Monday, December 1, 2008

World Aids Day in NLD HQ

ကမ္ဘာ့ AIDS ရောဂါတိုက်ဖျက်ရေးနေ့ အခမ်းအနား NLD အဖွဲ့ချုပ် ရုံးမှာ ကျင်းပ
RFA 2008-12-01

ဒီကနေ့ ဒီဇင်ဘာ ၁ ရက်နေ့မှာ ကျရောက်တဲ့ ကမ္ဘာ့ AIDS ရောဂါတိုက်ဖျက်ရေးနေ့ အခမ်းအနား တရပ်ကို NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးမှာ ဒီဇင်ဘာ ၁ရက် ဒီကနေ့ ကျင်းပခဲ့ပါတယ်။ အခမ်းအနားမှာ NLD ပါတီဥက္ကဋ္ဌ ဦးအောင်ရွှေက အမှာစကားပြောကြားခဲ့ရာမှာ ရောဂါဝေဒနာနဲ့ပတ်သက်လို့ အခက်အခဲတွေရှိရင် NLD ပါတီကို ဆက်သွယ်ဖို့နဲ့ ဆေးဝါးကိစ္စတွေကို အတတ်နိုင်ဆုံး ကြိုးစားပေးသွားမဲ့အကြောင်း၊ ဒီရောဂါနဲ့ပတ်သက်ပြီး မရှက်မကြောက်ကြဖို့၊ ရောဂါ ကူးစက်ခံထားရပေမဲ့လည်း အသက်ရှည်ရှည်နေနိုင်မှ လူလောကကို ကောင်းကျိုးပြု နိုင်မှာ ဖြစ်တဲ့ အကြောင်း စသဖြင့် ပြောကြားခဲ့ပါတယ်။

NLD ပါတီက ဖွဲ့စည်းထားတဲ့ HIV/ AIDS ရောဂါ ကာကွယ်ရေးနဲ့ စောင့်ရှောက်ရေး ပညာပေးအစီအစဉ်က တာဝန်ခံ တဦးဖြစ်တဲ့ ကိုရာဇာကလည်း ဝေဒနာရှင်တွေကို ကူညီလို့ အဖမ်းခံခဲ့ရတဲ့ ကိစ္စအပါအဝင် သူတို့ ကြုံရတဲ့ အခက်အခဲတွေနဲ့ ပတ်သက်ပြီး တက်ရောက်လာတဲ့ ဝေဒနာသည်တွေနဲ့ အဖွဲ့ချုပ်အဖွဲ့ဝင်တွေကို အခုလို ရှင်းပြခဲ့ပါတယ်။

ကိုရာဇာ။ ။ ' Pamphlet (လက်ကမ်းစာရွက်) ဝေလို့ အဖမ်းခံရတဲ့ ကိစ္စတွေပေါ့နော်၊ နောက် အေ့ဒ်စ် ဒီ အိမ်ငှားတာကို ရပ်ကွက်နဲ့ လှည့်တိုက်ပေးပြီး ခဲတွေနဲ့ ဝိုင်းထု၊ ကျွန်တော်တို့ဆီက လူနာတယောက် သေတယ်ဆိုတဲ့ ကိစ္စတွေ ပြောပြတယ်။ နောက်ပြီးတော့ အစကနေပြီးတော့ ခုချိန်ထိ အခက်အခဲဆုံးအရာကတော့ ARV ဆေးဝါးပေါ့နော်၊ အဲဒီကိစ္စတွေကို ကျွန်တော် ရှင်းပြောပြီးတော့ လူကောင်းဘဝမှာ၊ လူကောင်းဘဝဆိုတာ HIV ရောဂါတော့ စွဲကပ်နေတယ်၊ လူကောင်းဘဝမှာ ကိုယ့်ကိုယ်ကို ကောင်းအောင် ကြိုးစားပေါ့နော်၊ ကိုယ့်ကိုယ်ကို ကောင်းအောင်ကြိုးစား၊ ကိုယ့်ပတ်ဝန်းကျင် ကောင်းအောင် ကြိုးစားဖို့၊ ကိုယ့်တိုင်းပြည်၊ ကိုယ့်လူမျိုးကောင်းအောင် ကြိုးစားဖို့၊ ကျွန်တော် ဒီလောက်ပဲ ပြောတာပါ။ '

ဒီကနေ့အစီအစဉ်မှာ ပညာပေးအစီအစဉ်က တာဝန်ခံတွေဖြစ်တဲ့ ဦးလှမင်းနဲ့ မဖြူဖြူသင်းတို့ကလည်း အမှာစကား အသီးသီး ပြောကြားခဲ့ပါတယ်။ အခမ်းအနားကို HIV/ AIDS ဝေဒနာသည် ၅ဝဝ ဝန်းကျင် တက်ရောက်ခဲ့ရာမှာ တောင်တွင်းကြီး၊ ကျောက်ပန်းတောင်း၊ အောင်လံ၊ မွန်ပြည်နယ်၊ ရန်ကုန်တိုင်းအတွင်းက သာကေတ၊ မြောက်ဥက္ကလာ၊ ခရမ်း၊ တောင်ဒဂုံ၊ စတဲ့ အရပ်ဒေသက ဝေဒနာသည်တွေလည်း ပါဝင် တက်ရောက်ခဲ့ပါတယ်။

အာဏာပိုင်တွေဘက်က စောင့်ကြည့်တာတွေရှိပေမဲ့ အနှောင့်အယှက်ပေးတာတွေတော့ မရှိဘူးလို့ သိရပါတယ်။
အခမ်းအနားတက်ရောက်လာတဲ့ နယ်က ဝေဒနာသည် နှစ်ဦး၊ ဝေဒနာသည်တွေကို စေတနာ့ ဝန်ထမ်းကူညီနေတဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က မဖြူဖြူသင်းကို ဆက်သွယ်မေးမြန်းပြီး RFA မှ ဒေါ်မေပြုံးအောင်က တင်ပြထားပါတယ်။

(အသံနားဆင်ရန်ွှနေရာကို နှိပ်ပါ။)

No comments: