Tuesday, January 13, 2009

phyu phyu thin's TALK SHOW in nld hq

HIV/ AIDS ဆိုင်ရာ ပညာပေး ဆွေးနွေးပွဲ NLD ရုံးချုပ်မှာ ပြုလုပ်
အာအက်ဖ်အေ 2009-01-13

မြန်မာနိုင်ငံက HIV/ AIDS ရောဂါ ကူးစက်ဖြစ်ပွားမှုနဲ့ လက်ရှိအခြေအနေတွေနဲ့ ပတ်သက်တဲ့ လူငယ်ပညာပေး ဆွေးနွေးပွဲတရပ်ကို ဇန်နဝါရီ ၁၃ရက် ဒီကနေ့ နေ့ခင်း ၁ နာရီက ရန်ကုန် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရုံးမှာ ကျင်းပတယ်လို့ သိရပါတယ်။

ဒီဆွေးနွေးပွဲကို NLD က HIV/ AIDS ရောဂါနဲ့ ပတ်သက်ပြီး လူမှုရေးကိစ္စတွေ ကူညီ လုပ်ဆောင်ပေးနေတဲ့ မဖြူဖြူသင်းက ဦးဆောင်ဆွေးနွေးခဲ့တာ ဖြစ်ပြီး ပါတီ အလုပ်အမှုဆောင် အဖွဲ့ဝင်တွေနဲ့ လူငယ် စုစုပေါင်း ၁ဝဝ ကျော် တက်ရောက်တယ်လို့ ပါတီပြောခွင့်ရသူ ဦးဥာဏ်ဝင်းက ပြောပြပါတယ်။

ဦးဉာဏ်ဝင်း။ ။ ' ကျွန်တော်တို့ နေ့ခင်း ၁နာရီမှာ HIV နဲ့ မြန်မာနိုင်ငံဆိုတဲ့ ခေါင်းစဉ်နဲ့ မဖြူဖြူသင်းက ဆွေးနွေးပွဲ ဦးဆောင်ပါတယ်။ ကျွန်တော်တို့ CEC အဖွဲ့ဝင်များနဲ့ ရန်ကုန်တိုင်း လူငယ် အတော်များများ တက်ပါတယ်။ ပရိသတ်အားလုံး ၁ဝဝလောက် ရှိပါလိမ့်မယ်။ အဲဒီတော့ အဓိကအားဖြင့်တော့ မဖြူဖြူသင်းက NLDရဲ့ ကျွန်တော်တို့ HIV ဌာနခွဲကို ဘယ်တုန်းက အစပျိုးပြီးတော့ ဆောင်ရွက်ခဲ့တယ်ဆိုတာကို ပြောပြတယ်။ နောက် လုပ်ငန်းအတွေ့အကြုံတွေ ပြောတယ်။ လုပ်ငန်းအတွေ့အကြုံမှာ အခက်အခဲ မျိုးစုံ ကြုံတွေ့ရတဲ့ အကြောင်းနဲ့ အတားအဆီးတွေ၊ ကျွန်တော်တို့ တာဝန်ရှိတဲ့ ပုဂ္ဂိုလ်တွေ အပေါင်းနဲ့ အဟန့်အတား ပြုတာတွေကို ဆွေးနွေးပါတယ်။ '

ဒီလိုဆွေးနွေးရာမှာ NLD ပါတီက ကူညီရေးလူငယ်တွေအနေနဲ့ အဓိကရင်ဆိုင်ရတဲ့ ပြဿနာတွေကိုလည်း ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။ ပထမတခုက HIV ရောဂါသည် အများစုဟာ နယ်ဒေသတွေက ဖြစ်လို့ ရန်ကုန်မှာ နေပြီး ဆေးဝါးကုသရာမှာ အိမ်ခန်းငှားတာကအစ အခက်အခဲ ဖြစ်ရတဲ့အကြောင်း၊ နောက်တချက်က လူနာတွေ အတွက် ARV ဆေးရရှိရေးမှာ လုံလုံလောက်လောက်ရဖို့ အခက်အခဲဖြစ်ရကြောင်း သိရပါတယ်။

NLD ပါတီရဲ့ HIV/ AIDS ရောဂါကူညီရေး လုပ်ငန်းတွေကို ၂ဝဝ၁ ခုနှစ်မှာ စပြီး လုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။ ဒီကနေ့ ဆွေးနွေးပွဲမှာ ပါတီခေါင်းဆောင်ပိုင်းက စုံစုံညီညီတက်ရောက်တဲ့အတွက် ဒီလူသားချင်းစာနာမှု လုပ်ငန်းမှာ ပါတီအနေနဲ့ ဆက်ပြီး ဘယ်လိုပဲ အခက်အခဲရှိရှိ ထောက်ခံ လုပ်ဆောင်သွားမယ်ဆိုတာ ထင်ရှားတယ်လို့လည်း ဦးဥာဏ်ဝင်းက ပြောပါတယ်။

ဦးဉာဏ်ဝင်း။ ။ ' ဘယ်လိုပဲဖြစ်ဖြစ်၊ ဒီဥစ္စာက လူသားချင်း စာနာမှု လုပ်ငန်း၊ မြန်မာနိုင်ငံရဲ့ အနာဂတ်နဲ့လည်း သက်ဆိုင်တဲ့အတွက် အရေးကြီးတယ်။ ဒီလုပ်ငန်းကိုတော့ ဆက်လက်ပြီး ကြိုးပမ်းဆောင်ရွက်သွားမယ် ဆိုတာကို အဓိကထား ဆွေးနွေးသွားပါတယ်။ ဒီနေ့ မဖြူဖြူသင်းရဲ့ ဆွေးနွေးဟောပြောပွဲကို ကျွန်တော်တို့ အဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်တွေကိုယ်တိုင် တက်ရောက် အားပေးတာကို ကြည့်ခြင်းအားဖြင့် ဘယ်လိုပဲ အခက်အခဲရှိရှိ ဒီဟာကို ဆက်လက် ဆောင်ရွက်တာကို အဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်အဖွဲ့က ထောက်ခံနေတယ်ဆိုတဲ့ လက္ခဏာတော့ တခါတည်း ပေါ်ပါတယ်။ '

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဟာ ပြီးခဲ့တဲ့ လကစပြီး လူငယ်နဲ့ ပတ်သက်တဲ့ ၂ ပတ် တကြိမ် ဆွေးနွေးပွဲတွေ အင်္ဂါနေ့မှာ ပြုလုပ်နေပါတယ်။ ဒီကနေ့မှာ HIV/ AIDS ကို အခြေခံတာဖြစ်ပြီး ပြီးတဲ့ အပတ်တွေကလည်း လွတ်လပ်ရေးနဲ့ လွတ်လပ်မှုဆိုင်ရာ ဆွေးနွေးပွဲတွေကို ပြုလုပ်ခဲ့ပါတယ်။

No comments: