကတော့ ဆက်ရောက်လာနေတယ်၊ မဖြူဖြူသင်း ယုံယုံကြည်ကြည်နဲ့ လုပ်သွားတဲ့အလုပ်ကို ကျနော်တို့ ဆက်လုပ်နေပါတယ်၊ ဒါပေမယ့် ဒီ အာဏာပိုင် အစိုးရက ဘာဥပဒေပုဒ်မကို ချိုးဖောက်လို့ ဖမ်းတယ်ဆိုတာမျိုး မသိရဘဲနဲ့ ဒီလိုမတရားဖမ်းထားတာဟာ တိုင်းပြည်အတွက်လည်း အလွန်ရှက်စရာ ကောင်းပါတယ်”ဟု ၎င်းက ဆက်လက်ပြောဆိုသည်။

ရန်ကုန်နှင့် အခြားမြို့များတွင် ဒေါ်စုလွတ်မြောက်ရေး လှုပ်ရှားမှုများ ဆက်လက်ပြုလုပ်


ကိုသက် ဧရာဝတီ၊ မေ ၂၂၊ ၂၀၀၇
မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေးအတွက် တီရှပ်
ဝတ်ဆင်ရေးလှုပ်ရှားမှုနှင့် ၀တ်ပြုဆုတောင်းပွဲများများကို အာဏာပိုင်တို့က ဖမ်းဆီးနှောင့်ယှက်မှုများ ပြုလုပ်နေသော်လည်း ရန်ကုန်နှင့်အခြားမြို့များတွင် လှုပ်ရှားမှုများ ဆက်လက်ပြုလုပ်လျှက် ရှိသည်။
၎င်းလှုပ်ရှားမှုကိုဦးဆောင်သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) လူငယ်အဖွဲ့မှ မဖြူဖြူသင်းအား အာဏာပိုင် တို့က ယမန်နေ့ညက ဖမ်းဆီးလိုက်သည်။ မဖြူဖြူသင်းသည် အန်အယ်လ်ဒီပါတီ၏ ကိုယ်ခံအားကျဆင်းမှုရောဂါ ကာကွယ် တိုက်ဖျက်ရေး လုပ်ငန်းများကို ဦးဆောင်လုပ်ကိုင်နေသူလည်း ဖြစ်သည်။
ဒေါ်အောင်ဆန်းစုကြည်လွတ်မြောက်ရေးအတွက် တီရှပ်လှုပ်ရှားမှုစတင်


ကိုသက် ဧရာဝတီ၊ မေ ၂၁၊ ၂၀၀၇
မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်မှ လွတ်မြောက်ရေးအတွက် သူမ၏ပုံတူနှင့် “Free Aung San Suu Kyi” စာသားပါသော တီရှပ်အင်္ကျီများ ၀တ်ဆင်သည့်လှုပ်ရှားမှုကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) လူငယ်များက ယနေ့မှစ၍ ဦးဆောင်ပြုလုပ်နေကြောင်း သိရသည်။
၎င်းတီရှပ်လှုပ်ရှားမှုကို ယခုလကုန်အထိ နေ့စဉ်ရက်ဆက် ပြုလုပ်မည်ဖြစ်ပြီး ပြည်သူလူထုများ ပူးပေါင်းပါဝင်လာစေရန် ပန်ကြားစာတစောင်ကိုလည်း ထုတ်ပြန်သည်ဟု အန်အယ်လ်ဒီ လူငယ်အဖွဲ့ဝင် မဖြူဖြူသင်းက ပြောသည်။




No comments: